အစိုးရနှင့် KIO အပစ်ရပ် သဘောတူ လက်မှတ် ပြန်ထိုးနိုင် မလား

0
269
ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ KIO ဥက္ကဌ

အစိုးရ ငြိမ်းချမ်းရေးကော်မရှင် နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန် ၂၀ ရက်နေ့က တွေ့ဆုံပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ တစ်ခု ဖြစ်ခဲ့တယ်လို့ ထိုင်းရောက် ကချင်အသိုင်းအဝိုင်းတွေက ပြောပါတယ်။

အစိုးရဘက် NRPC မှ စစ်တပ်ကိုယ်စားလှယ်အဖြစ် ပါဝင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး ဦးဆောင်ပြီး KIO ဘက်ကိုတော့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကိုယ်တိုင် ပါဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အထူးသဖြင့် တိုက်ပွဲ အရှိန်လျှော့ကျရေးအချက် ကို ဆွေးနွေးခဲ့ပြီး နောက်ထပ်တွေ့ဆုံဖို့ အချက်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

KIO နဲ့ အစိုးရတို့ ၂ ဖွဲ့ကြား အခုလို သီးသန့်တွေ့ဆုံလာမှုတွေအပေါ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာ က အခုလိုပြောပါတယ်။

“အစိုးရဘက်က အစီစဉ်တကျ လုပ်လာတယ်လို့မြင်တယ်။ ၂၁ ပင်လုံအပြီးမှာပဲ NCA မထိုးသေးတဲ့အဖွဲ့တွေကို တွေ့ဆုံသွားဖို့ ငြိမ်းချမ်းရေးခေါ်ဆောင်သွားဖို့ နည်းလမ်းတစ်ခု ကြိုးစားနေတယ်လို့မြင်ပါတယ်။”

ဇူလိုင် ၁၁ မှ ၁၆ ရက်နေ့အထိ ပြုလုပ်တဲ့ တတိယအကြိမ် ၂၁ ပင်လုံညီလာခံမှာ KIO ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ဂွန်မော် တက်ရောက်ခဲ့ပြီး ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကတော့ ချင်းမိုင်းမှာ စောင့်နေခဲ့တာ ဖြစ်ပါတယ်။

အစိုးရနဲ့ KIO တွေ့ဆုံမှုပေါ် ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူဝါဘောမ်ဝမ် လရော် က အခုလို ပြန်လည် အကြံပြုထားပါတယ်။

“အပစ်ရပ်ဖို့ ဘယ်နည်းပဲ ဆွေးနွေးနေပါစေ သဘောတူ လက်မှတ်မထိုးခင် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ၂ ဖက် ကတိ လိုပါတယ်။” လို့ ပြောခဲ့ပါတယ်။

တပ်မတော် နဲ့ KIO တို့ အခုနှစ် ဖေဖော်ဝါရီ လဆန်း တရုတ်နိုင်ငံ Dali မြို့မှာ တွေ့ဆုံစဉ် တပ်မတော်က ဖက်ဒရယ်ကို လက်မခံကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်းနိုင်ငံ ကချင်လူထုဟောပြောပွဲ တစ်ခုမှာ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောဆိုခဲ့ပါတယ်။

တစ်ဆက်တည်း ဆွေးနွေးပွဲအပြီး ဧပြီလဆန်းတွင် KIA တပ်ရင်း ၁၄၊ ၁၁ နဲ့ ၄ စခန်းတွေကို တပ်မတော်က လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ကြီး ဆင်နွဲခဲ့ပြီး တပ်စခန်း တချို့ကို သိမ်းပိုက်ခဲ့သည်ကို တွေ့ရပါတယ်။

သို့သော်လည်း အစိုးရနဲ့ KIO ကြား ငြိမ်းချမ်းရေး ရရှိရန်မှာ မကြာခဏ တွေ့ဆုံဆွေးနွေးခြင်းနဲ့ တပ်မတော် ထိုးစစ် ရပ်တန့်ရေးတို့ သာ အရေးကြီးတယ်လို့ ဒေါက်တာ တူးဂျာက သုံးသပ်ပြောဆိုပါတယ်။

“အစိုးရဘက်က တိုက်ပွဲရပ်တန့်ရပါမယ်။ ပြီးရင် ဆွေးနွေးပွဲတွေကိုလည်း အစိုးရနဲ့ KIO ကြား ခဏခဏ လုပ်နေရပါမယ်။ ဒါဆိုရင် အပစ်ရပ်လက်မှတ်ထိုးလာနိုင်တော့မှာပါ။”

LEAVE A REPLY

Please enter your comment!
Please enter your name here