28 March 2024 /

See today's Peace Related News

လူ့အခွင့်အရေး ချိုးဖောက်ခံ တိန်းကောက်ရွာ စစ်ရှောင်များ အစိုးရ၏ အသိမှတ်ပြုခြင်း မခံရသေး

မြစ်ကြီးနား နန်းကွေ့ကျေးရွာအုပ်စု ကဘူဒမ်းရွာ COC ခရစ်ယာန်ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ စစ်ပြေးရှောင်တွေဟာ တပ်မတော်သားတွေရဲ့ လူ့အခွင့်ချိုးဖောက်မှုကို ခံရသူများဖြစ်သော်လည်း အစိုးရက တရားဝင် စစ်ရှောင်တွေအဖြစ် မသတ်မှတ်သေးတာကြောင့် ၁ နှစ်ပြည့်သွားပေမယ့် အကူအညီမဲ့ မိုးကာတဲမှာပဲ နေထိုင်နေရပါတယ်။

အိမ်ထောင်စု ၁၄ ခု၊ စုစုပေါင်း လူဦးရေ ၃၈ ယောက်ရှိသော တိန်းကောက် ရဝမ်းကုန်းက ပြည်သူတွေဟာ ၂၀၁၇ ဇူလိုင် ၁၃ ရက်နေ့ အခုလက်ရှိနေရာကို ထွက်ပြေးလာခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၊ ရဝမ်ရေးရာ ဝန်ကြီး နဲ့ နယ်လုံ တို့ကို စာရေးသား ပေးပို့ခဲ့ပြီ ဖြစ်ကြောင်း စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

သို့ပေမယ့်လည်း ဒီကနေ့ ၁ နှစ်ပြည့်ချိန်အထိ UNHCR ထောက်ပံ့ပေးထားတဲ့ ဆွေးမြေ့နေပြီဖြစ်တဲ့ မိုးကာတဲမှာ အသက်ဆက်နေရလို့ ကလေး လူကြီး ဖျားနာမှုကို ခံစားနေရတယ်လို့ စစ်ရှောင်တစ်ဦး ဒေါ်ဆိုင်းမိုင်က ပြောပါတယ်။

“တဲမှာအရမ်းခက်ခဲတယ်။ မိုးရွာရင် ရေဝင်တယ်။ ပြီးရင် အနံ့က ပြန်ထွက်လာတော့ နေလို့ အိပ်လို့ မရဘူး။ နေ့ခင်းမှာ နေပူရင်၊ မိုးရွာရင် နေလို့မရဘူး။ ပူရင် အရမ်းပူတယ်။ ကလေးတွေဆို အဖုလေးတွေထွက်ပြီး အနာစိမ်းလို ဖြစ်သွားတယ်။ ကလေးတော်တော်များများဖျားတယ်။ တချို့က ဝမ်းလျှောတယ်။ တစ်ခါတလေ ကလေးတင်မက လူကြီးပါဖျားတယ်။” လို့ပြောပါတယ်။

အခု စခန်းမှာရှိနေတဲ့ သူတွေဟာ ၂၀၁၇ ဇူလိုင်လ ၉ ရက်နေ့မနက် တပ်မတော်နဲ့ KIA တိုက်ပွဲအပြီး တပ်မတော်သားတွေရဲ့ ဖမ်းဆီး နှိပ်စက် ရိုက်နက်ကာ ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် စစ်ပြေးရှောင်လာသူတွေ ဖြစ်ပါတယ်။

သူတို့နေတဲ့ ရဝမ်ကုန်းမှာ နောက်ထပ် တိုက်ပွဲဖြစ်ပွားရင် တစ်ရွာလုံးကို သတ်ပစ်မယ်လို့ အဲဒီတပ်မတော် စစ်ကြောင်းမှူးက ပြောခဲ့တဲ့အတွက် ဒီကနေ့အထိ မပြန်ရဲဘဲ မိုးကာတဲမှာ ရှိနေခဲ့တာပါ။

တပ်မတော်သားတွေရဲ့ နှိပ်စက်မှုခံခဲ့ရတဲ့အတွက် တချို့ဆို အခုထိ အတွင်းကြေဒဏ်ကို ခံနေရပါတယ်။

လူ့အခွင့်အရေး အလွန်ချိုးဖောက်ခံရပြီး ထွက်ပြေးလာသူတွေကို သက်ဆိုင်ရာ အစိုးရကလည်း တရားဝင် စစ်ရှောင်တွေအဖြစ် မသတ်မှတ်ပေးတာကြောင့် အကူညီထိရောက်စွာ မရဘူးလို့ စခန်းတာဝန်ခံ ဆရာ ဆန်နိုင်ဖီက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း အစိုးရအနေနဲ့ COC ဘုရားကျောင်းမှာ မိုးကာတဲ့နဲ့ ခိုလှုံနေသူတွေကို အတတ်နိုင်ဆုံး ကူညီပေးရန် မျှော်လင့်နေကြောင်း ဆက်လက်ပြောဆိုခဲ့ပါတယ်။