၂၇ ဇူလိုင် ၂၀၂၀
ထိရောက်မှုရှိတဲ့ ပြည်သူ့ရေးရာမူဝါဒတွေကို ပြောင်းလဲဖို့အတွက် လှုံ့ဆော်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းချက်ထုတ်ရာမှာ ပါဝင်နိုင်ဖို့ Another Development (AD)ကို ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတစီမံခန့်ခွဲမှုနှင့် အနာဂတ် ဖက်ဒရယ်ဆိုင်ရာ အယူအဆပိုင်းတွေကို AD ရဲ့ ပူးတွဲတည်ထောင်သူလည်းဖြစ် မဟာဗျူဟာအကြံပေးလည်း ဖြစ်တဲ့ ဦးမော်ထွန်းအောင်နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး – လက်ရှိမှာ ကျောက်မျက်ဥပဒေကလည်း ရှိတယ်ပေါ့။ ဒါပေမယ့် ဖားကန့်လိုမျိုးဖြစ်စဉ်တွေမှာဆိုရင် အစိုးရက ဒေသခံတွေ ရေမဆေးတွေအပေါ် အပြစ်ပုံချတဲ့ သဘောတွေ တွေ့ရတယ်။ ဆိုတော့ အစိုးရအနေနဲ့ ဒီကျောက်မျက် ဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လိုအ ခက်အခဲတွေ စိန်ခေါ်မှုတွေ၊ ရှိနေတာလဲဆိုတာ အပြင်လူတစ်ယောက်အနေနဲ့ သုံးသပ်ပေးပါ။
ဖြေ – ဒီကျောက်မျက်မှာ ပါ၀င်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးဘောဂဗေဒအရ နိုင်ငံရေးအရ သြဇာအာဏာ ကြီးမားတဲ့ သူတွေကပဲ ဒီမှာ ပါ၀င်ပတ်သက်နေတယ်။ ဥပမာ – ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ လိုင်စင်ရထားတဲ့ဟာမျိုးတွေ၊ နောက် ဒီအရင် ဦးသန်းရွှေပေါ့နော်၊ ဦးသန်းရွှေ တောင်မှ သူ့ရဲ့ ကုမ္ပဏီရှိတယ် ၊ သူရဲ့ မိသားစု၀င်တွေရဲ့ ကုမ္ပဏီ၀င်တွေရှိတယ်။ ဆိုတော့ ဒီလိုပါ၀င်ပတ်သက်တဲ့ လူတွေကိုကြည့်တဲ့အခါ လက်ရှိအစိုးရအနေနဲ့က ကိုင်တွယ်ရခက်မယ်ဆိုတာကတော့ မေးစရာ မလိုဘူး။ ဒါပေမယ့် ကျနော်တို့ လိုချင်တာက ကိုင်တွယ်ရခက်တယ်ဆိုတာကို လိုချင်တာမဟုတ်ဘူး။ သူတို့ ဘယ်လိုကိုင်တွယ်ဖို့ ကြိုးစားပါတယ်ဆိုတဲ့ သက်သေပြချက်ကို လိုချင်တာ။ ပြဿနာက အနည်းဆုံး ကိုင်တွယ်ရခက်တယ်ဆိုတဲ့ နေရာမှာ ရပ်သွားတာကို လိုချင်တာ မဟုတ်ဘူး။ ဒီနေရာက ကိုင်တွယ်ရခက်သော်လည်း အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ဒီလိုမျိုးတွေ လုပ်ခဲ့ပါတယ်ဆိုတဲ့ သက်သေပြချက်ကို လိုချင်တာ၊ အခု အဲဒီသက်သေပြချက် မရှိဘူး။
