“ငြိမ်းချမ်းရေးကို ပါးစပ်နဲ့ပဲပြောရင် ပါးစပ်နဲ့ပဲရမယ် လက်တွေ့လုပ်မှ လက်တွေ့ရမယ် လက်တွေ့မလုပ်ရင်တော့ လက်တွေ့မရဘူး၊ နောက်တစ်ခု ပွင့်ပွင့်လင်းလင်းပြောချင်တာက လက်ရှိအစိုးရနိုင်ငံရေးအမြင်အရဆိုရင် ငြိမ်းချမ်းရေးက ဝေးနေဦးမှာပဲ” နိုင်တလညီ (မွန်ညီညွတ်ရေးပါတီ ၊ ဗဟိုအလုပ်အမှုဆောင်)

0
321

မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုအလုပ်အမှုဆောင် နိုင်တလညီနှင့် တွေ့ဆုံမေးမြန်းချက်

၁၁ သြဂုတ် ၂၀၂၀

လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံအစည်း ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်ပါသလဲ၊ လက်ရှိအစိုးရနှင့် တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုသုံးသပ်နိုင်မလဲ စတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ရှိချက်တွေနဲ့ ထင်မြင်ယူဆချက်တွေကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်လည်းဖြစ် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်တဲ့ နိုင်တလညီနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးအပေါ် မွန်ညီညွတ်ရေးပါတီ သဘောထား ဘယ်လိုရှိပါသလဲ။

ဖြေ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာ အရေးကြီတဲ့ညီလာခံတစ်ခုဖြစ်တာပေါ့။ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးမရှိရင် ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူး။ ဒီမိုကရေစီရေးတို့ နိုင်ငံဖွံ့ဖြိုးရေးတို့ အခြားအရေးတွေအားလုံး အထိုက်အလျှောက် ဘာမှလည်း တိုးတက်လာမှာမဟုတ်ဘူး၊ ဒါကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာ အရေးကြီးတယ်၊ အရေးကြီးတဲ့အတွက်ကြောင့် အချိန်ယူပြီး လုပ်ရတဲ့ကိစ္စဖြစ်တယ်၊ ဒီနေ့ဒီအချိန်ခါမှာ ကိုဗစ်ကာလလည်း ဖြစ်တယ်၊ ရွေးကောက်ပွဲလည်းနီးပြီ၊ အချိန်သိပ်ရှိတာ မဟုတ်ဘူး၊ ကတိုက်ကရိုက်နဲ့လုပ်ရင်တော့ အဖြေရလဒ်သိပ်ထွက်လာမှာ မဟုတ်ဘူးလို့ ကျနော်တို့မြင်တယ်။

ဒါကြောင့် ကျနော်တို့ပါတီအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ရွေးကောက်ပွဲမတိုင်ခင်မှာ မကျင်းပသင့်ဘူးလို့ မြင်တယ်၊ ရွေးကောက်ပွဲပြီးမှ အချိန်ယူပြီးတော့ လုပ်သင့်တယ်လို့ မြင်တယ်၊ နောက်တစ်ချက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ်မှာက နိုင်ငံရေးနဲ့ပတ်သက်လို့ အချက် ၁၂ ချက်ချမှတ်ခဲ့တာရှိတယ်၊ ဒီကနေ့အထိ ဒီအချက်တွေကို အကောင်အထည်ဖော်တာ ဘာမှမရှိသေးဘူး၊ အခုဆိုရင် ပြည်ထောင်စုသဘောတူစာချုပ် ၂ ခုရှိသွားပြီ လွှတ်တော်မှာလည်း အတည်ပြုခဲ့ပြီးပြီ၊ ဒါတွေကိုအကောင်အထည်ဖော်မှု မရှိဘူး၊ ကျနော်တို့ပါတီ မြင်တာက ဒါကို အချိန်ယူပြီးတော့ ဆွေးနွေးရမယ်၊ လောလော လောလော လုပ်သွားရင် လောလော လောလောပုံစံမျိုးပဲ ဖြစ်သွားမှာပေါ့။

