“၉ နှစ်အထိ ရောက်လာတဲ့အချိန်မှာ ကျနော်တို့က စစ်ရှောင်ပြည်သူတွေကို သည်းခံပြီးနေပေးပါလို့ ပြောဖို့စကား မရှိတော့ဘူး” Rev.Dr.Hkalam Samson (ဥက္ကဌ၊ KHCC)

0
235

ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ ဥက္ကဌနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၁ ဇူလိုင် ၂၀၂၀

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့မှာ ကချင်စစ်ရှောင်များနေရပ်ပြန်ရေး မဟာဗျူဟာမူဝါဒနှင့်ပတ်သက်ပြီး ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့(KHCC)နှင့် ပြည်ထောင်စု လူကယ်ပြန်ဝန်ကြီးတို့ နေပြည်တော်တွင်တွေ့ဆုံခဲ့ကြသည်။ လက်ရှိနိုင်ငံရေးအခြေအနေတွင် စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်နိုင်ရေးကြိုးစားနေတာနဲ့ပတ်သက်ပြီး KHCC ဥက္ကဌ Rev.Dr.Hkalam Samson နှင့် တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ ပြည်ထောင်စုလူကယ်ပြန်ဝန်ကြီးနဲ့ နေပြန်တော်မှာ သွားရောက်တွေ့ဆုံဖြစ်ခဲ့တဲ့အေကြာင်းကို ပြောပြပါ။

ဖြေ။ ။ ဇူလိုင် ၁၀ ရက်နေ့ နေပြည်တော်မှာ ကျနော်တို့ သွားတွေ့တယ်။ NRPC ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ပြီး ဆွေးနွေးသွားဖို့ ဖြစ်တယ်။ ဒါပေမဲ့ NRPC ကနေ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနဲ့ တွေ့ဆုံရင်လည်းရပြီ။ ဒါက သူတို့ သတ်မှတ်ထားတယ်ဆိုတော့ ကျနော်တို့ သွားတွေ့တယ်။ KIA ၊ JST ရယ် KHCC ရယ်ပေါင်းပြီး ကျနော်တို့ ရေးသားပြုစုထားတဲ့ မူဝါဒကို သွားပေးတာဖြစ်တယ်။ သူတို့နဲ့ ကျနော်တို့ ကွဲလွဲနေတာတွေ နည်းနည်းတော့ရှိတယ်။ ကျနော်တို့ဘက်က မူဝါဒက ဒါဖြစ်တယ်ဆိုပြီး သွားပေးတာဖြစ်တယ်။

မေး။ ။ အခုရေးဆွဲထားတဲ့ မဟာဗျူဟာထဲမှာ ဘာတွေပါလဲ။

ဖြေ။ ။ အများအားဖြင့်တော့ တူတယ်။ UN ကနေ တစ်နိုင်ငံလုံးလုပ်နေတဲ့ Principle တွေပဲ ဖြစ်တယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ NRPC ကိုလည်း UN ကနေ ကူညီပြီး လုပ်ဆောင်တဲ့ နည်းလမ်းကို အသုံးပြုတာ ဖြစ်တယ်။ ကျနော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တတ်သိနားလည်တဲ့ နိုင်ငံရပ်ခြားက ဆရာတွေလည်းပါအောင် လုပ်ထားတယ်။ အနည်းငယ်ကွဲလွဲနေတာကတော့ Structure နဲ့ ဆိုင်တာပေါ့။ တကယ်လို့ အကူအညီရခဲ့ရင် အစိုးရက သူတို့ ပေါ်လစီနဲ့ သူတို့သွားမယ်။ ကျနော်တို့က ကူညီရေးအဖွဲ့ တွေနဲ့ တိုက်ရိုက်လုပ်နေတဲ့ အဖွဲ့အစည်းအနေနဲ့ လုပ်မယ်။ ဒါတွေမှာ ကွဲလွဲချက်တွေရှိနေတယ်။ သူတို့က ကချင်ပြည်နယ်ဆိုပြီးပြောတယ်။ ကျနော်တို့က မဟုတ်ဘူး၊ ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ ကချင်နဲ့လည်းဆိုင်တယ်ဆိုတဲ့အေကြာင်း ဒီလိုတွေမှာ နည်းနည်းကွဲလွဲနေတဲ့ ပေါ်လစီတော့ ရှိတယ်။

