28 March 2024 /

See today's Peace Related News

“ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ သွားဖို့ကို အမြဲတမ်းလည်း လမ်းဖွင့်ထားပေးတယ်။ ဒါပေမဲ့ ပြန်ကြည့်ရင် နှစ်ဖက်စလုံးက သဘောတူညီချက် လက်မှတ်ထိုးထားတာတွေကို အကောင်အထည် မဖော်နိုင်ကြဘူး” နော်ဝါးခူရှီး (KPSN)

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)ပြောရေးဆိုခွင့်ရှိသူနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၉ ဇူလိုင် ၂၀၂၀

တစ်နိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အခြေတည်ပြီး ဆောင်ရွက်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်လောက်အလုပ်ဖြစ်တယ်လို့ သုံးသပ်နေကြသလဲ၊ တိုက်ပွဲတွေရပ်စဲဖို့အတွက် စာရွက်ပေါ်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အမှန်တကယ်ရော တိုက်ပွဲတွေရပ်စဲခဲ့သလား စတဲ့မေးခွန်းတွေကို ယခုအင်တာဗျူးမှတ် ဖတ်ရှုရမှာပါ။ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)ရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ၂၁ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို အစိုးရ သက်တမ်းမကုန်ခင် ဘာကြောင့် အစောတလျင်လုပ်ရတယ်လို့ သုံးသပ်မိလဲ။

ဖြေ – ကျမတို့ မြင်မိတာက သူတို့(အစိုးရ) အခုလို အလောတကြီးပုံစံ လုပ်ဆောင်ရတာက သူတို့ သက်တမ်း မကုန်ခင် ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်က ဆက်သွားနေသေးတယ်ဆိုတာကို ပြသချင် တာလို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ ရယ်စရာကောင်းတာတစ်ခုက ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ တချိန်းထဲမှာပဲ ရခိုင်ပြည်နယ်တို့ ချင်းပြည်နယ်တို့က တိုက်ပွဲတွေ လက်နက်ကြီးနဲ့ပစ်တာ၊ ရွာတွေကို မီးရှို့တာ လေယာဉ် တွေ သုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာ၊ ဒေသခံတွေ ထိခိုက်သေဆုံးနေတာ ထွက်ပြေးတိမ်းရှောင်နေကြရတာက ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့က ဘယ်လိုမှ မအပ်စပ်တာကို သွားတွေ့ရတယ်။

နောက်တစ်ခုက ငွေကြေးကုန်ကျမှုဖြစ်စေ အချိန်တွေ အရင်းအမြစ်တွေ ကုန်ကျမှုတွေကို တကယ်အကျိုးရှိမယ့် နေရာတွေမှာ အသုံးချသင့်တာပေါ့။ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့ မှုတွေကို တကယ်လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသင့်တာပေါ့။ အရင်က လုပ်တဲ့ UPC တိုင်းကိုပြန်ကြည့် မယ်ဆိုရင် တွေ့ဆုံကြတယ်၊ ဒါပေမဲ့ ဘာရလဒ်မှလည်း သေသေချာချာ မပေါ်ထွက်လာဘူး။ ပြောချင်တာက တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေပေမယ့်လည်း ပစ်ခတ်တိုက်ခိုက်မှုတွေက ဆက်ရှိနေသေးတဲ့ အပေါ်မှာ မှန်ကန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလမ်းစဉ်မဟုတ်ဘူး။

မေး – KNU အနေနဲ့ကလည်း ဒီညီလာခံကို တက်ရောက်ဖို့ကို ပြင်ဆင်ဆုံးဖြတ်ထားတာ တွေ့ရတယ်။ ဒီညီလာခံ ကနေ ဘယ်လောက် မျှော်လင့်နိုင်မယ်လို့ ထင်မြင်မိသလဲ။