မေး-အခုကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံက ထိရောက်မှုရှိနိုင်ပါ့မလား။

ဖြေ-ကျနော်နားလည်သလောက်ဆိုရင် ဒီအပတ်ငြိမ်းချမ်းရေးညီလာခံက သိပ်ဆွေးနွေးစရာတော့ မရှိဘူးလို့ နားလည်ရတာပေါ့၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ ချုပ်ဖို့ဆိုတာ သူတို့ညှိနှိုင်းနေတာပေါ့။ အဲဒီညှိနှိုင်းလို့ရတဲ့ ရလဒ်တွေအပေါ် အခြေခံပြီးတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို သွားမယ်ဆိုတဲ့သဘော၊ ပြောချင်တာက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာက လုပ်ငန်းစဉ်တစ်ခုကို ကျော်ဖြတ်လိုက်တာလောက်ပဲဖြစ်ပါလိမ့်မယ်၊ ညီလာခံထဲမှာ ဆွေးနွေးမှုမရှိတော့ဘူး အပြင်မှာဆွေးနွေးထားပြီး ရတဲ့အချက်တွေကို ဖြစ်စဉ်တစ်ခုဖြတ်သွားလိုက်တဲ့သဘောလောက်ပဲ မြင်တယ်၊ ငြိမ်းချမ်းရေးရဖို့ဆိုတာ အခက်အခဲအများကြီးရှိတာပေါ့ ဘာပဲပြောပြော ကျနော်တို့တိုင်းပြည်မှာ အင်အားစု ၃ ခုရှိတယ်၊ ဒီမိုကရေစီအင်အားစု၊ စစ်တပ်အင်အားစုရယ် ကျနော်တို့တိုင်းရင်းသားအင်အားစုရယ် ဒီအင်အားစု ၃ ခုက အတိုင်းအတာတစ်ခုအထိ သဘောတူညီမှုရမှသာလျှင် ငြိမ်းချမ်းရေးညီလာခံ အောင်မြင်မှာပေါ့နော်၊ ဘာမှသဘောတူညီချက်မရတဲ့ ငြိမ်းချမ်းရေးညီလာခံ လုပ်တော့လုပ်တာပေါ့နော် မူအရတော့ သဘောတူညီချက်တွေ ချလို့ရတာပေါ့နော် ယေဘူယျမူ လက်တွေ့မှာ ဘာမှလည်း အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး၊ ကျနော်တို့မြင်တာက ငြိမ်းချမ်းရေးညီလာခံလုပ်တာ ကောင်းတယ်၊ ဒါပေမယ့် အုပ်စု ၃ စုကြားထဲမှာ ဘုံသဘောတူညီချက်တစ်ခုခု ရှိမှသာလျှင် ရှေ့သွားလို့ရမယ် ဒါပေမယ့် ဒီလိုပြောခြင်းအားဖြင့် ဘုံသဘောတူညီချက် နားလည်မှုရမှာမဟုတ်တဲ့အတွက် ဒီငြိမ်းချမ်းရေးညီလာခံ မလုပ်နဲ့ ဒါမျိုးကိုဆိုလိုတာမဟုတ်ပါ ဘာပဲဖြစ်ဖြစ် ကျနော်တို့က ငြိမ်းချမ်းရေးညီလာခံလုပ်နေခြင်းအားဖြင့် ဖက် ၃ ဖက်က တွေ့ဆုံဆွေးနွေးမှုရှိနေခြင်းအားဖြင့် သူဟာနဲ့သူ အရွေ့တစ်ခု ရှိလာမှာပေါ့နော် ဒါပေမယ့် ထိရောက်တဲ့အရွေ့နဲ့ မထိရောက်တဲ့အရွေ့ အဲဒါပဲကွာတယ်။

