“ဒီညီလာခံက အောင်မြင်မှုများတယ်ဆိုရင် လက်ရှိဦးဆောင်ဖော်ဆောင်နေတဲ့ အာဏာရပါတီက သူကတော့ နည်းနည်းပိုပြီးတော့ မျက်နှာကောင်းရမှာပေါ့” စိုင်းကျော်ညွှန့် (SNLD ၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်)

0
305

UPDJC အတွင်းရေးမှူးအဖွဲ့ဝင်၊ SNLDမှ စိုင်းကျော်ညွှန့်နှင့် အမေးအဖြေ

၁၇ သြဂုတ် ၂၀၂၀

၂၁ ရာစု ပင်လုံညီလာခံ (စတုတ္ထအကြိမ်) အစည်းအဝေးကို သြဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ရှေ့ဆက် နိုင်ငံရေး ဆွေးနွေးပွဲ တွေအတွက် ဆွေးနွေးမှု အဆင့်ဆင့်ကနေ သဘောတူ ရယူထားကြတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကိုလည်း လက်မှတ်ရေးထိုး သွားကြမယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာတော့ NLD အစိုးရ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ အနေနဲ့ ဒီညီလာခံကို မဖြစ်မနေ လုပ်ဆောင်နေတယ်လို့ ပြောဆိုမှုတွေလည်း တွင်တွင်ကျယ်ကျယ် ထွက်လာပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ် ရှမ်းတိုင်းရင်းများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက် အထွထွေအတွင်းရေးမှူး စိုင်းကျော်ညွှန်ရဲ့ သဘောထား အမြင်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ၂၁ ရာစုပင်လုံညီလာခံကို လက်ရှိအနေအထားအရ တွန်းပြီးတော့ လုပ်နေရတဲ့ ပုံစံဖြစ်နေတယ်။ ဆိုတော့ ဒီညီလာခံ ကျင်းပတဲ့အပေါ်မှာ ဆရာတို့ ပါတီအနေနဲ့ ဘယ်လိုမြင်သလဲ။

ဖြေ – အထွေအထူး ဘာမှ သိပ်ပြောစရာ မရှိဘူး၊ ဘာလိုလဲဆိုတော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာက ကန့်ကွက်လို့ ကောင်းတဲ့အမျိုးမှ မဟုတ်တာ၊ ငြိမ်းချမ်းရေး လုပ်တယ်။ ဘယ်လို ပုံစံနဲ့ပဲ လုပ်လုပ်ပေါ့ဗျာ။ ကောင်းဖို့အတွက် ရည်ရွယ်ပြီးတော့ လုပ်တယ်ဆိုရင်တော့ မူအားဖြင့်တော့ ထောက်ခံရမှာပဲ။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်အပေါ်မှာတော့ စကားပြောစရာ ရှိတာပေါ့။ အခု နောက်ပိုင်းလုပ်တဲ့ ပုံစံက JICM ပေါ့၊ သဘောတူပြီးရင် UPDJC က လာပြီးတော့ အကောင် အထည်ဖော်ရတယ် ဆိုတဲ့ပုံစံပေါ့။ ခါတိုင်းကျင်းပတဲ့ ပုံစံတွေနဲ့တော့ ပြောင်းပြန်ဖြစ်နေတယ်။ ခါတိုင်းက ပြည်သူလူထုနဲ့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တယ်။ အဲဒီက တင်ပြလာတဲ့ တင်ပြချက် တွေကို ပြန်ပြီးတော့ တစ်ဆင့် ပြီးတစ်ဆင့်ပေါ့ဗျာ။ လုပ်ငန်းကော်မတီမှာ ဆွေးနွေးမယ် ပြီးရင် UPDJC မှာ ဆွေးနွေးမယ်။ ပြီးရင် ညီလာခံ အတွင်းမှာ အတည်ပြုချက်ရယူမယ်ဆိုတဲ့ ပြည်သူလူထု ပူးပေါင်း ပါ၀င် တဲ့ ပုံစံတွေဖြစ်တယ်။ အခုပုံစံကတော့ အဲလိုမဟုတ်တော့ဘူး။ လူကြီးတွေ ၁၀ ယောက် အယောက် ၂၀ လောက်ပဲ ဆွေးနွေးညှိနှိုင်းပြီး သဘောတူတဲ့ဟာကို အားလုံးက လိုက်ပြီးတော့ လုပ်ရမယ့် ပုံစံတော့ ဖြစ် နေတယ်။

မေး – ဆိုတော့ ဒီနေရာမှာ ဆရာတို့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကရော ဘယ်လိုရှိနေလဲ၊

