“KIO/KIA နဲ့ တပ်မတော်ရဲ့ ကြားထဲမှာ ပိတ်မိနေတဲ့ ပြည်သူလူထုကို ကယ်ထုတ်ဖို့ တောင်းဆိုတာ၊ ဒါကို တပ်ကလည်း တရားစွဲတယ်။ ရဲဖက်ကလည်း တရားစွဲတယ်။ ပြီးရင် ကျနော်တို့ကို မရ ရအောင် ထောင်ချလိုက်တယ်” ကိုလွမ်းဇောင်း (ဥက္ကဋ္ဌ ၊ ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂ-AKYU)

0
360

ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂ (AKYU) ဥက္ကဋ္ဌ ကိုလွမ်းဇောင်းနှင့် အင်တာဗျူး

၃၀ ဇူလိုင် ၂၀၂၀

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်တဲ့ အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဟစ်ကြွေးခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ဖွဲ့စညး်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စရပ်တွေကို ဘယ်လောက်လုပ်ဆောင်နိုင်ခဲ့ပါသလဲ။ ဒီမိုကရေစီဖွံ့ဖြိုးမှုနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် သိသာထင်ရှားတဲ့ အပြောင်းအလဲ တွေ ဖြစ်လာဖို့ မျှော်လင့်ခဲ့ကြပေမယ့် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂ (AKYU) ဥက္ကဋ္ဌ ကိုလွမ်းဇောင်းက ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း ဘာတွေပြုပြင်ပြောင်းလဲခဲ့လဲ၊ အားသာချက်နဲ့ အားသာချက်က ဘာတွေလဲ၊ စတဲ့မေးခွန်းတွေကို ကိုလွမ်းဇောင်းအား မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး – NLD အစိုးရလက်ထက်မှာ ပြည်နယ်အစိုးရက ဘယ်လောက်အထိ လုပ်ပိုင်ခွင့်တွေရခဲ့လဲ၊ အရင် အစိုးရလက်ထက်နဲ့ရော ဘာတွေ ကွာသွားတာတွေ့ရလဲ။

ဖြေ – ကချင် ပြည်နယ်အစိုးရက ကချင်ပြည်နယ်လူထုအပေါ်မှာ တာဝန်ယူ၊ တာဝန်ခံမှု မရှိဘူး။ အားလုံး နေပြည်တော်ပဲ။ ဆိုတော့ ဒါက ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးရေး မပြောနဲ့။ လုပ်ပိုင်ခွင့်အာဏာတောင် အတိုင်းအတာတစ်ခုအထိ မရှိဘူး။ ပြည်ထောင်စုစနစ်ဆိုရင် ပြည်နယ်တွေက လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာတစ်ခုအထိ ရှိရမယ်။ ဒါပေမဲ့လည်း ယနေ့အချိန်အထိ ကချင်ပြည်နယ်အစိုးရအဖွဲ့က နေပြည် တော်ကို တာဝန်ခံ နေရတယ်။

မေး – NLD အစိုးရ သွားနေတဲ့ နိုင်ငံရေး အရ ကချင်ပြည်နယ်အတွက် ပြုပြင်ပြောင်းလဲမှု ဘယ်လောက်ထိ ရှိသွားပြီလဲ။ ငြိမ်းချမ်းရေးကိစ္စ လုပ်ဆောင်နေတဲ့အပေါ်မှာမှာ အားရကျေနပ်မှု ဘယ်လောက်ရှိလဲ။

ဖြေ – ပညာရှင်တွေရော တိုင်းရင်းသားခေါင်းဆောင်တွေရော နိုင်ငံရေး သမားတွေရော အားလုံး ဝေဖန်ထောက်ပြနေတာပဲလေ။ အခု NLD သက်တမ်းကတော့ မကြာခင် ကုန်တော့မယ်။ အမှန်တကယ် လက်ဆုပ်လက်ကိုင်အနေနဲ့ ဘာကို ပြမလဲ။ ဗိုလ်ချုပ်အောင်ဆန်းငွေစက္ကူပြတဲ့ အဆင့်လောက်တော့ ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူး။ ကျနော်တို့ ကချင်တိုင်းရင်းသား၊ ကချင်လူငယ်တစ်ယောက်အနေနဲ့ ဒီအပေါ်မှာ သုံးသပ်မယ်ဆိုရင်တော့ ကချင်ပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ အစိုးရဖြစ်လာတဲ့ နောက်ပိုင်းမှာ ဘာမှ ပြောင်းလဲမှုမရှိဘူးလို့ပဲ သုံးသပ်တယ်။ ငြိမ်းချမ်းရေးလည်း တိုးတက်မှု မရှိဘူး။ ပြောထားတဲ့ကတိတွေလည်း ဘယ်မှာလဲ၊ ဘာမှ အကောင်အထည် ဖော်နိုင်တယ်ဆိုတာ မရှိဘူး။ ဆိုတော့ မြို့ နယ် စည်ပင်သာယာရေး၊ မြို့အသိုင်းအဝိုင်းမှာ လမ်းတွေပြင်တာ ဖာတာ လုပ်တာကို ပြောင်းလဲပြီလို့ ပြောလို့ မရဘူး။ အထူးသဖြင့် ကျနော်တို့ ကချင်ပြည်နယ်မှာ စစ်ရှောင် ပိုများလာတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို လုံးဝလစ်လျူရှုထားတယ်။ ဒီမှာ ကျနော်တို့ ကချင်ပြည် နယ်သူ၊ ပြည်နယ်သားတွေ အထူးသဖြင့် ကချင်တိုင်းရင်းသားတွေ တကယ့်ဆင်းရဲတဲ့ ပြင်းထန်တဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ ခံစားရတယ်။ ဒါပေမဲ့ NLD အစိုးရ ဒီအပေါ်မှာ တာဝန်ယူ၊ တာဝန် ခံမှု လုံးဝမရှိဘူး။ ဒီအပေါ်မှာ ဘာမှအသံမထွက်ဘူး။

