“ရွေးကောက်ပွဲအတွက် နည်းလမ်းမျိုးစုံနဲ့ စည်းရုံးပြီး အသုံးချတဲ့ကာလမှာ လုံခြုံရေးအပိုင်းကလည်း ရေးကြီးပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေပါပဲ ” ဒေါက်တာစန်းရွှေ (ရခိုင်ပြည်နယ် ဥက္ကဌ – USDP)

0
233

USDP ရခိုင်ပြည်နယ် ဥက္ကဌ ဒေါက်တာစန်းရွှေနှင့် တွေ့ဆုံမေးမြန်းခြင်း

၁၇ ဇူလိုင် ၂၀၂၀
မြန်မာနိုင်ငံအတွင်း ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပသွားဖြစ်သည်။ လက်ရှိ စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများမှာ မြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှု၊ ပါတီမဲဆွယ်စည်းရုံးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်နေသည်ကိုလည်း တွေ့ရသည်။

ယင်းသို့ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအတွင်း အင်အားကြီးပါတီတစ်ခုဖြစ်သော USDP ကလည်း ရခိုင်ပြည်နယ်မြို့နယ်တိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။ ၎င်းပါတီ၏ ရွေးကောက်ပွဲ သဘောထား၊ ပြင်ဆင်နေမှု၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများကို ရခိုင်ပြည်နယ် ပါတီဥက္ကဌ ဒေါက်တာစန်းရွှေအား တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ လာမယ့် ရွေးကောက်ပွဲအတွက် ရခိုင်မှာ ဘာတွေ လုပ်ဆောင်နေပြီလဲ။

ဖြေ။ ။ အခြေခံက စမယ်ဆိုလို့ရှိရင် ခရိုင် ရွေးချယ်ရေးအဖွဲ့တွေက မြို့နယ်တွေကို ဆင်းတယ်။ အဲဒီကနေ တကယ့်ပြိုင်နိုင်မယ့် ပုဂ္ဂိုလ်တွေကို ရွေးချယ်တယ်။ ရွေးချယ်တဲ့အခါ တချို့နေရာတွေမှာတော့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေလည်း ရတယ်။ တချို့နေရာတွေမှာတော့ ဆန္ဒမဲနဲ့ ရွေးချယ်တဲ့ လျာထား ကိုယ်စားလှယ်တွေကို ကျွန်တော်တို့ လုပ်ရတာရှိတယ်။ အဲဒီတော့ ရလာတဲ့ စာရင်းဇယားတွေကို ခရိုင်လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ရေး ကော်မတီက ပြည်နယ်ရွေချယ်ရေး ကော်မတီကို တင်ပြပါတယ်။ အဲတော့ ခရိုင်ရွေးချယ်ရေးကော်မတီက တင်ပြတဲ့ဟာကို ခရိုင်နဲ့ ပြည်နယ်ရွေးချယ်ရေး ကော်မတီရော စုပေါင်းပြီးတော့ ဆွေးနွေး တိုင်ပင်ကြတယ်။ အဲတော့ အသင့်တော်ဆုံး လူတွေကို ဆုံးဖြတ်ပေးတယ်။ ဆုံးဖြတ်ပေးတဲ့ အခါမှာလည်း ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးဆိုတဲ့ လျာထား ကိုယ်စားလှယ်လောင်းနဲ့ ပေါ်လာတာကို တွေ့ရှိရတယ်။ အဲဒီကနေ ရတဲ့ result တွေကို ကျွန်တော်တို့ ဗဟိုရွေးချယ်ရေး အဖွဲ့ကိုတင်ပြတယ်။

မေး။ ။ ရခိုင်မှာ ဘယ်မြို့နယ်အား အကောင်းဆုံးဖြစ်ပြီး ဘယ်နေရာတွေကို အဓိကထား ယှဉ်ပြိုင်သွားမှာလဲ။