ဖြေ – နောက်ပြီးတော့ နိုင်ငံအတွက် Democratization လို့ပြောတယ်။ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးအတွက် အရေးကြီးတဲ့ ပြည်သူရဲ့ အခန်းကဏ္ဍကို မှေးမှိန်ထားတယ်။ ပြည်သူရဲ့ အခန်းကဏ္ဍတွေ ပြည်သူတွေနဲ့ အနီးဆုံးနေတဲ့ ပါတီရဲ့ အခန်းကဏ္ဍကို မှေးမှိန်ထားတယ်။ UPDJC ထဲမှာ ငြိမ်းချမ်းရေးထဲမှာ Actor တစ်ခုပေါ့လေ။ အစုအဖွဲ့တစ်ခုဖြစ်တဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုတောင် ဘေးဖယ်ထားပြီးတော့ လုပ်နေတဲ့ ပုံစံဆိုတော့က လုပ်ငန်းလုပ်ဟန်ကတော့ မေးခွန်းထုတ်စရာ အများကြီးရှိတယ်။ ဘ၀င်မကျ စရာတွေ အများကြီးရှိတယ်။ ဆိုတော့ ဒီညီလာခံမှာကလည်း JICM ကတည်းက သဘောတူ ထားတဲ့ဟာကိုပဲ ညီလာခံမှာ အတည်သွားပြုတဲ့ သဘောပေါ့ဗျာ။ ညီလာခံကတော့ တံဆိပ်တုံးထုရုံသက်သက်ပါပဲဆိုတော့ ပုံစံတော့ သက်ရောက်နေတယ်ဗျာ။ အဲတော့ ဒီလိုမျိုးအခင်းအကျင်း ကတော့ ကျနော် တို့ အနေနဲ့ကျတော့ သိပ်ကြိုက်လှတာ မဟုတ်ဘူး။

မေး – ဒီညီလာခံမှာက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို လက်မှတ်ရေးထိုးသွား မယ်ဆို တာရှိ တယ်ပေါ့နော်။ ဆိုတော့ ခုနက ဆရာပြောသွားတာက ပါတီအစုအဖွဲ့တွေကို ဘေးဖယ်ထားတဲ့ ပုံစံမျိုး သက်ရောက်တယ်လို့ ပြောသွားတာရှိသလို တစ်ဖက်မှာလည်း လက်မှတ်မရေးထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေက ဒီညီလာခံမှာ မပါပြန်ဘူး။ အဲဒီနေအထားမျိုးမှာ နောက်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အဲဒါတွေက အခက်အခဲ အဟန့်အတားဖြစ်လာနိုင်သလား။

ဖြေ – အဲဒါကတော့ ရလာဒ်အပေါ်မှာ ပြောရပါလိမ့်မယ်။ ဆိုတော့ ဖက်ဒရယ် ဒီမိုကရေစီ တည် ဆောက်ရေးလေ။ သဘောမတူမယ့် သူတော့ မရှိလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်း လည်းကောင်းတယ်လေ။ ကျနော်တို့လည်း ဒီအတွက် လုပ်နေတာကိုး ဒီအခင်းအကျင်းမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကျနော်ထင်တာကတော့ အဖွဲ့အစည်းတိုင်းက လက်ခံ သဘောတူလိမ့်မယ်။ ပြီးရင် ပြည် နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခွင့်ရှိတယ်။ အဲဒါကို ကန့်ကွက်မယ့်သူ မရှိတော့ဘူး။ သူပါပါ မပါပါ အဲတော့ အဲလိုမျိုး ဒီမှာက ဘယ်လောက်အထိ ဒီလိုမျိုး အားလုံးသဘောတူနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မလားပေါ့။ အဲလိုမျိုးချနိုင်တယ်ဆိုရင်တော့ သိပ်ပြီးတော့ ပါခြင်း မပါခြင်းက ပူးပေါင်း ပါ၀င်မှုဆိုတဲ့ မေးခွန်းထုတ်စရာရှိပေမယ့် ဟိုအချက်အလက်အပေါ်မှာတော့ သိပ်များများစားစား ကန့်ကွက်စရာမရှိဘူး။ သိပ်ကန့်ကွက်ဖို့လည်းသိပ်မမြင်ဘူး။ ဒါပေမယ့် တစ်ချို့ကိစ္စတွေ ရှိပါလိမ့် ဝိဝါဒကွဲ စရာ ကိစ္စတွေကို သဘောတူခဲ့မယ်ဆိုရင်တော့ ဘာဖြစ်လာမလဲဆိုတော့ အဲဒီသဘောတူညီချက် ကိုယ်တိုင် ကိုက ပြဿနာ တစ်ခုဖြစ်လာပါလိမ့်မယ်။ အဲဒီအတွက်ကို ပြန်ပြီးဖြေရှင်းရမှာ ဖြစ်တယ်။ ဒါဆိုရင် ပူးပေါင်း ပါ၀င်ခဲ့ခြင်း မရှိခဲ့တဲ့သူလည်း ဒီအပေါ်မှာ မေးခွန်းထုတ်ပြီး ဒါကျနော်တို့ သဘောတူထားတဲ့ ကိစ္စမဟုတ်ဘူး။ ဒါလည်း ကျနော်တို့ လိုက်လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ကျနော်တို့လည်း ဒီအယူအဆ အပေါ်မှာ သဘောမ တူဘူး ဆိုတဲ့ဟာ ပဋိပက္ခပြန်ဖြစ်သွားလိမ့်မယ်။ သဘောတူညီချက်ကိုယ်တိုင်ကိုကနေ ပဋိပက္ခပြန်ဖြစ် နိုင် ခြေရှိပါ တယ်။ အဲဒါကြောင့်မို့ ဒီမှာ ဘာတွေသဘောတူမလဲ ဆိုတဲ့အကြောင်းအရာလည်း အရေးကြီး ပါ တယ်။ နောက်တစ်ခုကတော့ ဖြစ်နိုင်ရင်တော့ ပူးပေါင်းပါ၀င်ခွင့် ရတယ်ဆိုရင်တော့ဖြင့် ဒီအခင်းအကျင်းကို ကိုယ် ကိုတိုင်လည်း ကိုယ့်အဖွဲ့အစည်းလည်း ကိုယ့်လူမျိုးလည်း ဒီစေ့စပ်ညှိနှိုင်းမှုမှာ ဒီဖြစ်စဉ်ကြီးမှာ ပူး ပေါင်း ပါ၀င်ခဲ့ပါတယ်။ ဆိုတဲ့ ဒီဖြစ်စဉ်အပေါ်မှာ စိတ်နေစိတ်ထားပေါ့ဗျာ။ အဲဒီဟာတွေတော့ အများကြီး တော့ စဉ်းစားစရာတော့ လိုတာပေါ့ဗျာ။