မေး။ ။ ပေါ်လစီပိုင်းကို ဘယ်လိုပြန်ပြီး လုပ်ဆောင်သွားဖို့ ရှိလဲ။

ဖြေ။ ။ လုပ်ငန်းဖော်ဆောင်ရေးကော်မတီပြောတာက ဒါကို လက်ခံပြီဆိုပြီး ပြောတာတော့ မရှိခဲ့ဘူး။ ဒါကို သူတို့ အထက်ကို တင်ပြပေးမယ်ဆိုပြီး ပြောတဲ့ အဖြေပဲ ရခဲ့တယ်။

မေး။ ။ NRPC နဲ့ ဆက်ပြီး ဆွေးနွေးသွားဖို့ ရှိလား။ သူတို့ဘက်ကနေ လက်ခံပေးခဲ့ရင်ရော။

ဖြေ။ ။ လက်ခံပေးရင်တော့ ပြသာနာမရှိဘူး။ လက်ခံခဲ့ရင်တော့ ရှေ့ဆက်ပြီး ကျနော်တို့ လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ရှိမယ်။ တစ်ကယ်လို့ လက်မခံခဲ့ဘူးဆိုရင်တော့ ကျနော်တို့ တော်တော်တော့ အချိန်ပြန်ယူရမယ်။ ဒါကို သူတို့တွေဘယ်မှာ ပြန်ပြီးညှိနှိုင်းရမလဲဆိုတော့ Bilateral အပစ်ခက်ရပ်စဲရေး လက်မှတ် ပြန်ထိုးလာတဲ့အချိန် KIA နဲ့ သူတို့ရဲ့ ကြားမှာ အရင်ကတည်းက သဘောတူထားတဲ့ထဲမှာလည်း IDP နေရပ်ပြန်နိုင်ရေးတွေပါတယ်။

မေး။ ။ ရွှေညောင်ပင်ကျေးရွာ စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်ပို့တဲ့အပေါ်မှာ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။

ဖြေ။ ။ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဖို့ လုံလုံခြုံခြုံနဲ့ လက်နက်ကိုင်တဲ့ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲထားနိုင်မှ ဖြစ်မယ်လို့ပြောနေကြတာရှိပေမယ့် ဒီအတောအတွင်း အပစ်အခတ်မရပ်စဲ ပေမယ့် ကိုယ်စိတ်နဲ့ကိုယ် ပြန်နေတဲ့သူတွေလည်း အများကြီးရှိတယ်။ NRPC လုပ်ငန်းဖော်ဆောင်ရေးကော်မတီလည်း သဘောတူလက်ခံပြီး ကျေးရွာ ၁၇ ရွာကို ရွေးချယ်ပြီး လုပ်ဆောင်နေတယ်။ ရွှေညောင်ပင်က အိမ်ခြေ ၁၀ ကျော်အိမ်ပြန်တယ်။ ဟိုမှာက အိမ်ခြေ ၁၀၀ ကျော်ရှိပြီး မပြေးဘဲရှိနေတာ ဖြစ်တယ်။ ဒီမှာက ၈ နှစ် ၉ နှစ်လောက်နေခဲ့တော့ ဟိုဘက်လည်း စုစုစည်းစည်းရှိနေသေးတော့ ပြန်ရင်လည်း ရပြီဆိုပြီး သူတို့လည်း သဘောတူပြီး နေအိမ်တွေကို နိပွန်ဖောင်ဒေးရှင်းရဲ့ ငွေနဲ့ နေရပ်ပြန်ပို့တာဖြစ်တယ်။