ဖြေ။ ။ မဲဆန္ဒနယ်အားလုံးမှာ ယှဉ်ပြိုင်မယ်။ ကျွန်တော်တို့ရဲ့အရင် ယှဉ်ပြိုင်ခဲ့တဲ့ ရလဒ်တွေကို ကြည့်တာပေါ့။ (၂၀၁၀) ရွေးကောက်ပွဲရလဒ်၊ (၂၀၁၅) ရွေးကောက်ပွဲရလဒ်တွေကို အခြေနေကြည့်တာပေါ့။ အဲတော့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်မှာ အနိုင်ရပြီးတော့ ရခိုင်ပြည်မှာလည်း အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့တယ်။ ၂၀၁၅မှာကျတော့ အခြေအနေတွေက ဘယ်လိုဖြစ်သွားလဲဆိုင်ရင် ကျွန်တော်တို့ လေးနေရာလောက် နိုင်ပါတယ်။ ဘူးသီးတောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ မောင်တော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ အမ်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ မောင်တော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး အနိုင်ရရှိခဲ့တယ်။ (၂၀၁၅) နဲ့ (၂၀၁၀) နဲ့ နှိုင်းယှဉ်လိုက်လို့ရှိရင် (၂၀၁၅) မှ အနိုင်ရတဲ့ အခြနေဟာ တော်တော်လေး နည်းပါးနေတယ်။

ဘယ်မြို့နယ်ကို အားထားပြီး ယှဉ်ပြိုင်မလဲဆိုရင် ကျွန်တော်တို့က ယခင်အောင်နိုင်ခဲ့တဲ့ မြို့နယ်တွေကိုတော့ အားထားပြီး ယှဉ်ပြိုင်မယ်။

မေး။ ။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးအပိုင်းကို စိုးရိမ်မှုတွေရှိလား။

ဖြေ။ ။ စိုးရိမ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ ရွေးကောက်ပွဲကိုယ်စားလှယ် (သို့မဟုတ်) ရွေးကောက်ခံ ပါတီတွေနဲ့မဆိုင်ဘူးလို့ ယူဆပါတယ်။ အဓိက ကျွန်တော်တို့ လက်ရှိအစိုးရ အဖွဲ့နဲ့ ကော်မရှင်က ပြိုင်မယ့်နေရာတွေမှာ လွှတ်တော်ကိုယ်စားများရဲ့ လုံခြုံရေးကို တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။

မေး။ ။ရခိုင်မှာက စစ်ဘေးဒုက္ခသည် တွေလည်း ရှိနေတော့ မဲဆွယ်စည်းရုံးတဲ့ အခါမှာ အရင်ကနဲ့ မတူတဲ့ ဘယ်လို စိန်ခေါ်မှုတွေ ရှိလာနိုင်လဲ။

ဖြေ။ ။ ပထမကတော့ ကိုဗစ် ၁၉ ကတော့ ရခိုင်ပြည်နယ်မှာ မရှိဘူး။ အခု ရခိုင်မှာ ရောက်လာပြီဆိုတော့ ကိုဗစ် အချိန်မှာ ကျန်းမာရေးဝန်ကြီးရဲ့ လမ်းညွှန်ချက်အရ လူစုလူဝေး ပြုလုပ်လို့မရတဲ့ အခြေအနေရှိပါတယ်။ တချို့နည်းလမ်းတွေကျတော့ ကျွန်တော်တို့က စုဝေးပြီးတော့ စည်းရုံးရတဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကြောင့် ဒီ covid 19 ဟာ ဆက်ရှိနေမယ်ဆိုရင် ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်အရ ကျွန်တော်တို့ အခက်အခဲ ရှိနိုင်ပါတယ်။ နောက် တစ်ခုကတော့ လုံခြုံရေးအပိုင်းပါ။ လုံခြုံရေးမှာ ကိုယ်စားလှယ်တွေက မိမိကို မိမိ စိတ်ချစွာနဲ့ ပြည်သူလူထုကို သွားပြီးတော့ ရွေးကောက်ပွဲအတွက် နည်းလမ်းမျိုးစုံနဲ့ စည်းရုံးပြီး အသုံးချတဲ့ကာလမှာ လုံခြုံရေးအပိုင်းကလည်း ရေးကြီးပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေပါပဲ။

