“ စွန့်ပစ်ခံတဲ့ တိုင်းရင်းသားတွေဖြစ်နေတော့ တစ်ခုမှ ခံစားပိုင်ခွင့်လည်း မရှိဘူး။ ခံစားရတာပဲ ရှိပါတယ်။ အဲဒါကြောင့် နိုင်ငံရေးသားကောင် မဖြစ်ဖို့အတွက် ဆက်လက်ပြီးတော့ ခရီးဆက်မယ်” ဦးတင်လှိုင်ဝင်း (အထွေထွေအတွင်းရေးမှူး၊ ကမန် အမျိုးသားတိုးတက်ရေးပါတီ)

၃၁ ဇူလိုင် ၂၀၂၀

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် လူနည်းစု ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ကမန် အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်း ကို ဆက်သွယ်မေးမြန်းထားပါသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီအေနနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်နှစ်နေရာလောက် ဝင်ပြိုင် သွားမလဲ။ ဘာတွေပြင်ဆင်ထားပြီလဲ။

အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အနည်းဆုံး (၄)နေရာနဲ့အထက်ကို လောလောဆယ် လျာထား သတ်မှတ်ထားတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားဝင်ဆော်သြစည်းရုံးပိုင်ခွင့်မရှိသေးသလို တစ်ဖက် မှာလည်း ကိုရိုနာနဲ့ပတ်သက်ပြီး ပြဿနာတွေရှိနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်တာတော့ မရှိသေးပါဘူး။ သို့သော်လည်း ပါတီဝင်တွေအနေနဲ့ကတော့ အခုလိုပဲ ပါတီရဲ့ မူဝါဒ တွေကို အားလုံးနားလည်သဘောပေါက်အောင် ဆော်သြစည်းရုံးရင်းနဲ့ တိုက်တွန်းတာတွေကို ဆောင်ရွက် နေတာတော့ ရှိပါတယ်။

အရင်ရွေးကောက်ပွဲတွေတုန်းက အခြေအနေကိုလည်း ပြောပြပေးပါ။

ကမန်အမျိုးသားလူမျိုးစုအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ တစ်ကြိမ်၊ ၂၀၁၀ ၊၂၀၁၅ မှာလည်း ဝင်ပြိုင် ခဲ့ပေမဲ့ လူနည်းစုလည်းဖြစ်တော့ ရှုံးပါတယ်။ ပါတီ (၆)ခု လောက်ပြိုင်ရတာဆိုတော့ ကျွန်တော်တို့က လူနည်းစု ဖြစ်နေတာကတစ်ကြောင်း၊ နောက်တစ်ခုက နိုင်ငံသားစိစစ်ရေးကဒ်မရတဲ့ လူတွေလည်းရှိနေတဲ့ အခါကျတော့ မဲပေးတဲ့အခါမှာ အခက်အခဲပေါင်း မြောက်များစွာနဲ့ကြံုခဲ့ရပါတယ်။ ရန်ကုန်ကနေ ပြည်သူလွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော ဝင်ပြိုင်ခဲ့ပါတယ်။ သို့သော်လည်း နိုင်ငံရေးအခြေအနေအရ ရှုံးနိမ့်ခဲ့ပါတယ်။ မဲလည်း အနည်းအကျည်းသာရရှိခဲ့ပါတယ်။

ဒီလို ရွေးကောက်ပွဲတွေမှာ အနိုင်မရခဲ့တဲ့အတွက် ဘယ်လိုဆုံးရှုံးနစ်နာမှုတွေ ရှိခဲ့လဲ။

ဆုံးရှုံးမှုတွေကတော့ အများကြီးပါ။ လူနည်းစုတွေက နိုင်ငံရေးပါတီထောင်ပြီးတော့ ယနေ့ထိ လွှတ်တော်ထဲကို ရောက်အောင်ကြိုးစားနေရတယ်။ လက်ရှိသွားနေတဲ့အနေအထားက ကျွန်တော်တို့က ဖိနှိပ်ခံ၊ အုပ်ချုပ်ခံ လူတန်းစားဖြစ်နေတော့ တိုင်းရင်းသားတွေလို့ပြောပေမဲ့ ယနေ့ထိ ဘိုးဘွားစဉ်ဆက်ကတည်းက တစ်ပါတီ အာဏာရှင်စနစ်ကို မကြိုက်တာကြောင့် အရေးအခင်းကာလတွေမှာ တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေး ဖြစ်တဲ့အခါကျတော့ အလွန်တရာ ခါးသီးတဲ့ဘဝတွေကို ဖြတ်သန်းခဲ့ရတယ်။ ဘယ်လိုပဲဆိုစေကာမူ ဒီကာလ တစ်ခုကျော်လွှားပြီးရင် စနစ်ပြောင်းသွားမယ်။ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ကာလကို ရောက်လာတော့ ကမန်တိုင်းရင်းသားတွေ အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ထင်သာမြင်သာရှိတဲ့ ဆောင်ရွက်မှုတွေ တစ်ခုမှမကြုံခဲ့ရပါဘူး။