မေး။ ။ ကျန်နေသေးတဲ့ အိမ်ခြေတွေကိုတော့ ဘယ်လို လုပ်ဆောင်သွားပေးဖို့ ရှိလဲ။

ဖြေ။ ။ ကျေးရွာ ၁၇ ရွာမှာ ကျနော်တို့ သိပ်စိတ်တိုင်းမကျတဲ့ ကျေးရွာ ၂ ခု ပါတယ်။ နမ်ဆန်ယန် နဲ့ ဒဘတ်ကျေးရွာ ဒီ နှစ်ခုက ကျနော်တို့ နည်းနည်းခက်မယ်လို့ ထင်တယ်။ ကျန်တဲ့ ကျေးရွာတွေက Bilateral အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးလည်း ပြန်နိုင်တယ်။ ဥပမာ- ဒေါ့ဖုန်းယန်၊ ဗန်းမော်ကားလမ်းမ၊ ကျောက်စခန်း၊ မုန်ဒိန်ပါ၊ တာလောကြီး ဒါတွေက Bilateral လက်မှတ်မထိုးလည်း ကျနော်တို့ ပြည်သူတွေ ပြန်လို့ ရမယ့် နေရာဖြစ်တယ်ဆိုတာကို KIA နဲ့လည်း ဆွေးနွေးပြီး အစိုးရနဲ့လည်း ဆွေးနွေးပြီး လုပ်ဆောင်နေတာဖြစ်တယ်။

မေး။ ။ Bilatetral အပစ်ခက်ရပ်စဲရေး လက်မှတ် မထိုးသေးလည်း KHCC အနေနဲ့ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်တာက ဘယ်လိုရှိလဲ။

ဖြေ။ ။ ၉ နှစ်အထိ ရောက်လာတဲ့အချိန်မှာ ကျနော်တို့က စစ်ရှောင်ပြည်သူတွေကို သည်းခံပြီးနေပေးပါလို့ ပြောဖို့စကား မရှိတော့ဘူး။ နှစ်တွေ ဒီလောက်ကြာနေပြီကို နေပါဦး၊ သည်းခံပါဦးဆိုပြီး ပြောတာက တရားတဲ့စကား မဟုတ်တော့ဘူး။ စစ်ပြေးဒုက္ခသည်ကူညီတဲ့ဘတ်ဂျတ်တွေက လျော့သွားပြီတော့ ပြန်လည်ထူထောင်ရေးဘက်ကိုပဲ ဘတ်ဂျတ်ပိုများသွားတာကို တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့က ကြာကြာနေရင် ဥပမာ – စခန်း ပြန်လည်ပြုပြင်ပေးဖို့တောင် ခက်ခဲလာတယ်။ ဒါပေမယ့် ပြန်မယ်ဆိုရင် ပညာရေး ၊ ကျန်းမာရေးတွေ စားဝတ်နေရေးတွေက အဲမှာပါသွားမှာ ဖြစ်တဲ့အတွက် ကူညီမှုတွေလည်း နေရပ်ပြန်မယ့် နောက်ပိုင်းဘက်မှာ ပိုများပြီ။

မေး။ ။ KHCC နဲ့ NRPC လုပ်ငန်းဖော်ဆောင်ရေးကော်မတီတို့ လုပ်ငန်းဆောင်ရွက်တဲ့အပိုင်းမှာ ခက်ခဲမှုတွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ခက်ခဲတယ်ဆိုတာထက် စိုးရိမ်တဲ့အပိုင်းတွေရှိတယ်။ ကျနော်တို့ KHCC က ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့အစည်းဖြစ်တယ်။ NRPC အနေနဲ့က KHCC နဲ့ ပြီးရင်ရပြီ KIA နဲ့ တောင်ဆွေးနွေးစရာမလိုတော့ဘူး၊ တစ်ခြားအဖွဲ့အစည်း အစိုးရတွေနဲ့လည်း ဆွေးနွေးစရာမလိုတော့ဘူးဆိုပြီး သုံးနှုန်းလာတာတွေ့ရတယ်။ ကျနော်တို့ KHCC အဖွဲ့နားလည်ထားတာက ဘာသာရေးခေါင်းဆောင်တွေ ပါဝင်တဲ့အတွက်ကြောင့် ပြန်မယ်မပြန်ဘူးဆိုတာကို သတ်မှတ်ထားတဲ့ ပေါ်လစီနဲ့ ဆုံးဖြတ်ပေးဖို့ပါ။