မေး-ဖက်ဒရယ်အခြေခံမူနဲ့ပတ်သက်ပြီး ဘာကြောင့် တစ်ဆို့မှုတွေဖြစ်နေရပါလဲ။

ဖြေ-မြန်မာပြည်ရဲ့အရေးကတော့ ဖက်ဒရယ်အရေးပဲလေ အဖြေမထွက်မချင်း တစ်ဆို့နေမှာပေါ့ ဖက်ဒရယ်အရေးက အခုမှစတင်ခဲ့တာမဟုတ်ဘူးလေ လွတ်လပ်ရေးမရခင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူခဲ့တာလေ လွတ်လပ်ရေးရပြီးရင် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အခြေခံတဲ့ တိုင်းရင်းသားတွေ ကိုယ့်ဒေသကိုယ်အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှာကို သဘောတူခဲ့တယ်လေ၊ အဲဒီသဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်ခဲ့လို့ ဒီနေ့အထိ ပြည်တွင်းစစ်က ဖြစ်ခဲ့တာပါ။ ဒါကြောင့် မြန်မာပြည်ရဲ့အရေးက ဖက်ဒရယ်အရေးပဲလေ ဖက်ဒရယ်ကို မချဉ်းကပ်နိုင်သ၍ကတော့ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူးပေါ့လေ ဖက်ဒရယ်အမြင်ချင်း မတူမချင်းကတော့ ငြိမ်းချမ်းရေးမရဘူးပေါ့၊ ၂၀၀၈ ဖွဲ့စည်းပုံက ဖက်ဒရယ်ပုံသဏ္ဍာန်မပါဘူးလား ဆိုရင်လည်း ပါတယ်လေ အတိုင်းအတာတစ်ခုအထိပါတယ် ဒါပေမယ့် လက်ခံနိုင်တဲ့အတိုင်းအတာ လက်မခံနိုင်တဲ့အတိုင်းအတာပေါ့လေ ဒါတွေက အမြင်ချင်းတော့ ကွဲနေမှာပေါ့လေ အမြင်ချင်းတစ်ထပ်ထည်းဆိုတာ မဖြစ်နိုင်ပါဘူး ဒါပေမယ့် အမြင်ချင်းနီးစပ်လာအောင် ဘယ်လိုချဉ်းကပ်ကြမလဲ ဘယ်လိုရွေးချယ်ကြမလဲ ဒါကအရေးကြီးတယ်။

မေး-လက်ရှိ NLD အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့လုပ်ငန်းစဉ်အပေါ် ဘယ်လိုသုံးသပ်လိုပါသလဲ။

ဖြေ-လက်ရှိ NLD အစိုးရက သူ့ရပ်တည်ချက်အတိုင်း သူသွားတာပဲလေ၊ ဖွဲ့စည်းပုံပြင်ခဲ့တဲ့နေရာမှာလည်း သိသာမြင်သာပါတယ်၊ NLD က ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံပဲပြင်တယ်၊ ဖက်ဒရယ်နဲ့ပတ်သက်တဲ့အချက် တစ်ချက်မှ သူတို့မစဉ်းစားဘူး၊ ထိုနည်းတူတိုင်းရင်းသားနဲ့ပတ်သက်တဲ့အချက်တွေ တစ်ချက်မှမစဉ်းစားဘူး၊ ဒါဆိုရင် တိုင်းရင်းသားအခွင့်ရေးနဲ့ ဖက်ဒရယ်အရေးမပါဝင်တဲ့ နိုင်ငံရေးဟာ ငြိမ်းချမ်းရေးကို ဘယ်လိုမှတည်ဆောက်လို့မရပါဘူး ကျနော်ပြောလိုတာက ကျနော်တို့တိုင်းပြည်ဟာ ငြိမ်းချမ်းရေးရမှသာလျှင် ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီကလည်း ခရီးရောက်နိုင်မယ် နောက်မှ ကျနော်တို့လိုချင်တဲ့ စီးပွားရေး ပညာရေး လူမှုရေးတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်မယ် ဒါကြောင့် ငြိမ်းချမ်းရေးကိုသွားချင်ရင် ငြိမ်းချမ်းရေးနဲ့နီးစပ်မှုရှိတဲ့ လုပ်ဆောင်ချက်ကို လုပ်ရမယ် ဒါကြောင့် ငြိမ်းချမ်းရေးကိုပါးစပ်နဲ့မပြောပါနဲ့ ပါးစပ်နဲ့ပြောရင် ပါးစပ်နဲ့ရမယ်လို့ ပြောချင်ပါတယ်။