ဖြေ – KNU အနေနဲ့က နိုင်ငံရေး ပြဿနာနဲ့ ပဋိပက္ခတွေကို စာပွဲဝိုင်းကနေပဲ ဖြေရှင်းသွားဖို့ မူဝါဒ ရှိနေတာ။ သွေးထွက် သံယိုနည်းနဲ့ မဖြေရှင်းချင်ဘူး။ ဒီငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ သွားဖို့ကို အမြဲတမ်းလည်း လမ်းဖွင့်ထားပေးတယ်။ ဒါပေမဲ့ ပြန်ကြည့်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးက သဘောတူညီချက် လက်မှတ်ထိုး ထားတာတွေကို အကောင်အထည်မဖော်နိုင်ကြဘူး ဖြစ်နေတာ။ တစ်ပြည်လုံး အပစ်ရပ် လက်မှတ်ကို တောင် ထိုးနိုင်ခဲ့ပေမယ့် ဒါကို ဘာတစ်ခုမှ အကောင်းအထည်ဖော်နိုင်တာမျိုးမရှိဘူး။ ဆိုတော့ ဆက်သွားဖို့ကို သူတို့က လက်ခံ သဘောတူတဲ့အပေါ်မှာ တဖက်က သူတို့ ကစားချင်တဲ့ နိုင်ငံရေး အပြောင်းအရွေ့ကို ကစားခွင့် ပေးသလိုဖြစ်နေတာ။ နိုင်ငံတကာရဲ့ မျက်နှာစာမှာ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးက ဆက်သွားနေတယ်ပေါ့။ တကယ်က ပစ်ခတ်တိုက်ခိုက်နေတာတွေက ဆက်ရှိနေတုန်းပဲ။ ဒါကို ဘာမှ မပြောင်းလဲနိုင်သေး ဘူး။

မေး- လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လို သုံးသပ်မိလဲ။

ဖြေ – အဓိကအားဖြင့် ဒီမြေယာကဏ္ဍတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံရေးဆွဲမှုအပေါ်မှာ ရှိနေတဲ့အတွက် ပဋိပက္ခကို ဆက်ဖြစ်စေပြီးတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာကလည်း ကျမတို့ကို ဒီ ၂၀၀၈ ဖွဲ့အစည်းပုံအောက်မှာ ရောက်ဖို့ သွပ်သွင်းနေတာပါပဲ။ ဒါပေမဲ့ ပါဝင် ပတ်သက်သူတွေက ဒါကို ဖွဲ့စည်းပုံရဲ့ အပြင်ဘက်ကနေ ပြင်သွားဖို့ စဉ်းစားကြတာပေါ့။ ဆိုတော့ ခြေ/ဥကို ပြင်ဆင်ဖို့က လက်ရှိ NLD အစိုးရ တောင်မှ ခြေ/ဥ အောက်ထဲ ဝင်သွားပြီး ကြိုးစားပြင်ဖို့လုပ်ရင်းနဲ့ သူတို့ ကိုယ်တိုင် ဖွဲ့စည်းပုံရဲ့ ပြင်ဆင်တာကို ပြန်ခံနေရတာကို ကြည့်ခြင်းအားဖြင့် ကျမတို့ သုံးသပ်မိတာ အပြင်ဘက်က သွားဖို့ ကြိုးစားနေပေမဲ့လည်း ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က လမ်းဆုံးနေပြီ။ ဆိုတော့ ကျမတို့အနေနဲ့ လမ်းဆုံးနေပြီလို့ မြင်မိတဲ့အပေါ်မှာ တခြားနည်းလမ်းနဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အတူတကွ သွားဖို့ကို အရင်က တောင်း ဆိုခဲ့တယ်။ တခြားနည်းလမ်းလို့ ပြောတာက လက်နက်ကိုင်ပြီး ပြန်တိုက်ခိုက်တာမျိုးကို ပြောချင်တာ စစ်ပွဲလိုလားတာမျိုး ပြောချင်တာ မဟုတ်ပါဘူး။

မေး- ဒီ NCA လမ်းစဉ်ကို တချို့ ဖွဲ့စည်းပုံအပေါ်ကနေ သွားတာမျိုးမြင်သလို တချို့ကလည်း ဖွဲ့စည်းပုံ အောက်ကနေပဲ သွားတယ်လို့မြင်ကြတာပေါ့။ ဒီအပေါ်မှာကော KPSN အနေနဲ့က ဘယ်လိုမြင်လဲ။