မေး – လက်ရှိမှာဆိုရင် ဖက်ဒရယ်ကို သွားဖို့လုပ်နေကြတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံမှာလည်း သယံဇာတနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ ရှိတယ်။ ဆိုတော့ ဖက်ဒရယ်ကို သွားတဲ့အခါမှာ ဒီဖြစ်စဉ်တွေကြောင့် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်သလဲ။
ဖြေ – စိန်ခေါ်မှုဆိုတာထက် ဒါကို Case study အဖြစ်နဲ့ ယူသွားပြီးတော့ သယံဇာတရတဲ့ အကျိုးအမြတ်တွေ ခွဲဝေတဲ့ နေရာမှာ ပိုပြီးတော့ မျှတအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဖားကန့်ဖြစ်စဉ်က Case study ပဲ။ ကျနော်တို့က လူမျိုးစွဲပြီးပြောတာ မဟုတ်ဘဲနဲ့ ဒေသခံတွေအပေါ်မှာ ကျနော်တို့ ပေတံနဲ့ တိုင်းတာရမယ်၊ ဒီဒေသခံတွေ ဘယ်လောက်အကျိုးအမြတ် ရှိမလဲ။ ဖားကန့်ကိုပဲ ပြောတာ မဟုတ်ဘူး။ လက်ပံတောင်း လည်း ပါမယ်။ နောက် မိုးကုတ်တို့၊ မိုင်းရှူးတို့၊ နောက် ဒီလိုသယံဇာတထွက်ရှိရာဒေသတိုင်းမှာ အကျုံး၀င်ပါတယ်။ အဲဒီဟာလေးတွေကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆွေးနွေးနိုင်ရင်တော့ အကောင်းဆုံးပဲ။
နောက်တစ်ခုက ဖက်ဒရယ်လို့ပြောရင် ပြည်နယ်တွေကပဲ အကုန်လုံးယူရမလား၊ ပြည်နယ်တွေပဲ အကျိုးရှိမယ်ဆိုတာ တကယ်တော့ မဟုတ်ဘူး။ ဒါက မှားနေတယ်။ ပြည်နယ်တွေက သယံဇာတရှိတာ မှန်ပေမယ့် ပြည်မမှာလည်း ဥပမာ – ရန်ကုန်လိုမျိုးက တကယ်တမ်းကျတော့ အချမ်းသာဆုံးပဲလေ။ အချမ်းသာဆုံး ပြည်နယ်နဲ့ တိုင်းတစ်ခုက သူ့ရဲ့ရင်းမြစ်တွေကို ကိုယ်ပိုင်စီမံခန့်ခွဲရမယ်ဆိုရင် ပိုချမ်း သာဖို့ ရှိမှာပေါ့။ ဆိုလိုတဲ့သဘောက ဖက်ဒရယ်ဆိုတဲ့သဘောက ပြည်နယ်ကို ဦးစားပေးတဲ့ဟာ မဟုတ်ဘူး။ ပြည်နယ်ရော တိုင်းရောကို မိမိရဲ့ရှိတဲ့ရင်းမြစ်တွေကို မိမိလက်ထဲမှာ စီမံခန့်ခွဲ ရမယ်။ ပြီးသွားရင် ကျန်တဲ့ ပြည်ထောင်စု၀င်တွေနဲ့ ဒီဟာကို တရားမျှတစွာ ခွဲဝေသုံးစွဲနိုင်တဲ့ စနစ်ကို ပြောတာ၊ ဒါလေးကို ကျနော်အနေနဲ့ အဓိကထား ပြောချင်ပါတယ်။
မေး – ဖက်ဒရယ်စနစ်မှာ သယံဇာတ ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေရဲ့ပုံစံက ဘယ်လိုရှိသလဲ။