မေး။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမတ်ဖြစ်ခဲ့တဲ့ ပါတီဝင် ကိုယ်စားလှယ်တွေအားလုံး လာမယ့်ရွေးကောက်ပွဲမှာ ထပ်ပြီးပါဝင်မှာလား၊ ဒါမှမဟုတ် အစားထိုးပြောင်းလဲမှုတွေရှိမလား။

ဖြေ။ ။လက်ရှိ ကိုယ်စားလှယ်တွေနေရာမှာ ယခင် ၂၀၁၅ မှာပြိုင်တဲ့ ကိုယ်စားလှယ်တွေကို အစားထိုးတဲ့ နေရာတွေတော့ ရှိပါတယ်။ အဲဒါလည်း ပြည်နယ်ကိုယ်စားလှယ်ရွေးချယ်ရေးအဖွဲ့နဲ့ ညှိနှိုင်းဆဲပါ။

မေး။ ။ရခိုင်ပြည်နယ်မှာ ဘယ်လောက်အတိုင်းတာထိ အနိုင်ရဖို့ ခန့်မှန်းထားလဲ။

ဖြေ။ ။၂၀၁၀ ရွေးကောက်ပွဲထက် ပိုပြီးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ၄ နေရာပဲနိုင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲ ခက်ခဲတဲ့ အခြေအနေတစ်ရပ်မှာ ဒီထက် ပိုနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မေး။ ။ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဘယ်လိုမျှော်လင့်ထားလဲ။ ပြိုင်ဘက်ကရော ဘယ်ပါတီဖြစ်လာမလဲ။

ဖြေ။ ။ ပြိုင်ဘက် ပါတီတွေကတော့ ကျွန်တော်တို့လည်း အခုထက်ထိ သတင်း မရရှိသေးတဲ့ ကာလမှာ ယခင်ကာလကိုပဲ ပြောရမယ်ဆိုရင်တော့ အဓိကပြိုင်ဖက် ပါတီတွေကတော့ ANP နဲ့ NLD ပါပဲ။ ဒါပေမယ့် ရွေးကောက်ပြိုင်ဖို့ မှတ်ပုံတင်တဲ့ ပါတီတိုင်းဟာ ကျွန်တော်တို့ ပြိုင်ဘက်တွေပါပဲ။

‌မေး။ ။တကယ်လို့ ရခိုင် မြောက်ပိုင်း မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲ မကျင်းပခဲ့ဘူးဆိုရင် တောင်ပိုင်းဘက်ကိုရော အားဖြည့်သွားဖို့ရှိလား။ ဘယ်လို အားဖြည့်သွားမယ်လို့ စီစဉ်ထားလဲ။

ဖြေ။ ။ ကျွန်တော်တို့မှာလည်း သတ်မှတ်ထားတဲ့ ခက်ခဲရေးရာတွေ သတ်မှတ်ထားပါတယ်။ ဘယ်နေရာမှာ အားသာနိုင်တယ်။ ဘယ်နေရာမှာ အားနည်းနိုင်တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ ရွေးကောက်ပွဲမလုပ်နိုင် ဆိုလို့ရှိရင် ရွေးကောက်ပွဲ လုပ်နိုင်တဲ့နေရာတွေမှာ ကျွန်တော်တို့ ခွန်အားစိုက်ပြီးဆောင်ရွက်မှာပါ။

မေး။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြည့်စွက်ဘာပြောချင်ပါလဲ။

ဖြေ။ ။ရခိုင်ပြည်နယ်ရဲ့ အခြေနေက NLD အစိုးရလက်ထက်၂၀၁၀ ၊ ၂၀၁၅ မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ပြည်သူလူထုအားလုံး၊ မီဒီယာအားလုံး ရခိုင်ပြည်သူအားလုံး သိရှိကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီထက် သာလွန်ကောင်းမွန်တဲ့ ရခိုင်ပြည်သူတွေရဲ့ ဘဝကို မျှော်လင့်ပါတယ်။
ခိုင်ရိုးလ (DMG) – တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here