“စစ်ပွဲတွေကိုလည်း အမြန်ဆုံး ရပ်တန့်စေချင်တယ်။ ဘာလို့ဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည် ဖော်ဖို့အတွက် ဒီလိုပဲ စစ်ဘေးရှောင်စခန်းမှာ နေရမယ်ဆိုရင် အကုန်လုံး ပျောက်ကွယ် သွားတော့မယ်” မမေစိုးတင် (စစ်ဘေးရှောင်လူငယ်)

0
285

စစ်ဘေးရှောင်ကျောင်းသား၊ လူငယ်များ၏ အနာဂတ်နှင့် ငြိမ်းချမ်းရေး
၇ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာသို့ နေရပ် စွန့်ခွာထွက်ပြေးနေရသူဦးရေ နှစ်သိန်းခန့်အထိ ရှိလာနေသည်။ ယင်းအထဲမှ စစ်ဘေးရှောင်စခန်း မှာ နေထိုင် ရသူများထဲတွင် ကျောင်းသား၊ ကျောင်းသူနှင့် လူငယ်များ ၃၀% ခန့်ပါဝင်နေကြောင်း စစ်ဘေးရှောင်စာရင်းများကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ထံမွ သိရသည်။လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူများမှာ မိမိနေရပ်၊ နေအိမ်မဟုတ်သည့် ဘုန်းတော်ကြီးကျောင်း၊ စစ်ဘေးရှောင်စခန်းများတွင် အခက်အခက်များစွာနှင့် ဖြတ်သန်းနေရသည်။
ယင်းအထဲမှ စစ်တွေမြို့ပေါ် စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေ သော ကျောင်းတက်ရမည့် ကျောင်းသားများနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသော လူငယ်များ၏ ရည်မှန်းချက်၊ အနာဂတ်များကို လက်ရှိ ရောက်နေသည့်နေရာမှ အကောင်အထည်ဖော်နိုင်မည့်အခြေအေန၊ စိန်ခေါ်မှုများကို ဆက်သွယ်မေးမြန်းထားသည်။


မမေစိုးတင် (စစ်ဘေးရှောင်လူငယ်၊ အောင်သာစည်ကျေးရွာ၊ ရသေ့တောင်မြို့နယ်။

ကိုယ့်ရွာသူ၊ ရွာသားတွေကို တစ်ဖက်တစ်လမ်းက ကူညီချင်တဲ့ဆန္ဒနဲ့ ဆေးသင်တန်း တက်တယ်။ တက်နေတဲ့ကြားထဲမှာစစ်ပွဲဖြစ်တယ်။ စစ်ပွဲဖြစ်တော့ ထွက်ပြေးနေရတယ်။ ထွက်ပြေးနေရတော့ မိဘေတြ ကလည်း မထောက်ပံ့နိုင်။ မထောက်ပံ့ နိုင်တဲ့အတွက် အခုက ဆေးသင်တန်းလည်းမတက်ဖြစ်တော့ဘူး။ ဘာလို့ဆိုတော့ ငွေမတတ်နိုင်တဲ့အတွက်၊ မိဘတွေကလည်း မထောက်ပံ့နိုင်။ အခက် အခဲအမျိုးမျိုးနဲ့ စစ်ဘေးရှောင်စခန်းမှာ နေရတော့ အခုက လမ်းစပျောက်နေတယ်။ သူနာပြု တစ်ယောက်လည်း ဖြစ်ချင်တယ်၊ ပြည်သူ လူထုကို ကိုယ့်ရွာ သူရွာသားတွေကိုလည်းကူညီချင်ပေမယ့် အခုတော့ မတတ် နိုင်တော့ဘူး။ လမ်းစတွေ၊ အနာဂတ်တွေကအားလုံးပျောက်သွားပြီ။ ဒီနေရာမှာ စစ်ဘေးရှောင်ဘဝနဲ့ တစ်နေကုန်နေပြီးတော့ အလုပ်ကလည်း မရှိ။ မနက်မိုးလင်းတော့ ထမင်းချက်၊ ညနေကျရင်လည်း ထမင်းချက် အဲလိုနေပြီးတော့ သင်ထားတဲ့ဆေးပညာ တွေကိုတောင် မေ့လုနီးပါးဖြစ်သွားပြီ။ ဆက် ပြီးတော့ မသင်ရတဲ့အတွက် ဆေးပညာနဲ့ အလှမ်းဝေးသွားပြီ။ အနာဂတ်ကလည်း ပျောက်သွားပြီ လို့တောင် ခံစားရတယ်။ ရွာကိုလည်း ဘယ်အချိန် ပြန်ရမယ်ဆိုတာကို မသိတော့ဘူး။ ဘာလို့ဆိုတော့ ရွာမှာက စစ်ပွဲတွေဖြစ် နေတယ်။ ပြန်ရမယ်ဆိုတာက မသေချာဘူး။ အခုက ဖြစ်ချင်တဲ့ ဆန္ဒတွေကို မျိုသိပ်ပြီးတော့ နေနေရတယ်။ ဒါကြောင့် စစ်ပွဲတွေကိုလည်း အမြန်ဆုံး ရပ်တန့်စေချင်တယ်။ ဘာလို့ဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည် ဖော်ဖို့အတွက် ဒီလိုပဲ စစ်ဘေးရှောင်စခန်းမှာ နေရမယ်ဆိုရင် အကုန်လုံး ပျောက်ကွယ် သွားတော့မယ်။ ကိုယ်တတ်ထားတဲ့ ပညာတွေ ကိုယ့်ရွာ သူရွာသားတွေကို မကူညီနိုင်ပဲ အကုန်လုံးတိမ် မြုပ်သွားမှာကို စိုးရိမ်တယ်။