မေး-ဘာများဖြည့်စွက် ပြောကြားလိုပါသလဲ။

ဖြေ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပဲလုပ်လုပ် ဘာပဲလုပ်လုပ် အဓိကအရေးကြီးတာက ငြိမ်းချမ်းရေးရဖို့ပဲ။ ငြိမ်းချမ်းရေးရဖို့ဆိုရင် ပါဝင်တဲ့အစုအဖွဲ့တွေက ငြိမ်းချမ်းရေးကို တကယ်လိုချင်တဲ့စိတ်ဆန္ဒတွေ ရှိရင်တော့ ပိုပြီးတော့ ခရီးကရောက်မှာပေါ့။ ဒါပေမယ့် လိုချင်တဲ့စိတ်ဆန္ဒမရှိရင်တော့ ခရီးကဝေးနေမှာပေါ့။ တစ်ခုပြောချင်တာက ငြိမ်းချမ်းရေးကို ပါးစပ်နဲ့ပဲ ပြောရင် ပါးစပ်နဲ့ပဲရမယ် လက်တွေ့လုပ်မှ လက်တွေ့ရမယ် လက်တွေ့မလုပ်ရင်တော့ လက်တွေ့မရဘူး အဓိက ငြိမ်းချမ်းရေးရနိုင်ဖို့က ဖက်ဒရယ်ကို ဘယ်လောက်ချဉ်းကပ်နိုင်မှာလဲ၊ နောက်တစ်ခု ပွင့်ပွင့်လင်းလင်းပြောချင်တာက လက်ရှိအစိုးရနိုင်ငံရေးအမြင်အရဆိုရင် ငြိမ်းချမ်းရေးက ဝေးနေဦးမှာပဲ၊ လွန်ခဲ့တဲ့လေးငါးခြောက်လမကတော့ဘူး။ ဒေါက်တာမျိုးညွန့် ပြောခဲ့တာပေါ့နော် အင်တာဗျူးတစ်ခုမှာ သူတို့ NLD ပါတီအနေနဲ့ စစ်မှန်သော ဒီမိုကရေစီအရင်သွားမယ်၊ စစ်မှန်သောဒီမိုကရေစီရပြီးမှသာ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ကိုသွားယ် ဒါက ငြိမ်းချမ်းရေးအတွက် အများကြီးဝေးသွားပြီ၊ စစ်မှန်သောဒီမိုကရေစီဆိုတာကတော့ အများအားဖြင့်လက်ခံတာက စစ်တပ်က နိုင်ငံရေးကနေထွက်မှ ဒါက စစ်မှန်သော ဒီမိုကရေစီရမယ်၊ စစ်တပ်က ဘာပြောသလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေသရွေ့ကတော့ စစ်တပ်က နိုင်ငံရေးကနေမထွက်ဘူး ပွင့်ပွင့်လင်းလင်းပြောထားပြီးပြီ၊ နောက်ပြီး တိုင်းရင်းသားတွေဘာပြောသလဲဆိုရင်တော့ တိုင်းရင်းသားတွေအတွက် နိုင်ငံရေးအာမခံချက်မရှိရင် လက်နက်ကိုင်ကိစ္စကို မစဉ်းစားသေးဘူးဆိုရင်တော့ ဒါတွေအားလုံးကိုကြည့်လိုက်ရင် ငြိမ်းချမ်းရေးဟာ ဝေးနေဦးမှာပေါ့။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here