ဥပဒေအရပြောပေမယ်ဆိုရင် ကျွန်တော်တို့ကို လစ်လျူရှုတယ်၊ ဥပဒေမဲ့ ဆောင်ရွက်တယ်၊ ဥပဒေမဲ့ မျက်ကွယ် ပြုတယ်။ ဆိုတော့ဟုတ်ပြီ ဦးသိန်းစိန်အစိုးရလွန်ကာလမှာလည်း ကျွန်တော်တို့တွေ အိုးမဲ့အိမ်မဲ့နဲ့ Camp တွေ ထဲမှာ ဥပဒေမဲ့ပြုကျင်ခံခဲ့ရတယ်။ ဦးသိန်းစိန်လက်ထက်မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်။ NLD အစိုးရ ဖြစ်လာတော့ မွေးရပ်နေရာတောင် မရှိတော့ဘူး။ ကျွန်တော်တို့တွေအားလုံး ဟိုရောက်ဒီရောက်နဲ့ဆိုတော့ နိုင်ငံရေးစနစ်တစ်ခုမှာ ဆိုရင်တော့ တာဝန်ယူမှု၊ တာဝန်ခံမှုက အရမ်းကို အရေးကြီးပါတယ်။

ရွေးကောက်ပွဲတွေမှာ အနိုင်မရတာကရော ဘာကြောင့်လို့ထင်လဲ။

အဓိကကတော့ လူဦးရေလည်း အရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ပါတီရဲ့ မူဝါဒနဲ့ စွမ်းဆောင်ရည်အပေါ်မှာလည်း မူတယ်တည်လို့မြင်ပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာက ကမန်လူမျိုးအရေး တစ်ခုတည်းလည်း မဟုတ်ပါဘူး။ ပါတီရဲ့ မူဝါဒကိုယ်တိုင်က မိမိလူမျိုးရေး အကျိုးစီးပွားတွေပါဝင်ရမယ်။ နောက်တစ်ခါ မိမိဒေသရဲ့အကျိုးစီးပွား၊ မိမိနိုင်ငံရဲ့အကျိုးစီးပွားပါရမယ်။ အဲဒီမူဝါဒအတိုင်း ဆက်လက် အကောင်အထည်ဖော်သွားဖို့သာ ဖြစ်တယ်။ အကောင်အထည်ဖော်သွားဖို့ဟာက မူဝါဒကို လက်ခံတဲ့၊ ယုံကြည်တဲ့လူတိုင်းက ကျွန်တော်တို့ပါတီကို အားပေးထောက်ခံ မဲပေးလိမ့်မယ်လို့ မျှော်လင့်ထားတာတွေ ရှိပါတယ်။

အဲဒါကြောင့် ကမန်လူဦးရေ နည်းခြင်း၊ များခြင်းက အဓိကမကျဘူးလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့ ဟာလည်း ဖိနှိပ်အုပ်ချုပ်ခံခဲ့ရတဲ့ လူမျိုးတစ်မျိုးဖြစ်တယ်။

ယနေ့ထိလည်း တိုင်းရင်းသား အခွင့်အရေးဆိုတာက စာရွက်ပေါ်မှာပဲ ရှိသေးတယ်။ တကယ်လက်တွေ့အခြေအနေကို ကျွန်တော်တို့ မခံစားရသေးပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့လိုပဲ လူနည်းစု၊ လူများစု မည်သည့်ဘာသာမဆို ခွဲခြားဆက်ဆံ ခံရမှုအပေါ်မှာ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ အဓိကဇောင်းပေးပြီးတော့ လွှတ်တော်ထဲရောက်အောင် သွားမယ်။

