“ငြိမ်းချမ်းရေးကို ဘယ်လိုနားလည်လည်းဆိုတော့ အရင်တုန်းကလို လက်နက်တွေဘာတွေ၊ တိုက်ပွဲတွေ မဖြစ်တဲ့ဟာပေါ့။ အလောက်ပဲ သိတယ်” မဘူးမယ် (ငယ်) (တောင်ပိုင်းရပ်ကွက်၊ ရွာသစ်မြို့)

0
311

ဘောလခဲခရိုင်အတွင်းက စစ်ရှောင်ပြည်သူများရဲ့ စကားသံများအား စုစည်းဖော်ပြချက်

၄ သြဂုတ် ၂၀၂၀

၁၉၉၆ ခုနှစ် ဝန်းကျင်မှာ ပြည်တွင်းစစ်ကြောင့် မိမိတို့ ရပ်ရွာတွေကို စွန့်ခွာခဲ့ရပြီး ဘောလခဲခရိုင် ရွာသစ်မြို့ရှိ စုစည်းရွာတွေကို ရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေ အများအပြားရှိခဲ့ပါတယ်။ ရွာသစ်မြို့မှာဆိုရင် ရှမ်းနဲ့ကယားလူမျိုးတွေ အများဆုံးနေထိုင်တာ တွေ့ရပြီးတော့ ကယန်းလူမျိုးတွေလည် အနည်းငယ်နေထိုင် ကြပါတယ်။ ခုလို စုစည်းရွာတွေဘက် ရွှေ့ပြောင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပြီး ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ တောင့်တ နေကြပါတယ်။ ဘောလခဲမြို့နယ်၊ ရွာသစ်ဒေသခံ အမျိုးသမီးတွေက ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ပြောဆိုချက်တွေကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။

ဒေါ်ဘူးမယ် (လွယ်ဝိုင်းကျေးရွာအုပ်စု)
“နမ့်မလင်းရွာကနေ ပြောင်းလာတာ။ ခုက လွယ်ဝိုင်းပြောရမှာပေါ့။ ၂၄ နှစ်ကြာပြီ။ ပြောင်းလာခါနီးအချိန်မှာဆို တောထဲမှာပဲ သွားပုန်းနေရတယ်။ မပြောင်းလာချင်ပါဘူး ဘယ်သူမှ၊ သူများပြောင်းခိုင်းလို့ ပြောင်းရတာ။ အဲဒါက အစိုးရတွေ ပြောင်းလာခိုင်းတာ။ အခက်အခဲက အားလုံးပဲ ဘာတစ်ခုမှ အဆင်မပြေဘူး ပြောင်းလာခါစ တုန်းက။ သူများထောက်ပံ့မှ စားရတယ်။ သူများမထောက်ပံ့ရင် မစားရဘူးပေါ့။ စစရောက်ချင်းမှာတော့ သူများအိမ်အောက်မှာတို့ သူများတဲမှာတို့၊ တစ်အိမ်နှစ်အိမ်စုပြီး ကျဉ်းကျဉ်းကြပ်ကြပ်ပဲ နေရတယ်။ အဒေါ်တို့ရွာ က ဘာပြန်စားတော့မလဲ ပြန်ခိုင်းရင်တော့။ အခုက ကြာပြီဆိုတော့ ဒီမှာနေတာ ပိုအဆင်ပြေတယ်။ (စစ်ပွဲထပ်ဖြစ်မှာ) စိုးရိမ်မှုရှိတယ်။ ဘယ်သူမဆို ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တာပေါ့။”


