တပ်မတော်နှင့် AA အကြား တိုက်ပွဲကြောင့် လဝကအရာရှိတစ်ဦး ကျဆုံး၊ သုံ့ပန်း ၆ ဦးကို ဖမ်းဆီးထားကြောင်း AA ထုတ်ပြန်

0
380

ဓာတ်ပုံ – AA
၅ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း သြဂုတ်လ ၃ ရက်နေ့ကဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်အတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်အချို့နှင့် လဝကအရာရှိတစ်ဦးတို့ ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မေယုတောင်ကြောပေါ်ရှိ အင်းဒင်တောင်ကျော်လမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အေအေက တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးတစ်ဦး သေဆုံးသွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သြဂုတ်လ ၄ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း လဝကအရာရှိတစ်ဦး သေဆုံးသွားသည်ကိုမူ DMG မှ အတည်ပြုနိုင်ခဲ့သည်။

သေဆုံးသွားသည့် လဝကအရာရှိမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးအဖြစ် ရသေ့တောင်မြို့နယ်၊ စေတီပြင်နယ်မြေရဲစခန်းတွင် တာဝန်ကျနေသည့် ဦးကျော်ဇောခိုင် ဖြစ်ကြောင်း မောင်တောခရိုင်မှ လဝကအရာရှိတစ်ဦးက ပြောသည်။

နယ်မြေလုံခြုံရေး အခြေအနေအရ မောင်တောမြို့နယ် အင်းဒင်နယ်မြေစခန်းတွင် ယာယီလာရောက်နေထိုင်နေသူ ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းက လဝကအရာရှိ ၅ ဦးသည် ရသေ့တောင်မြို့နယ် စေတီပြင်နယ်မြေစခန်းသို့ အင်းဒင်-စေတီပြင် မေယုတောင်ကျော်လမ်းမှ သွားရောက်စဉ် တိုက်ပွဲဖြစ်ပွားရာ၌ ဦးကျော်ဇောခိုင် သေဆုံးသွားခဲ့ကာ ကျန်လဝကအရာရှိ ၄ ဦးတို့မှာ အင်းဒင်စခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် လဝက အရာရှိက ပြောသည်။

သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီကျော်နှင့် မွန်းလွှဲ ၂ နာရီကျော်တို့တွင် အင်းဒင်ကျေးရွာ၏ အရှေ့မြောက်ဘက်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်းပေါ်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို အေအေက နှစ်ကြိမ် ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ သြဂုတ်လ ၂ ရက်နှင့် ၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(နယ်ခြားစောင့်တပ်ဖွဲ့) စုစုပေါင်း ၂၀ ကျော်ကျဆုံးခဲ့ပြီး သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် သုံ့ပန်း (၆) ဦးအနက် (၃) ဦးမှာ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းမှ တပ်ကြပ် ဇော်ဇော် (အသက်(၄၈) နှစ်)၊ ကိုယ္ပိုင္အမွတ္/ တ-၈၆၄၄၇၅၊ တပ်သား ရဲနိုင် (အသက်(၃၆)နှစ်)၊ ကိုယ်ပိုင်အမှတ် /တ-၅၆၃၄၃၉ နှင့်၊ တပ်သား ကောင်းထက် (အသက်( ၂၇) နှစ်)၊ ကိုယ္ပိုင္အမွတ္/ တ-၅၃၄၄၄၉ တို့ဖြစ်ကြသည်။
အခြား(၃) ဦးမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်သည့် တပ်ကြပ် သစ်လွင်စိုး (အသက်(၃၇) နှစ်)၊ ကိုယ်ပိုင်အမှတ် – လ/ ၂၁၁၁၄၈၊ တပ်ကြပ် ထွန်းကျော်ကျော်( အသက် (၂၈) နှစ်)၊ ကိုယ်ပိုင်အမှတ်- လ/ ၂၄၅၀၄၄ နှင့် တပ်သား မိုင်းဝေစံ (အသက်(၂၆) နှစ်) ကိုယ်ပိုင်အမှတ် – လ/၂၄၄၇၂၄ ဖြစ်ကြကြောင်း AA ဘက်မှ သတင်းထုတ်ပြန်ထားသည်။
ခိုင်ရိုးလ (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here