မမေဆန်းကြည် (စစ်ဘေးရှောင်လူငယ်၊ စိုင်းသာကျေးရွာ၊ မြေပုံမြို့နယ်)

ရွာမှာက စစ်ဖြစ်ပါတယ်။ စစ်ဖြစ်တော့ ရွာမှာက လူမရှိတော့ဘူး။ ဒါကြောင့် (စစ်တွေ) အလိုတော်ပြည့် ကယ်ဆယ်ရေးမှာ စစ်ဘေးရှောင်နေတဲ့ သူတွေရှိတယ်ဆိုလို့ ကျွန်မတို့က ရွာကနေပြီးတော့ ဒီကို စစ်ဘေးရှောင်နေတာ ဖြစ်ပါတယ်။ ကျွန်မကတော့ ကျောင်းပြန် ဆက်တက်ချင်ပါတယ်။ ဒါပေမယ့် မိဘတွေက ငွေမတတ်နိုင်ဆိုတော့ ဆရာတော်က ဆယ်တန်းပြန်တက်မလား လို့မေးပါတယ်။ တက်တော့တက်ချင်ပါတယ်။ ဒါပေမယ့် စာနဲ့ တစ်နှစ်လောက် ဝေးသွားတော့ ပြန်တက်ချင်တဲ့ စိတ်က မရှိတော့ဘူး။ ကျွန်မက ကျောင်းဆရာမ ဖြစ်ချင်တဲ့ ရည်မှန်းချက်က ရှိတယ်။ ကိုယ့်သူငယ်ချင်းတွေက ဆယ်တန်းအောင်သွားတော့ သူငယ်ချင်း အပေါင်းအဖော်တွေက မရှိတော့ဘူး။ ဆရာမဖြစ်မယ့် အိမ်မက်တွေကလည်း အကုန်လုံး ပျက်စီးသွားတယ်။ ကိုယ့်ကိုကိုယ် ယူကြုံးမရ ဖြစ်တယ်။ ကိုယ်တက်ချင်တဲ့ ဆယ်တန်းကိုလည်း တက်ခွင့် မရခဲ့ဘူး။ တက်ခွင့်ရရင်လည်း မိဘက ငွေမတတ် နိုင်တော့ ကျူရှင်တွေ မတက်ခဲ့ရဘူး။ ကျောင်းဆရာမ ဖြစ်ချင် ရင်တောင်မှ ကိုယ့်မှာက ကျောင်းဆရာမဖြစ် ချင်တဲ့ အိမ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ စစ်ဘေး ဒုက္ခသည်စခန်းမှာ နေရတာက အခက်အခဲ မျိုးစုံရှိပါတယ်။ ကျောင်းကတော့ ဆက်ပြီး တက်ချင်ပါတယ်။ စိတ်ကူးတွေလည်း ရှိပါတယ်။ တက်ဖြစ်ရင်လည်း ဆယ်တန်းကို ဖြေနိုင်အောင် ကြိုးစားသွားမယ်လို့ ရည်မှန်းထားတယ်။ ကိုယ့်ရဲ့ ကျောင်းဆရာမ အိမ်မက်ကိုလည်း အကောင်အထည် ဖော်သွားမယ်လို့် ရည်မှန်းချက် ရှိပါတယ်။