ဖြေ – တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘူး။ တစ်ချို့ဆိုရင် Decentralization တအားလုပ်ထားတဲ့နိုင်ငံတွေ ရှိတယ်။ တစ်ချို့တွေဆိုရင် ဖက်ဒရယ်မရှိဘူး။ ဒါပေမယ့် ဗဟိုကနေ ချုပ်ကိုင်ပြီးတော့ အားလုံး အဆင်ပြေတယ်။ ဥပမာ – လူဦးရေနည်းတဲ့ နိုင်ငံတွေ၊ ကွဲပြားမှုနည်းတဲ့ နိုင်ငံတွေပေါ့။ နော်ဝေနိုင်ငံဆိုရင် ဖက်ဒရယ် မဟုတ်ဘူး။ ဒါပေမယ့် သူ့ရဲ့ သယံဇာတအုပ်ချုပ်မှုက အရမ်းကောင်းတယ်။ ဗဟိုကပဲ အကုန်လုံးလုပ်တယ်။ ကနေဒါနိုင်ငံကျတော့ ပြည်နယ်အစိုးရလိုမျိုးကို သူတို့က သယံဇာတနဲ့ပတ်သက်ပြီးတော့ စီမံခန့်ခွဲမှု အပိုင်းမှာ အကုန်လုံး ပေးထားလိုက်တာမျိုး တွေရှိတယ်။ အောင်မြင်နေတာပဲ။ ဒါပေမယ့် တစ်ချို့ဖက်ဒရယ် နိုင်ငံတွေကျတော့ ဒီသယံဇာတနဲ့ ပတ်သက်ပြီး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရနဲ့ တစ်ဝက်စီပေါ့။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘူး၊ ကျနော်တို့ မြန်မာနိုင်ငံလုပ်မယ်ဆိုရင်လည်း ညှိနှိုင်းဆွေးနွေးမှုအပေါ်မှာ အခြေခံပြီးတော့ ဖြစ်လာမှာပဲ။ သူများနိုင်ငံတွေနဲ့ လုံး၀တစ်ထစ်ချ တူမယ်လို့တော့ ကျနော်မထင်ဘူး။
မေး – ဖက်ဒရယ်ကို သွားမယ်ဆိုရင် သယံဇာတခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ ဘာများဖြည့် စွတ် ပြောချင်သလဲ။
ဖြေ – ဖက်ဒရယ်ကို သွားမယ်ဆိုရင်တော့ သယံဇာတလို့ ပြောတာထက် ခုနပြောသလို Resource ပေါ့၊ Resource ထဲမှာ ဘာတွေပါသလဲဆိုရင် Human Resourceတွေလည်း ပါတယ်။ ဘဏ္ဍာရေး ရင်းမြစ်တွေလည်း ပါတယ်။ အခုကြည့်လိုက်ရင်တော့ ကချင်တို့ ရှမ်းတို့ စစ်ကိုင်းတို့က သယံဇာတနဲ့ ကြွယ်၀တဲ့နေရာတွေလို့ ယူဆပေမယ့် ရေရှည်မှာတော့ လူ့စွမ်းအားအရင်းအမြစ်နဲ့ ဘဏ္ဍာရေးအရင်းအမြစ်ရှိတဲ့ တိုင်းနဲ့ပြည် နယ်တွေက ပိုပြီးတော့တောင် တိုးတက်နိုင်တယ်။ အဲတော့ ဖက်ဒရယ်ဖြစ်လို့ ရင်းမြစ်တွေကို မိမိဖာသာ မိမိ စီမံခန့်ခွဲမှုရမယ်ဆိုရင် သူတို့ထင်နေသလိုမျိုး ပြည်နယ်တွေကပဲ ချမ်းသာသွားမယ်ဆိုတာ မှားတယ်။ တကယ်တမ်း ရေရှည်မှာ ဖက်ဒရယ်လုပ်ရင် အကျိုးအမြတ်အများဆုံးရနိုင်တာက တိုင်းတွေ။ ဆိုတော့ တိုင်းဒေသမှာ နေတဲ့သူတွေက သူတို့ နစ်နာမယ်လို့ တွေးတာ တကယ်တော့မဟုတ်ဘူး။ တိုင်းဒေသက လူတွေက ပိုပြီးတော့ မိမိရင်းမြစ်ကို