ဖြေ – ကျမတို့ကမြင်တာက ခုနက ပြောသလိုပါပဲ ဖွဲ့စည်းပုံရဲ့ အောက်မှာပဲ သွားတာပဲ။ စစ်တပ်က ပြောထားတာ ရှင်းရှင်းလေး နိုင်ငံရေး လုပ်ချင်ရင် နိုင်ငံရေး ပါတီထောင်ဖို့ပြောသလို စီးပွားရေး လုပ်ချင်ရင် ကုမ္ပဏီထောင် ဖို့ ပြောထားတယ်။ နောက်ပြီး လက်နက်ကိုင်အနေနဲ့ ဆက်ရပ်တည်ချင်တယ်ဆိုရင်လည်း သူတို့ (စစ်တပ်) အောက်ကိုပြန်ဝင်လာဖို့ ပြောထားတာရှိနေတာပဲ။ ဆိုတော့ ဒီအပေါ်မှာကြည့်ရင် မြင်သာပါတယ်။

မေး- တဖက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာရှိသလို တဖက်မှာလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်သွား နေတာမျိုးဆိုတော့ အလုပ်ဖြစ်ပါ့မလား။ ဘယ်လို သုံးသပ်မိလဲ။

ဖြေ – တစ်ပြည်လုံး အပစ်ရပ်တဲ့ NCAလို့ ပြောပေမဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ အပစ်ရပ်တာမျိုးမဟုတ်တဲ့ အတွက် ဒါက အမည်ခံ သက်သက် ပါပဲ။ တိုက်ပွဲက ဆက်ဖြစ်နေသေးတဲ့အပေါ်မှာ ဒါကို NCAလို့ ပြောလို့မရဘူး။ တကယ်လို့ အစိုးရ ဖြစ်စေ စစ်တပ်ဖြစ်စေ တိုင်းရင်းသားတွေရဲ့ တန်းတူညီတူအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေကို တကယ်ပေးချင်တဲ့ စိတ်ဆန္ဒ ရှိတယ်ဆိုရင် ဒီလို ပစ်ခတ်တိုက်ခိုက်တာတွေကို ဟိုအရင်စကတည်းက ရပ်တန့် ခဲ့သင့်တာပေါ့။

မေး- အပစ်ရပ် NCA လက်မှတ်ရေးထိုးထားပေမဲ့ KNUနယ်မြေထဲမှာ ကပ်ရောဂါ ကာကွယ်မှုဖြစ်စဉ်တွေကို စစ်တပ်က ဟန့်တားနှောက်ယှက်တာ၊ လက်နက်ကြီးတွေကို ဒေသခံကျေးရွာထဲကို ပစ်ခတ်တာတွေ တလော ကဖြစ်ခဲ့တဲ့ အရပ်သား ပစ်ခတ်သတ်ဖြတ်ခံရမှုတွေ ရှိနေတဲ့အပေါ်မှာကော ဘယ်လို မြင်မိလဲ။

