မြန်မာ့ငြိမ်းချမ်းရေး ချောတိုင်များ

0
311

ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (တတိယအစည်းအဝေး) ဖွင့်ပွဲနေ့တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အား ချောတိုင်တက်ပွဲနှင့် ဥပမာပြနှိုင်းယှဉ်ပြီး ပြောသွားခဲ့သည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ငြိမ်းချမ်းရေး လမ်းကြောင်းဟာ ချောတိုင်တက်နေရသလိုပဲ၊ ပြန်မကျအောင် ကြိုးစားမှ ပန်းတိုင်ရောက်မယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သမ္မတဦးသိန်းစိန် လက်ထက်မှာတစ်ကြိမ်၊ NLD အစိုးရလက်ထက်မှာ ၃ ကြိမ် ၃ နှစ်နီးပါးကာလအတွင်း စုစုပေါင်း ၄ ကြိမ်ကျင်းပခဲ့ရာတွင် ချုပ်ဆိုနိုင်ခဲ့သည့် ပြည်ထောင်စုသဘောတူ စာချုပ် ၅၁ ချက် (ဒုတိယအစည်းအဝေး ၃၇၊ တတိယအစည်းအဝေး ၁၄) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အခြေခံမူများ အနှစ်ချုပ် ဖြစ်သည့် “ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ် တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နှင့်အညီ တည်ဆောက် သွားရန်” လမ်းကြောင်းသို့ ဦးတည်တည့်မတ်နိုင်ခြင်း မရှိသေးပေ။

ထို့အတူ NCA အခြေခံမူများ(အနှစ်ချုပ်) ၌ “တိုင်းရင်းသားလူမျိုးစုံ ပူးပေါင်းပါဝင်သော ပြည်ထောင်စု တပ်မတော် ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရန်” ဆိုသော်လည်း လုံခြုံရေးကဏ္ဍတွင် ဆုံးဖြတ်ချက် ချမှတ်နိုင်လောက်သည့် ယုံကြည်မှုများ မတွေ့ရှိပါ။ ညီလာခံတွင် ဆွေးနွေးသည့် လုံခြုံရေးကဏ္ဍတွင် သဘောတူညီချက် ယနေ့အချိန်ထိ ၁ ချက်မှ မရရှိသေးပါ။

သတ်မှတ်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကျင်းပနိုင်ခဲ့သည်မှာလည်း NCA လက်မှတ်ထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကို လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မပြုခြင်း၊ ကျင်းပခွင့်ပြုသော်လည်း လူထုတွေ့ဆုံပွဲများကို ကန့်သတ်တားမြစ်ခြင်း၊ အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းများကြောင့်ဟု ကောက်ချက်ချရမည် ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေး ရှေ့ခရီးစဉ်တွင် နှောင့်နှေးမှုဖြစ်စေသော “ချောတိုင်” အချို့ကို ပြသလိုပါသည်။

(က) ခွဲမထွက်ရေး

၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် (၂၁) ရာစုပင်လုံ(ဒုတိယအစည်းအဝေး) နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲတွင် “နိုင်ငံတော်၏အစိတ်အပိုင်းဟူသမျှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုသည့်အချက်ကို သဘောတူပါမှ တိုင်းရင်းသားတွေဘက်က တောင်းဆိုသည့် “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်” နှင့်ဆိုင်သော ပြည်နယ်များ၏ ဖွဲ့စည်းပုံအသီးသီး ရေးဆွဲမည့်ကိစ္စကို တပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့က လက်ခံမည်ဆိုသည့်အတွက် နိုင်ငံရေးကဏ္ဍ၌ ဆက်ပြီးတစ်ဆို့နေသည့်အချက် ဖြစ်နေသည်။

စင်စစ် တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုနေသည့် “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်”ကို တဖက်မှာလည်း “ခွဲမထွက်ရ” ဆိုသည့်အချက်နှင့် ပြန်လည်ချည်နှောင်လိုက်ခြင်း ဖြစ်ပါသည်။