မိမိစီမံခန့်ခွဲရင် ပိုပြီးတော့တောင် တိုးတက်နိုင်တယ်။ ပြည်နယ်တွေကတော့ ဒီရေတိုမှာ မိမိဖာသာ မိမိ သယံဇာတစီမံခန့်ခွဲမှု ရှိခြင်းအားဖြင့် ဖွံ့ဖြိုးရေး နောက်ကျခဲ့တာတွေကို ပိုပြီး ဖြည့်ဆည်းပေးနိုင်မယ။ ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် Win Win အခြေအနေလို့ မြင်တယ်။
မေး – အခုနက ဆရာပြောသွားတဲ့အထဲမှာ ဖက်ဒရယ်နဲ့ပတ်သက်ပြီး အတွေးအခေါ် အမှားတွေကို ထည့်ပေးလိုက်တာ ရှိတယ်ဆိုတဲ့ စကားလေးကို ထည့်သုံးသွားတာ တွေ့ရတယ်။ အဲဒါက ဘာကို ဆိုလိုချင် တာလဲ။
ဖြေ – ဥပမာ သမိုင်းမှာ သင်လာခဲ့တာတွေလည်း ဖြစ်မှာပေါ့။ ဖက်ဒရယ်ဆိုရင် သမိုင်းမှာ အမြဲတမ်း အနှုတ်လက္ခဏာနဲ့သင်တဲ့အခါ ပြည်မမှာ ရှိတဲ့သူ တော်တော်များများက ကြောက်တယ်။ တိုင်းပြည်ကြီးကတော့ ပျက်ဆီးတော့မှာပဲပေါ့။ ပြိုကွဲတော့မှာပဲပေါ့။ ပြီးရင် ဥပမာ ကချင်လိုမျိုးကို ကြည့်ပြီးတော့ သယံဇာတကြွယ်၀တဲ့အတွက်ကြောင့် ကချင်တစ်ခုပဲ တိုးတက်တော့မှာလား စသဖြင့်။ တကယ်တမ်းက ဖက်ဒရယ်ဖြစ်လာတဲ့အခါ တကယ်အကျိုးရှိမှာက ရန်ကုန်တို့ နေပြည်တော်တို့ မန္တလေးတို့ သူတို့က အရမ်းတိုးတက်မှု မြန်လာလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့က Resourceကို သူတို့ကိုယ်တိုင် စီမံခန့်ခွဲမှုရှိတယ်လေ။ သယံဇာတဆိုတာ ထုတ်ရင် ကုန်သွားမှာပဲ။
မေး – ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပာယ်ကို စာဖတ်ပရိတ်သတ်တွေ နားလည်အောင် ဆရာအနေနဲ့ ရှင်းပါလား။
ဖြေ – ဖက်ဒရယ်ဆိုတာက တစ်ဦးနှင့်တစ်ဦး အနိုင်မကျင့်ဘူးပေါ့။ ဥပမာ ငွေရှိတဲ့သူက ငွေမရှိတဲ့လူကို အနိုင်ကျင့်လို့ မရဘူး။ လွတ်လပ်ရေးရတဲ့အခါ နိုင်ငံတော်သီချင်းမှာ ရှိတယ်လေ။ ခွင့်တူညီမျှ၊ တရားမျှတ ဆိုတာ ဒါပဲ။ ဖက်ဒရယ်ဆိုတာက တရားမျှတခြင်းကို ပြောတာ။ တစ်ယောက်နဲ့တစ်ယောက် အနိုင်မကျင့် ဘူး။ ဘယ်အပေါ်မှာ အနိုင်မကျင့်ဘူးဆိုလဲဆိုတော့ လူနည်းစု၊ လူများစုဖြစ်တဲ့အပေါ်မှာ အနိုင်မကျင့်ဘူး။ ပိုက်ဆံရှိ၊ ပိုက်ဆံမရှိတဲ့အပေါ်မှာ အနိုင်မကျင့်ဘူး။ သယံဇာတရှိခြင်း၊ မရှိခြင်းအပေါ်မှာ အနိုင်မကျင့်ဘူး။ ဒါက ကျနော် နားလည်သလို ပြောပြတာ။
NMG – ပေးပို့သည်။