မေး – ၂၁ ရာစုပင်လုံက လက်ရှိ NLD အစိုးရ ၂၀၂၀ ရွေးကောက်ပွဲအတွက် Campaign လုပ်တဲ့ပုံစံမျိုး သွားပြီးတော့ သက်ရောက်တယ်လို့ ပြောဆိုမှုတွေလည်းရှိတယ်။ အဲဒီအပေါ်မှာ ဆရာရဲ့ အမြင်က ဘယ် လိုရှိသလဲ။

ဖြေ – သူက ညီလာခံက ရွေးကောက်ပွဲနဲ့ ကပ်နေတော့ ၀န်ခံသည်ဖြစ်စေ ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ သူကတော့သွားပြီးတော့ သက်ဆိုင်သူရဲ့ အကျိုးဆက်ပေါ့လေ သွား ပြီးတော့ ရှိနေတာပဲ impact ပေါ့ဗျာ။ သက်ရောက်မှုတော့ ရှိနေတာပဲ အဲတော့ ဒီညီလာခံက အောင်မြင်မှု များတယ်ဆိုရင် လက်ရှိ ဦးဆောင်ဖော်ဆောင်နေတဲ့ အာဏာရပါတီက သူကတော့နည်းနည်း ပိုပြီးတော့ မျက်နှာကောင်းရမှာပေါ့ဗျာ။ အဲတော့ သူဆက်ပြီးတော့ အစိုးရဖြစ်ရေးက ပိုပြီးတော့ အားသာတာပေါ့ဗျာ။ အဲလိုမျိုးပဲ ဒီအပေါ်မှာ ဒါကို မကြိုက်တဲ့ အခြားအခြားသော အဖွဲ့အစည်းတွေကလည်း သူ့ကို မျက်နှာသာ မပေးအောင် ဒီညီလာခံရဲ့ ဖြစ်ပေါ်တိုးတက်မှုကို အများကြီး မဖြစ်အောင် ဒီလိုလည်း လုပ်ကြမှာပဲလေ။ ဘာ ဖြစ်လို့လဲဆိုရင်သူက ရွေးကောက်ပွဲနဲ့ နီးနေတဲ့ ညီလာခံဖြစ်နေတာဆိုတော့ လက်ခုပ်ဆိုတာက နှစ်ဖက်လုံးတီးမှ မြည်တာကိုး ဟိုဖက်ကလည်း ဆွဲထားမယ်။ ဟိုဖက်ကလည်း အတင်းရုန်းမယ် ရုန်းတယ်ဆိုတာကလည်း သူကိုယ်တိုင်က ညောင်ရေသွန်းတာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ အဲလိုမျိုး ပုံစံတော့ အများ ကြီးရှိတယ်။ ဆိုတော့ ရွေးကောက်ပွဲနဲ့ နီးပြီး လုပ်တဲ့ ညီလာခံကတော့ ရှင်းပါတယ်။ Campaign သဘော တော့ ဆန်နေတာပါပဲဗျာ။

အားမီ (NMG) – မေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here