မမေဦးခင် ( တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသူ၊ အောင်သာစည်ကျေးရွာ၊ ရသေ့တောင်မြို့နယ်)

ဆယ်တန်း ဖြေထားပါတယ်။ ဆယ်တန်း ဖြေပြီးလို့ရှိရင် ကျွန်မမှာ စိတ်ကူးရှိပါတယ်။ ကွန်ပျူတာ သင်တန်း တက်ချင်ပါတယ်။ မိဘတွေကလည်း ထားပေးမယ်လို့ပြောပေမယ့် အခုက ထွက်ပြေးနေရတော့ ကျောင်းထား ပေးဖို့ကလည်း အဆင် မပြေတော့ဘူး။ ငွေကြေးလည်း အဆင် မပြေတော့ဘူး။ ကျွန်ပျူတာ သင်တန်း တက်ချင်ပါတယ်။ ဆယ်တန်းအောင်လို့ ရှိရင် လုပ်ရမယ့် အရာတွေလည်း ရှိတယ်။ အင်္ဂလိပ် စကားပြော သင်တန်းတက် ချင်ပါတယ်။ အင်္ဂလိပ်စာကို လေ့လာချင်ပါတယ်။ အခုလိုမျိုး စစ်ဘေးရှောင်စခန်းကို ရောက်နေတော့ အဲလို သင်တန်းတွေ တက်ရမှာက အရမ်းကို ခက်ခဲသွားပြီ။ ကိုယ့်အိမ်မှာကိုယ် နေရမယ်ဆိုရင်တော့ တစ်ဖက်တစ် လမ်းကနေ တက်လို့ရမှာပါ။ အခုက အလုပ်အကိုင်မရှိပဲ စစ်ဘေးရှောင် စခန်းမှာ အလှူရှင်တွေ ကျွေးတာကို စားနေရတော့ အဲဒီလိုဖြစ်မှာက အရမ်းကို ဝေးသွားပါပြီ။ တတ်ချင်စိတ်၊ ဖြစ်ချင် စိတ်တွေက အများကြီးရှိပေမယ့် ရင်ထဲမှာပဲ မျိုသိပ်ပြီး သိမ်းထားရပါတယ်။


မောင်စိန်သန်းမောင် (စစ်ဘေးရှောင် လူငယ်၊ လက္ကာကျေးရွာ၊ မြောက်ဦးမြို့နယ်)

