ကချင် လူငယ် ဆန္ဒပြခေါင်းဆောင် (၃)ဦး အမှု တရားလိုသက်သေ စစ်သား (၂)ဦးအား စစ်ဆေး

0
207

တပ်မတော် အသရေဖျက်မှုဖြင့် တရားစွဲဆို ခံထားရသော ပိတ်မိပြည်သူများ လွတ်မြောက်ရေး ကချင်လူငယ် ဆန္ဒပြ ဦးဆောင်သူ (၃)ဦး အမှုကို တရားလို သက်သေ စစ်သား (၂)ဦး အား ယနေ့ ဇူလိုင်လ (၃၀)ရက်နေ့ မြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ပါသည်။

ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦး တိုင်ကြားထားသည့် အဆိုပါအမှု နှင့် ပတ်သက်၍ တရားလို သက်သေ (၂)ဦး အား ယနေ့ စစ်ဆေးခဲ့ရာတွင် သူတို့ (၂)ဦး အနေဖြင့် သေချာ သိရှိခြင်း မရှိကြောင်း ပြောခဲ့သည်ဟု တရားစွဲဆို ခံထားရသူဘက်မှ ရှေ့နေ မုန်ဆိုင်းတူး က ပြောပါသည်။

“သူတို့ကို စစ်ဆေးကြည့်တော့ ဒီအမှု ပတ်သက်တဲ့ ကိစ္စတွေကို ဘာမှ သေချာ မသိဘူးလို့ ပြောပါတယ်၊ တရားစွဲ ခံထားရတဲ့ သူဘက်က အကြောင်းအရာတွေလဲ သူတို့ ကိုယ်တိုင် သေချာ တိတိကျကျ မသိဘူး လို့ဘဲ ပြောပါတယ်။”

တပ်မတော် အသေရေဖျက်မှုဖြင့် တရားစွဲခံရသော ဦးလွမ်းဇောင်း (Lum Zawng)၊ ဦးဇော်ဂျတ် (Zau Jat) နဲ့ ဒေါ်နန်ပူ (Nang Pu) တို့သည် မေလ (၁၆)ရက်နေ့မှ စတင်ပြီး တရားရင်ဆိုင် ခဲ့ရခြင်းဖြစ်ပါသည်။

အမှုတွဲကို ပယ်ဖျက်ပေးရန် ပြည်နယ်တရားရုံးသို့လျှောက်တင်ခဲ့သော်လည်း ပြည်နယ်မှ ပယ်ချပြီးနောက် ယခု မြို့နယ် ရုံးတွင် ထပ်မံ ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။

ယနေ့တွင် တရားလို ဒုဗိုလ်မှူးကြီး မျိုးမင်းဦးသည် တရားရုံးသို့ရောက်မလာဘဲ၊ သက်သေ စစ်သား (၂) ဦး ကိုသာ စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

၎င်းအမှုအား ထပ်မံ စစ်ဆေးရန်အတွက် သြဂုတ်လ (၆)ရက်နေ့ ထပ်မံရုံးချိန်း ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here