NCA ကာလမှာ မကောင်းတာရှိသလို ကောင်းတာလည်းရှိတာပေါ့။ ကောင်းတာက အရင်ကထက် လွတ်လွတ် လပ်လပ်သွားလာလို့ရတယ်။ အရင်က ကိုယ့်ရပ်ကိုယ့်ရွာ မပြန်နိုင်တဲ့ သူတွေက ကိုယ့်ဒေသကို ကိုယ်ပြန်နိုင် ကြတာပေါ့။ ဒါပေမဲ့ ဒါတွေက ခိုင်မာတဲ့အရာတွေ မဟုတ်ဘူး။ ကိုယ့်ကားနဲ့ကို ကိုယ့် အဖွဲ့အစည်းနာမည်နဲ့ ကိုယ်တောင် သွားလာခွင့်မရှိတာမျိုး တဖြည်းဖြည်းနဲ့ စနေပြီး။ ဘာတစ်ခုမှ အာမခံချက်မရှိဘူး။ နောက်ပြီး ကြည့်မယ်ဆိုရင် ဒီ အပစ်ရပ်ကာလအတွင်းမှာ စစ်တပ်က ပိုပြီးတော့ ဝင်ရောက် နေရာယူတာ ဒေသခံရဲ့ မြေယာတွေ ရောင်းစားခံရတာတွေ အတင်းအဓမ္မ အသိမ်းခံရတာတွေ ဒါတွေကို ကြုံတွေ့ကြရတယ်။ အထူးသဖြင့် တပ်မဟာ (၅)ဘက်မှာဆိုရင် လက်နက်ကြီး ပစ်ခတ်တာတွေက ဇန်နဝါရီလကနေ ဧပြီလအထိက အလုံး ၃၀၀ ကျော် လောက်ကိုပစ်ခတ်တာတွေ့ရတယ်။ ဆိုလိုချင်တာက ဒီကုန်ကျမှုကို တခြားလိုအပ်တဲ့ နေရာတွေမှာ အသုံးပြု သင့်တာပေါ့။ တိုင်းရင်းသားတွေအပေါ် ဖျက်ဆီး သတ်ဖြတ်ဖို့ဆိုရင် စစ်တပ်အနေနဲ့က ငွေကြေးကို ဖောဖောသီ သီ သုံးစွဲတာကို တွေ့ရတယ်။ နောက်ပြီး ဒီကပ်ရောဂါကာကွယ်ဖို့က KNUအနေနဲ့က သူ့လူထုတွေကို ကာကွယ်ဖို့အတွက် ကောင်းမွန်းတဲ့ စီမံမှုတွေ ကို လုပ်ဆောင်ပေမဲ့ သူတို့ရဲ့ ကျန်းမာရေ စစ်ဆေးရေး ဂိတ်စခန်းတွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခံရတာတွေ ဟန့်တားနှောက်ယှက်ခံရတာကို ကြည့်မယ် ဆိုရင် စစ်တပ်က သူ့ပြည်သူကို ကာကွယ်ပေးဖို့အတွက် စိတ်ဆန္ဒ မရှိဘူးဆိုတာ ပေါ်လွင်နေတယ်။ ကာကွယ်ပေးဖို့ အစားကို ဝင်ရောက် ဖျက်ဆီး သတ်ဖြတ်တာတွေကို တွေ့ရတယ်။ နောက်ပြီး ဒီကပ်ရောဂါ ကာကွယ်ဖို့ နိုင်ငံတကာ ဝင်ရောက်လာတဲ့ ကူညီထောက်ပံ့မှုတွေဆိုတာကလည်း တိုင်းရင်းသားတွေဆီကို တိုက်ရိုက်ရောက်ရှိသင့်တာပေါ့။ သူတို့မှာလည်း ကာကွယ်ပေးဖို့ အကောင်အထည်ဖော်ပေးနိုင်တဲ့ အဖွဲ့အစည်း တွေ ရှိနေပြီးသားလေး။ အစိုးရက ဒီကပ်ရောဂါ ကာကွယ်မှုမှာ No One left မူဝါဒကို ကြွေကြော်ပေမဲ့ သူ့မူဝါဒက ရန်ကုန်နဲ့ တခြားမြို့ကြီးမှာပဲ တွေ့ရတယ်။ တိုင်းရင်းသားဒေသတွေမှာ သက်ရောက်တာမျိုးမရှိဘူး။ ဘာဖြစ်လဲဆိုတော့ တစ်နိုင်ငံလုံးအတွက်လို့ အမှန် တကယ်ဆန္ဒရှိတာဆိုရင် တိုင်းရင်းသားတွေရဲ့ ရောဂါကာ ကွယ်မှုလုပ်ငန်းစဉ်ကို လာဖျက်ဆီးစရာအကြောင်း ကို မရှိတာ။ တကယ်က ကူညီပံ့ပို့မှု အားပေးမှုတောင် လုပ်ဆောင်ရမှာဖြစ်တယ်။

မေး- ဒီငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးအပေါ်မှာကော ဘယ်လို ခြုံခုံသုံးသပ်ပြီး အကြံပြုသွားချင်လဲ။

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ကျမတို့ သုံးသပ်တာက လမ်းဆုံးသွားပြီးပေါ့။ အဲ့အတွက် ကျမတို့ တောင်းဆိုတာက အခြားနည်းလမ်းကို သွားဖို့ လိုနေပြီးပေါ့။ တချိန်ထဲမှာလည်း ပြည်သူလူထုနဲ့ အတူတကွ ပူးပေါင်းပြီးတော့မှ နည်းလမ်းကောင်းတွေကို ပြင်ဆင် ရှာဖွေသွားဖို့လိုနေပြီးလို့ ပြောချင်ပါတယ်။

စအိုင်ဆူး(KIC) – တွေ့မေးသည်။