ရခိုင်မျိုးနွယ်စုဝင် လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။

ကျွန်တော်တို့မှာ လူနည်းစုတိုင်းရင်းသားအခွင့်အေရး ပျောက်ဆုံးနေပါတယ်။ ဆိုတော့ မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍမှာ လူနည်းစုတွေရဲ့အသံတွေဟာ ပြင်ပနိုင်ငံရေးလောကမှာ ကျယ်လောင်စွာ ထွက်ပေါ်နေဖို့ လိုတယ်။ နိုင်ငံရေးသားကောင်းတွေ မဖြစ်ဖို့၊ စွန့်ပစ်ခံလူသားတွေ မဖြစ်ဖို့၊ ရခိုင်ဒေသမှာရှိကြတဲ့ ကမန် အပါအဝင် မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ ရခိုင်အပါအဝင် အားလုံးကြုံတွေ့ခံစားနေရတဲ့ ဒုက္ခပေါင်း မြောက်များစွာဟာ နိုင်ငံရေးကြောင့်ပါပဲ။ ဒါတွေကိုပေါင်းစပ်ညှိနှိုင်းပြီးေတာ့ ဖြေရှင်းသွားမလဲ ဆိုတာတွေကို အမျိုးသားရေး၊ နိုင်ငံရေးတာဝန်တစ်ခုအနေနဲ့ ဆောင်ရွက်သင့်တယ်၊ ဆောင်ရွက်မှဖြစ်မယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း လူနည်းစုဖြစ်ပေမဲ့ အမျိုးသားရေးလည်းပါတယ်၊ နိုင်ငံရေးလည်းပါတာကြောင့် အမျိုးသား ရေးနဲ့ နိုင်ငံရေးပေါင်းစပ်ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဖြည့်စွက် ဘာပြောချင်တာရှိလဲ။

၂၀၂၀ လွန်ကာလမှာ ကမန်အပါအဝင် ရခိုင်ဒေသမှာရှိကြတဲ့ တခြားတိုင်းရင်းသားတွေဟာ စစ်အစိုးရလွန် ကာလကိုဖြတ်သန်းပြီးတဲ့နောက်ပိုင်းမှာ အကောင်းဆုံးကို အများကြီးမျှော်လင့်ခဲ့ပါတယ်။ အရင် ခေတ်တွေထက် ပိုပြီးတော့ကောင်းမယ်ပေါ့။ ကျွန်တော်တို့ရဲ့ဒုက္ခဟာ ဒီကာလမှာအဆိုးဆုံးလို့ ထင်ထားပေမဲ့ အခု မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ကျွန်တော်တို့ ရခိုင်ဒေသဟာ အသုံးချခံရတယ်လို့မြင်တယ်။ အဲဒီလို ခံစားရပါတယ်။

ဘာကြောင့်လဲဆိုတော့ မွေးရပ်မြေကနေ အိုးမဲ့အိမ်မဲ့နဲ့ ကျွန်တော်တို့ဘဝဟာ ဟိုရောက် ဒီရောက်နဲ့ လူမျိုးစုတစ်ခုလုံးလည်း ဟိုရောက်ဒီရောက်နဲ့ဖြစ်သွားတယ်။ အဲဒီလောက်ထိ ဂုဏ်သိက္ခာမဲ့မယ်လို့ လည်းမထင်ခဲ့ပါဘူး။ ကမန်ပဲလားဆိုတာလည်း မဟုတ်ပြန်ဘူး။ မျိုးနွယ်စုတွေဖြစ်တဲ့ မြို၊ သက်၊ ခမီ၊ဒိုင်းနက် တွေ၊ ကျွန်တော်တို့မျိုးနွယ်စုဖြစ်တဲ့ရခိုင်တွေလည်းဒုက္ခသည်စခန်းတွေမှာ။ ထိုနည်းတူစွာ ကျွန်တော်တို့နဲ့ ဘာသာတူတဲ့ အစ္စလာမ်ဘာသာဝင်တွေပေါ့။ ဒါတွေကိုလည်း ရှင်းလင်းသွားဖို့လိုတယ်။ အဲဒါကြောင့်လည်း နောက်ဖြစ်လာမယ့် အပြောင်းအလဲမှာ ဒီကိစ္စတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့၊ တောင်းဆို နိုင်တဲ့၊ လုပ်ဆောင်နိုင်တဲ့ အစိုးရမျိုးကို ကျွန်တော်တို့လိုချင်တယ်။

အခုအခြေအနေကတော့ စွန့်ပစ်ခံတဲ့ တိုင်းရင်းသားတွေဖြစ်နေတော့ တစ်ခုမှ ခံစားပိုင်ခွင့်လည်း မရှိဘူး။ ခံစားရတာပဲရှိပါတယ်။ အဲဒါကြောင့် နိုင်ငံရေးသားကောင် မဖြစ်ဖို့အတွက် ဆက်လက်ပြီးတော့ ခရီးဆက်မယ် လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။

DMG – ပေးပို့သည်။

Share me now!