ကျွန်တော်က စက်မှုအင်ဂျင်နီယာ တစ်ယောက်ဖြစ်ချင် ပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်စခန်းမှာ ဒီအတိုင်း နေရမယ်ဆိုတော့ ဖြစ်နိုင်မယ်လို့ မထင်ဘူး။ ရွာကိုပြန်သွာပြီး ကျောင်းပြန်ဖွင့်တဲ့ အချိန်မှ ရည်မှန်းချက်တွေ ပြည့်ဝမယ်လို့ ကျွန်တော်ထင်တယ်။ ပညာမတတ်ရင် ဘဝကို ဖြတ်သန်းရမှာက အလွန်တရာမှ ခက်ခဲကြမ်းတမ်း မှာပေါ့။ ပညာတတ်တဲ့ လူတစ်ယောက်နဲ့ ပညာမတတ်တဲ့ လူတစ်ယောက်က တူလည်း မတူတော့ဘူးလေ။ ပညာမတတ်ရင် အလုပ်ကြမ်းလုပ်ရမယ်။ ပညာတတ်ရင် ကလောင်နဲ့ လုပ်စားလို့ရတယ်။ နောက်ဆိုရင် စက်မှုခေတ်တွေ ဖြစ်လာတော့မှာ။ ပညာမတတ်ရင် ဘာမှ လုပ်စားလို့ရမှာ မဟုတ်တော့ဘူး။ ကျောင်းတက်မယ် ဆိုရင်လည်း အလကား တက်လို့ရတာမှ မဟုတ်တာ။ ကျူရှင် စရိတ်တွေရှိတယ်။ ပြီးရင် ဘောပင်၊ စာအုပ်၊ ခဲတံ အကုန်လုံးလိုတာပေါ့။ ပိုက်ဆံက အကုန်အကျများ ပါတယ်။ လက်ရှိမှာက အလုပ်အကိုင် မရှိပဲ ကယ်ဆယ်ရေး စခန်းမှာ နေနေရတယ်။ စားဖို့သောက်ဖို့က အစ ငွေကုန်ကျမှာက အရမ်းကို များပြားနေတော့ ကျောင်းတက်ဖို့ကလည်း လုံးဝ မဖြစ်နိုင်ပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ဆိုရင်လည်း အဲလိုပဲ ကိုယ့်အိမ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ကျောင်းတက်နေတာကနေ ပညာရေးကို စွန့်ခွာပြီး နိုင်ငံခြားကို သွားရတဲ့ သူတွေလည်းရှိတယ်။


မမျိုးငြိမ်းအေးစံ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသူ၊အောင်သာစည်ကျေးရွာ၊ ရသေ့တောင်မြို့နယ်)

ကျောင်းဆရာမ ဖြစ်ချင်ပါတယ်။ ဒါပေမယ့် ရွာမှာက ဆယ်တန်းကို နှစ်တစ်ပိုင်း လောက်ပဲ တက်ခဲ့ရတယ်။ ဒါကြောင့် စာမေးပွဲမှာ မဖြေနိုင်ခဲ့ဘူး။ ကျောင်းမတက်ရပဲ စာသွားဖြေတ။ ဆိုတော့ ဘာမွ မထူးဘူးလေ။ မဖြေနိုင်ခဲ့ဘူး။ စစ်ဘေးရှောင်စခန်းကို ရောက်လာတော့ ပညာဆက် သင်ဖို့ကမဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငွေကြေး မတတ်နိုင်ဘူးလေ။ အလုပ်အကိုင်ကလည်း မရှိ။ ရွာမှာက လယ်ယာတွေ ရှိပေမယ့် ပြေးနေရတော့ လုပ်လို့မှ မရတာ။ အခုလို ကိုယ်မျှော်လင့်ထားတဲ့အရာတွေ ပျောက်ကွယ်သွားမှာလည်း အရမ်းကို ကြောက်နေတယ်။ လမ်းကြောင်းတွေ ပိတ်ပင်သွားမှာကိုလည်း အရမ်း စိုးရိမ်တယ်။ လိုချင်တာကို မဖြစ်နိုင်ခဲ့ရင် စိတ်သောက ရောက်ရတယ်။ ဆက်ပြီးတော့ ဒီလိုပဲ နေမယ်ဆိုရင် ဒီလို ထင်မိမှာတော့ အမှန်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ လုပ်ဖို့ကိုင်ဖို့ လမ်းကြောင်းကလည်း မရတော့ဘူးလေ။ တစ်ခါတစ်လေကျရင် ကိုယ်ဖြစ်ချင်တဲ့ အရာတွေ ဖြစ်လာရင ကောင်းမှာပဲ ဆိုပြီး မျှော်လင့်မိတယ်။ ကိုယ်မျှော်လင့်ထားတဲ့ အနာဂတ် ကိုယ် ဖြစ်ချင်တာတွေ ဖြစ်လာမှာကို အရမ်းကို မျှော်လင့်မိပါတယ်။
ခိုင်ရိုးလ (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here