၁၉၄၇ ခုနှစ် မူလပင်လုံစာချုပ်တွင် “ခွဲထွက်ခွင့်” ရှိကြောင်း ယခင်ခေါင်းဆောင်အသီးသီးတို့ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည့်ကိစ္စကို ယခု ၂၁ ရာစုတွင် ခြေဖျက်၍ “ခွဲမထွက်ရ” ဆိုပြီး အသစ်တဖန် စာချုပ်မည့်ကိစ္စကိုတော့ လက်ရှိတိုင်းရင်းသားခေါင်းဆောင်များ လက်ခံရန် အတော်ခဲယဉ်းမည့်ကိစ္စပင် ဖြစ်သည်။

“ပင်လုံစိတ်ဓါတ်အခြေခံ ၂၁ ရာစုပင်လုံညီလာခံ” ကြွေးကြော်သံနှင့်အတူ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်လာကြသည့် သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် မူလပင်လုံစာချုပ်ပါ သဘောတူညီချက်များကို ဖျက်ဆီးပစ်သည့် သမိုင်းတရားခံတော့ အဖြစ်ခံလိမ့်မည် မထင်ပါ။

အထူးသဖြင့် မူလပင်လုံစာချုပ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသား ခေါင်းဆောင်များ လုံးဝ(လုံးဝ) လက်မခံနိုင်သည့်အတွက် တပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့ အဆိုပြုထားသည့် “ခွဲမထွက်ရေး” မူသည် အလွန်တက်ရ ခက်လှသည့် “ချောတိုင်ကြီး” တစ်ခုဟုပင် ဆိုချင်ပါသည်။

(ခ) တစ်ခုတည်းသောတပ်မတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းများတွင် “ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံအပြင် မည်သည့် စနစ်ကျင့်သုံးတဲ့ နိုင်ငံမှာမဆို တစ်ခုတည်းသော တပ်မတော် တစ်ရပ်သာ ရှိပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအနေနဲ့လည်း နိုင်ငံတကာက ကျင့်သုံးနေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားဖို့ လိုအပ်ပါသည်။ ဒီအချိန်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်ပေါက်လာဖို့ လက်နက်ကိုင် လမ်းစဉ်တွေ ချုပ်ငြိမ်းသွားရေးဟာ ပထမဦးစားပေးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”

သို့ရာတွင် “တစ်ခုတည်းသောတပ်မတော်” ဆိုသည်ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း EAOs ခေါင်းဆောင်များက မူအားဖြင့် လက်ခံသည်ဆိုသော်လည်း စုစုပေါင်း ခန့်မှန်းအင်အား တစ်သိန်းကျော်ရှိ အနှစ် ၇၀ ခန့် ကမ္ဘာ့အရှည်ဆုံးပြည်တွင်းစစ်ကို ဆင်နွှဲလာသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံး လုံးဝဖျက်သိမ်းလိုက်ပြီး လက်ရှိတပ်မတော်တစ်ခုတည်းကိုသာ ထားရှိရမည့်ကိစ္စသည် လွယ်ကူသည့် လုပ်ငန်းစဉ်တော့ မဟုတ်ပေ။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်အသီးသီးတို့သည်လည်း အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်မရရှိပါက မိမိတို့တပ်ဖွဲ့များကို လုံးဝဖျက်သိမ်းမည်မဟုတ်ဟု အစဉ်အမြဲ အသိပေး ပြောကြားလျက် ရှိသည်။

ထို့ကြောင့် လက်နက်ကိုင် လမ်းစဉ်ချုပ်ငြိမ်းပြီးမှ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်မည်ဆိုသည့် တပ်မတော်က ဘက်တစ်ဖက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမ ခံရှိမှသာ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရန် စဉ်းစားမည်ဆိုသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး ဘက်နှစ်ဖက်တို့သည်ကား ၎င်းတို့၏ မူလရပ်တည်ချက်အတိုင်း တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုး စွန်းမှာပဲ အသီးသီး ရှိနေကြသေးသဖြင့် တစ်ခုတည်းသော တပ်မတော်ဖြစ်ရေးသည် အလွန့်အလွန် ရှည်လျားသည့် “ချောတိုင်” ဟုလည်း ရှုမြင်နေမိသည်။