မနန်း (လွယ်ဝိုင်းကျေးရွာအုပ်စု)
“အရင်တုန်းကဆို မငြိမ်းချမ်းဘူးပေါ့။ ပေါ်တာတွေ ခေါ်လိုက်၊ ခဏခဏစစ်သားတွေက လာဖမ်းလိုက် အဲ့လိုတွေ ဖြစ်တော့ ကိုယ်လည်း စိတ်မချမ်းတာရဘူးပေါ့နော်။ အရင်တုန်းက ထောက်လှမ်းရေးခေတ်ဆိုတော့ စကားလွတ်လွတ်လပ်လပ်ပြောလို့လည်မရဘူး။ လွတ်လွတ်လပ်လပ်သွားလာလို့လည်းမရဘူး။ နောက်ပြီး တော့ တောကလူ လာရင်လည်း မလုံခြုံဘူးပေါ့။ အခုက သူတို့ အချိန်မရွေးသွားလာလို့ရပြီ။ ကိုယ်တို့လည်း အချိန်မရွေးဆက်ဆံလို့ရပြီရော၊ အခက်အခဲမဖြစ်တော့ဘူပေါ့။ (KNPP နဲ့ မြန်မာ့တပ်မတော်) သူတို့တိုက်ပွဲ မဖြစ်တာပဲကောင်းတယ်။ သူတို့ နှစ်ဦးနှစ်ဖက် ငြိမ်းငြိမ်းချမ်းချမ်းနေကြတာပဲ လိုချင်တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ပြေပြေလည်လည် အဲ့လိုပဲဖြစ်ချင်တယ်”

ဒေါ်ရှေ့မယ် (လွယ်ဝိုင်းကျေးရွာအုပ်စု)
“စစ်သားတွေ မောင်းထုတ်တယ်။ ရွာသစ်မဝင်ရင် မရဘူး၊ ရွာသစ်ကို မောင်းပြန်တာပေါ့နော်။ စစ်တိုက်တာတော့ မတွေ့ဖူးဘူး။ ဒါပေမယ့် သူများ လာချောင်းချောင်းပစ်တာတော့ တွေ့ဖူးတယ်။ စရောက်လာတဲ့အချိန်ဆို အစိုးရစစ်သားတွေက တစ်လတစ်ခါ ဆန်တစ်ပုံး ထောက်ပံ့ပေးတာရှိတယ်။ စစ်ပွဲတွေ ဘာတွေဆို နည်းနည်းမှ မကြားချင်ဘူး။ အဲ့လိုပဲ နေသွားချင်တယ်။ ခုက အရက်ချက်ပြီး ဟင်းချိုမှုန့်တွေ၊ ဆန်တွေ၊ ဆီတွေ၊ ငပိတွေနဲ့ ပြန်လှဲစားတယ်။ (၂၀၂၀ ရွေးကောက်ပွဲ) မသိဘူး၊ ထည့်တဲ့မဲက ဘယ်လို့ထည့်ထည့် အဖွားနားလည်ဘူး။ ငါ့စိတ်ထဲမှာ ပိုက်ဆံပဲလိုချင်တယ်။ ဘယ်လောက်ပဲပေးပေး။ မရလည်းဘာမှ မဖြစ်ဘူး။ ဟင်းဝယ်စားမယ်။ ဟင်းကောင်းကောင်းမစားရဘူး။


မဘူးမယ် (ငယ်) (တောင်ပိုင်းရပ်ကွက်၊ ရွာသစ်မြို့)
“အရင်တုန်းက အမတို့ ငယ်ငယ်တုန်းကဆို တောင်ပေါ်မှာဆို ငြိမ်းချမ်းရေးမရခင်ပေါ့နော်။ တိုက်ပွဲတွေ ဘာတွေ ဖြစ်တယ်ဆိုလို့ရှိရင် မိုလင်းမိုချုပ် ဘာမှနားမလည်ဘူးနော်။ အဲ့တုန်းက ကိုယ်ကလည်း ငယ်သေးတဲ့ အခါကျတော့ တောထဲမှာလည်း နေရတော့လေနော်။ ပြေးသွားပြေးလာရတာပေါ့။ ဟိုး ဂူထဲမှာတွေ သွား ပုန်းနေရတာပေါ့။ အခုဆိုလို့ရှိရင် အများကြီး သက်သာလာတာပေါ့။ အေးဆေးအိပ်ရလို့ သက်သာတာပေါ့နော်။ ငြိမ်းချမ်းရေးကို ဘယ်လိုနားလည်လည်းဆိုတော့ အရင်တုန်းကလို လက်နက်တွေဘာတွေ၊ တိုက်ပွဲတွေ မဖြစ်တဲ့ဟာပေါ့။ အလောက်ပဲသိတယ်။ အခုကတော့ အရင်ကထက် စာလို့ရှိရင် ငြိမ်းချမ်းရေး အများကြီးလာပြီပေါ့”

မော်ဦးမြာ(ကန္တရဝတီတိုင်းမ်) – စုစည်းရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here