နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်မည့် ၈ကြိမ်မြောက် ငြိမ်းချမ်းရေး စကားဝိုင်းဖားအံတွင် ကျင်းပမည်

0
220
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်မည့် ၈ကြိမ်မြောက် ငြိမ်းချမ်းရေး စကားဝိုင်းဖားအံတွင် ကျင်းပမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေသခံလူူငယ်များပါဝင်မည့် (၈)ကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်းကို ဇူလိုင်လ ၂၆ရက်နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

မကြာမီရက်ပိုင်းအတွင်း ပြုလုပ်မည့် (၈) ကြိမ်မြောက်ငြိမ်းချမ်းရေးစကားဝိုင်းနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး က “ ငြိမ်းချမ်းရေး စကားဝိုင်းဆိုတော့ အဓိက ငြိမ်းချမ်းရေးကိုပဲ ဇောင်းပေးပြီး ဆွေးနွေးဖို့များတယ်။ ဒုတိယကတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပါဆွေးနွေးသွားမယ်လို့ စီစဉ်ထားတယ် ” ဟုပြောသည်။

ဆွေးနွေးပွဲတွင် ဒေသခံတိုင်းရင်းသား လူငယ်များ၊ ကွန်ပျူတာပညာရှင်၊ အရပ်ဖက်အဖွဲ့အစည်းမှလူငယ်များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး အမျိုးသမီး ၄ဦး နှင့် အမျိုးသား ၄ဦး စုစုပေါင်း ၈ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပါဝင်မည့် လူငယ်တစ်ဦးဖြစ်သည့် နန်းမူးထွန့်ဖောင် က “ အဓိကကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုတွေ စီစဉ်စီမံမှုတွေနဲ့ ထပ်ပြီးလုပ်ထားတာတွေ ရှိတယ်ပေါ့နော်၊ အဲ့ဒါတွေ မေးမယ်။ ပဋိပက္ခ ဖြစ်နေတဲ့ အရာတွေကို ဘယ်လိုပုံစံနဲ့ ဖြေလျော့သွားအောင် ဘယ်လိုလမ်းကြောင်းတွေများရှိလဲ။ ဒီရဲ့ လုပ်နေတဲ့ အစိုးရရယ်၊ လက်နက်ကိုင်အဖွဲ့အစည်းရယ်၊ တပ်မတော်ရယ် ဘယ်လိုပေါင်းစပ်ညှိနှိုင်းသွားဖို့တွေ ရှိလဲ အဲ့ဒါတွေ ဆွေးနွေးတဲ့ နေရာမှာ ပါကောင်း ပါလာနိုင်တယ် ” ဟုပြောသည်။

ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဆွေးနွေးပွဲ အပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့် နှင့် တွေ့ဆုံရန် စီစဉ်ထားသည့်အပြင် ၊ ရေဘေးသင့် ပြည်သူများအား သွားရောက် ကြည့်ရှုခြင်း၊ ဘုရားသွားရောက် ဖူးမြော်ခြင်း နှင့် လက်မှှုပညာ သင်တန်းကျောင်းသို့ သွားရောက်ခြင်း စသည့် အစီအစဉ်များ ရှိကြောင်းလည်း သိရသည်။

ဖားအံမြို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေး စကားဝိုင်းမှာ (၈) ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ စတင်ပြီး ရှမ်းပြည်နယ် ပင်လုံ၊ နေပြည်တော် ၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ၊ ကယားပြည်နယ် လွိုင်ကော်မြို့ ၊ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် နှင့် (၇)ကြိမ်မြောက်ကို ယခုနှစ် ဇွန်လ ၁၄ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပခဲ့ပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here