(ဂ) NCA ရေးထိုးပြီးလည်း စစ်ရေးပဋိပက္ခများဆက်လက်ဖြစ်ပေါ်

NCA သည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ချုပ်ဆိုသော အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြစ်သည့်အတွက် လက်မှတ်ရေးထိုးပြီးသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည့်ကိစ္စကို လူအများနားမလည်နိုင်စရာ ဖြစ်နေသည်။

အထူးသဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အနေဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးပြီး ၃ လပင် မပြည့်သည့်ကာလမှစတင်ပြီး တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ ယနေ့ အချိန်အထိပင် ဖြစ်သည်။

တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြား ရမှာမဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင်ထိန်းဖို့ အဓိပ္ပါယ်ကင်းမဲ့တဲ့ အကြောင်းပြချက် အမျိုးမျိုး မပေးဖို့ လိုပါမယ်” ဟု (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) ဖွင့်ပွဲနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သို့ရာတွင် တဖက်မှ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း “တပ်မတော်ဟာ NCA အတိုင်း မလုပ်ဆောင်လို့လေ။ အပစ်ရပ် ဆွေးနွေးကြပြီဆိုပေမယ့် စစ်အင်အားသုံးပြီး လာလာ တိုက်နေတာ။ သဘော တူညီချက်အတိုင်း မလုပ်ဘူးလေ။ ကျနော်တို့ဘက်က စတင်ပစ်ခတ်တာမျိုး မရှိဘူး။ သူတို့ဘက်ကဘဲ အရင်လာ တိုက်တာ။ ကျနော်တို့က ကိုယ့်ကိုယ်ကိုကာကွယ်တော့ တိုက်ပွဲတွေဖြစ်ရတော့တာပေါ့။ နယ်မြေကျူးကျော်မှုလို့ သူတို့ပြောလာတယ်။ သဘောတူညီချက်ထဲမှာ မဆုံးဖြတ်ရသေးဘူးလေ ကျနော်တို့က ဘယ်နေရာမှာ နေရမယ်ဆိုတာ။ ကျနော်တို့က သျှမ်းတပ်။ သျှမ်းပြည်အတွက် လုပ်နေတာ ။ ဗမာပြည်ကို မသွားဘူး။ ဗမာပြည်မှာ သွားမရှုပ်ဘူး” ဟု ဇူလိုင်လ ၁၅ ရက်နေ့က သျှမ်းသံတော်ဆင့်သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အလားတူ ပြီးခဲ့သည့် နွေရာသီတွင်လည်း လမ်းဖောက်လုပ်မည်ဆိုပြီး တပ်မတော်က KNU နယ်မြေထဲ ဝင်ရောက်လာသည့် ကိစ္စကြောင့် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့သဖြင့် စစ်ရှောင် ၂၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် သတင်းများကိုလည်း ကြားသိရသည်။

ထို့ပြင် မကြာမီလပိုင်းအတွင်းက ကျိုက်မရောမြို့နယ်အတွင်းရှိ မွန်ပြည်သစ် တပ်စခန်းငယ်တစ်ခုကို တပ်မ တော်နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့ အင်အားဖြင့်ဝင်ရောက်လာပြီး အလံတိုင်ကို ခုတ်ဖြတ် လှဲခဲ့သည့် ဖြစ်စဉ်ကလည်း သေနတ်သံမပေါက် ပေါက်အောင် တမင်ဖန်တီးနေသလားဟုပင် ထင်မြင် ယူဆစရာ ဖြစ် သည်။

အဆိုပါအခြေအနေများအပေါ် NCA စာချုပ်ပါ အချက်အလက်များနှင့်လည်း နှိုင်းယှဉ်ချိန်ထိုးကြည့်စေ လိုပါသည်။

NCA စာချုပ် အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များပါ အပိုဒ် ၅ တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အောက်ပါတို့ကို လိုက်နာရန် သဘောတူသည်။

(က) အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့်တစ်ဖက်အကြား နယ်မြေစိုးမိုးမှုတပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္တုပစ္စည်းများ ဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန်။

(ခ) တစ်ဖက်နှင့်တစ်ဖက် ရန်မူသည့်(သို့မဟုတ်) စော်ကားမှုဖြစ်စေသည့် တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်သည့်လုပ်ရပ်များကို မပြုလုပ်ရ။

ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရန် အချိန် များစွာ ပေးအပ်ခဲ့ရပြီး သေနတ်သံတစ်ချက် ထပေါက်ပါက အချည်နှီးသာပြန်ဖြစ်သဖြင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ NCA စာချုပ်ပါအချက်အတိုင်း လိုက်နာဆောင်ရွက်ရေးသည်လည်း ဆီရွှဲရွှဲ“ချောတိုင်ကြီး” တက်နေရသလိုပင် ရှုမြင်ပါသည်။

(ဃ) အားလုံးပါဝင်ရေး All Inclusive

Myanmar Peace Center-MPC ကထုတ်ဝေသော မြန်မာ့ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Peace & NCA စာအုပ်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အား 100,000+ တစ်သိန်း အထက်ဖော်ပြထားသည်။

သို့ရာတွင် NCA လက်မှတ်မထိုးသည့် စစ်အင်အား ၈ သောင်းခန့်ရှိသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ FPNCC ၇ ဖွဲ့တို့သည် ငြိမ်းချမ်းရေးညီလာခံများတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးခြင်း မရှိသေးပေ။

NCA လက်မှတ်ရေးထိုးပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပဖြစ်သည့် ရှမ်းနှင့် ရခိုင် တိုင်းရင်းသားတို့၏ အသံသည်လည်း ချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ်တွင် ထင်ဟပ်ခြင်းမရှိဟု ကာယကံရှင်တိုင်းရင်းသားများက ဆိုကြပြန်သည်။

ထို့ကြောင့် စစ်မှန်သောပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံဖြစ်ဖို့ တိုင်းရင်းသား အားလုံး၏အသံ လွှမ်းခြုံ ပါဝင်ရေးသည်လည်း “ချောတိုင်ကြီး” တက်နေရသည့်ပမာ လွယ်ကူလှသည် မဟုတ်ပေ။

(င) ပန်းတိုင်ဆီသို့ ဇွဲမလျော့

ယခုကဲ့သို့ အခြေအနေများတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုး ပြောသလို မြန်မာ့ ငြိမ်းချမ်းရေး သည် ချောတိုင် တက်ပွဲနှင့်အလားသဏ္ဍန်တူနေပြီး ရောက်နေသည့်နေရာကနေ ပြန်လျောမကျအောင် ထိန်းနေရကြောင်း ထင်ဟပ်နေပါသည်။

ထို့ကြောင့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကပါဝင်ပတ်နေသူ Stakeholder များအနေဖြင့် ငြိမ်းချမ်းရေးအမှန်တကယ်ရရှိရမည်ဟု သံဓိဌာန်ခိုင်ခိုင်မာမာ ချမှတ်ထားပြီး တဖက်နှင့်တဖက် မျှတသည့် အပေးအယူ အလျှော့အတင်းရှိဖို့လည်း အဓိက လိုအပ်သလို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသစ်ကြီး တည်ဆောက်ကြမည့် ရည်မှန်းချက်နှင့်အတူ စိတ်ဓါတ်ကြံ့ကြံ့ခိုင်ဖို့ လိုအပ်ပါသည်။

ထို့ကြောင့် သယံဇာတပေါကြွယ်ဝသော်လည်း ကမ္ဘာ့အဆင်းရဲဆုံးဖြစ်နေရသည့် မိမိနိုင်ငံအရေး အထူးအလေး ထား၍ အခက်အခဲ အကြပ်အတည်းပေါင်းမြောက်များစွာ ရှိနေမည်ဖြစ်သော်လည်း မည်သို့ရှိစေကာမူ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ညီအစ်ကိုယ်အရင်းပမာ ဖေးမလက်တွဲခေါ်ရင်း ဇွဲမလျှော့ဘဲ မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်အရောက် အခက်အခဲများစွာကို ရင်ဆိုင်ရမည့် ချောတိုင်များကို ဖြတ်ကျော်တက်လှမ်းနိုင်ကြပါစေဟု ဆန္ဒပြုလျက်——

*ကျေးဇူးတင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here