မေး – ကိုလွမ်းဇောင်အပါအဝင် ကချင်လူငယ်တွေ ပိတ်မိပြည်သူတွေကို တိုက်ပွဲကြားက ကယ်ထုတ်ပေးဖို့ ဆန္ဒထုတ်ဖော်တာတွေ လုပ်ခဲ့ကြတယ်။ အဲ့မှာ ဦးဆောင်တဲ့လူတွေကို အရေးယူခံခဲ့ရတာလည်း ရှိတယ်။ ဒီပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ – ကျနော်တို့ ကိုယ့်ရဲ့အခြေအနေမှန်တွေကို ပုံဖော်ပေးတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ကိုလည်း ပိတ်ပင်တား မြစ်တာတောင် မဟုတ်ဘူး။ ပြစ်ဒဏ်တောင် ပြန်ပေးတယ်။ ကျနော်ဆိုရင် ပိတ်မိပြည်သူလှုပ်ရှားမှုထဲမှာ အစိုးရကို တောင်းဆိုတာ ဆန့်ကျင်တာ မဟုတ်ဘူး။ ဒီKIO/KIA နဲ့ တပ်မတော်ရဲ့ ကြားထဲမှာ ပိတ်မိနေတဲ့ ပြည်သူလူထုကို ကယ်ထုတ်ဖို့ တောင်းဆိုတာ၊ ဒါကို တပ်ကလည်း တရားစွဲတယ်။ ရဲဖက်ကလည်း တရားစွဲတယ်။ ပြီးရင် ကျနော်တို့ကို မရ ရအောင် ထောင်ချလိုက်တယ်။ ဆိုတော့ အစိုးရ၊ တပ်မတော်နဲ့ ထိပ်တိုက်ဖြစ်တဲ့အရာတွေ ယခုအချိန်အထိ ဒီအစိုးရသက်တမ်းမှာ စုံစမ်းစစ်ဆေးမှု ဘာမှ မရှိဘူး။ အထူးသဖြင့် အားလုံးသိတဲ့အတိုင်း KBC ကချင်ပြည်နယ်ရဲ့ ဆရာမ နှစ်ဦးအမှုလည်း ဘာမှ မသိသေးဘူး။ ဆိုတော့ အမှန်တကယ် ဒီပိတ်မိနေတဲ့ ပြည်သူတွေရဲ့ သက်သေအထောက်အထားတွေ သူတို့မှာ အများကြီးရှိခဲ့ပြီ။ ဒါပေမယ့်လည်း စုံစမ်းစစ်ဆေးမှု ဘာမှမရှိဘူး။

မေး – ပြည်နယ်အတွင်းမှာ စီးပွားရေးတိုးတက်လာတာမျိုး၊ တိုးတက်တာမဟုတ်ရင်တောင် အားရ ကျေနပ်ချက်ပေါ့ ဘာများရှိလဲ။

ဖြေ – စီးပွားရေးအရလည်း ပိုပိုပြီးတော့ ကြပ်တည်းလာတယ်။ စီးပွားရေးအရ ကချင်ပြည်နယ်အတွက် ဘာမှ ထူးခြားမှု မရှိဘူး။ အထူးသဖြင့် ဒီတစ်သျှူးငှက်ပျောစီမံကိန်း နှစ်ဖက်စလုံး၊ နှစ်ဖက်စလုံးဆိုတာက အစိုးရရော လက်နက်ကိုင်တွေရော အာဏာပိုင်တွေက အခွန်တော့ အားလုံးစားနေကြတာပဲ။ ဒါပေမယ့် ဒေသခံတွေက ငတ်ပြတ် နေတာပဲ။ ဆိုတော့ ကချင်ပြည်နယ်အစိုးရလည်း ဒီကနေ အခွန် ရတယ်။ ပြီးရင် လက်နက်ကိုင်တွေလည်း အခွန်ရတယ်။ ဒါပေမယ့်လည်း အမှန်တကယ်ဒေသခံပြည်သူတွေက အဲမှာ အလုပ်သွား လုပ်ပြီးမှ ရလာတာကို ရတယ်လို့ မပြောဘူး။ ကျနော်တို့ ဒေသခံတွေအတွက် ဘာမှ မရှိဘူး။

မေး – တခြားရော ဘာများ ဖြည့်စွက်ပြောစရာရှိသေးလဲ။

ဖြေ – ကျနော်တို့ မျိုးဆက်တွေ ဒီကျောင်းသားလူငယ်တွေရဲ့ လှုပ်ရှားမှုတွေ ဒီကချင်လူငယ်ထုတွေ လှုပ်ရှားမှုတွေကိုလည်း နှိပ်ကွပ်တယ်လို့ပဲ မှတ်ယူတယ်။ ကျနော်တို့က လွတ်လပ်စွာ ပြောဆိုမှုမရှိဘူးဆိုရင် ဒီမိုကရေစီလို့ ပြောလို့မရတော့ဘူး။ ကျနော်တို့ ဗိုက်နာတယ်ဆိုရင် ဗိုက်နာတာကို ပြောရမှာ။ ခြေထောက်နာတယ်ဆိုရင် ခြေထောက်နာတယ် ပြောရမှာ အဲဒီအချိန်မှာ ကျနော်တို့ အစိုးရက ကုပေးရမှာပဲ။ လွတ်လပ်စွာပြောဆိုမှုကို နှိပ်ကွပ်ပုံနဲ့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရလို့ ပြောရမှာ ရှက်စရာ ဖြစ်သွားပြီ။

အားမီ(NMG) – မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here