မေး။ ။ KHCC အနေနဲ့ KIO နဲ့ NRPC တို့ ကြားမှာ ဘယ်လိုမျိုး လုပ်ဆောင်မှုတွေနဲ့ ညှိနှိုင်းလုပ်ဆောင်နေဒါတွေ ရှိလဲ။

ဖြေ။ ။ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ရေး နေရာရွေးချယ်တဲ့အပိုင်းတွေ ပြီးတော့ Principle သူတို့လိုချင်တဲ့ပုံစံ ကျနော်တို့ လိုချင်တဲ့ပုံစံ KIO က ဘယ်လိုလဲဆိုတဲ့ မူဝါဒရေးရာကို ကျနော်တို့ ညှိနှိုင်းပေးတာပဲ ဖြစ်တယ်။

မေး။ ။ KIO နဲ့ NRPC တို့ တွေ့ဆုံသွားဖို့ ရှိလား။

ဖြေ။ ။ တွေ့ဆုံပေးတဲ့အပိုင်းကိုတော့ ကျနော်တို့ လုပ်ဆောင်ပေးဖို့တော့ မရှိဘူး။ တွေ့ဆုံတဲ့အချိန်မှာ ဒီအကြောင်းတွေကို ဆွေးနွေးသွားဖို့အတွက် ပညာပေးဖို့တော့ ရှိတယ်။

မေး။ ။ KHCC အနေနဲ့ စစ်ရှောင်ပြည်သူတွေကို ဘယ်လိုအားပေးစကားပြောချင်ပါသလဲ။

ဖြေ။ ။ တစ် အချက်အနေနဲ့ အရင်က ကိုယ်နေခဲ့တဲ့ကျေးရွာ နေအိမ်မှာပဲနေမယ်၊ ဒါကတော့ ဘာပြသာနာမှ မရှိဘူး။ ကျနော်တို့ ဖြေရှင်းပေးလို့ရတယ်။ နှစ် အချက်အနေနဲ့က မိမိကျေးရွာ ဘေးပတ်ဝန်းကျင်မှာ အိမ်ခြံမြေအသစ်နဲ့ ကျေးရွာတစ်ခုလို ပြန်သွားနေချင်တဲ့သူတွေအတွက် တော့ နည်းနည်းခက်တယ်။ အိမ်ခြံမြေတွေ ရှာရမယ်၊ ဝယ်ရမယ်ဆိုရင်တော့ ကျနော်တို့ အဲလောက် မတတ်နိုင်ဘူး။ သုံး အချက်က ကိုယ့်အားကိုယ်ကိုးပြီး ဘေးပတ်ဝန်းကျင်မှာနေသွားပြီး အရင်ကကျေးရွာကို မပြန်တော့ဘဲ ကိုယ်အိမ်ခြံမြေနဲ့နေသွားကြတဲ့ အဖွဲ့တွေရှိတယ်။ ကျနော်တို့အနေနဲ့က ဘယ်မှာနေနေ စစ်ရှောင်နာမည်နဲ့ ပါဝင်ပြီး ပြန်တဲ့သူတွေကိုတော့ အိမ်ထောင်တစ်ခုလိုဘဲဖြစ်ဖြစ် ကျေးရွာတစ်ခုလိုဖြစ်ဖြစ် ကျနော်တို့ ကူညီပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ပြုစုပျိုးထောင်ပေးဖို့အတွက် တာဝန်ရှိတယ်ဆိုတာကို နားလည်တယ်။

အခုချိန်က တွေဝေနေတဲ့အချိန်ဖြစ်နေတယ်။ ဟုတ်ကော ဟုတ်ပါ့မလားပေါ့။ အားလုံးအတူတူ အပြစ်တင်နေတာတွေမရှိဘဲနဲ့ လိုအပ်ချက်တွေကို အတူတည့်မတ်ပြီး တည်ဆောက်သွားနိုင်ဖို့ ကျနော် KHCC ခေါင်းဆောင်အနေနဲ့ IDP မှာ ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေကို ခွန်အားပေးချင်ပါတယ်။

KNG မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here