28 March 2024 /

See today's Peace Related News

“မြန်မာပြည်မှာ ဖက်ဒရယ် မရသေးသရွေ့ကတော့ ဘယ်ချေးငွေမှ ဆက်ပြီးတော့ ခွင့်မပြုသင့်ဘူး” စောလေးကပေါ (KPSN တာ၀န်ခံ)

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် တာ၀န်ခံနှင့် အမေးအဖြေ

၂၄ သြဂုတ် ၂၀၂၀

COVID- 19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေကို ပြန်လည် မောင်းနှင်နိုင်ဖို့အ တွက် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ ၁ ဘီလီ ယံ ကျော်ကို အစိုးရကို ချေးပေးဖို့ ခွင့်ပြုထားတဲ့ အပေါ် အရပ်ဖက် အဖွဲ့အစည်းတွေက ကန့်ကွက်တယ်လို့ ပြောပါတယ်။ အဲဒီချေးငွေတွေဟာ ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသတွေအတွက် မဟုတ်ဘဲ ရန်ကုန်နှင့် မန္တ လေးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေချပေးနေတဲ့ ပုဂ္ဂလိကဘဏ်တွေဆီ ထောက်ပံ့ခြင်း ဖြစ် တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အဲဒီ ချေးငွေတွေဟာ စစ်တပ်နှင့်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်း ရှင်တွေဆီ ရောက်ရှိသွား မယ်ဆိုရင် လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေသည့် ပဋိပက္ခတွေကို ပိုမိုတွန်းအားပေးရာ ရောက်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN တာ၀န်ခံ စောလေးကပေါကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အစိုးရရဲ့ COVID- 19 ကာလမှာ စီးပွားရေး ပြန်လည် ထူထောင်ရေး ချေးငွေ အစီအစဉ်ကို ဘာဖြစ်လို့ ကန့်ကွက်ရတာလဲ။

ဖြေ – အဓိကကတော့ ပထမတစ်ချက်ကတော့ ကျနော်တို့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကိစ္စတွေ ပေါ့။ နောက်တစ်ခုက ဒီချေးငွေတွေဟာလည်း တိုင်းရင်းသားဒေသတွေအတွက် အကျိုးမရှိတဲ့ ကိစ္စရပ်တွေ ဖြစ်လာမယ့်ဟာတွေ ကျနော်တို့ အများကြီး မြင်ရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆို ချေးငွေကလည်း အဓိက ကျနော်တို့ တိုင်းရင်းသား ဒေသတွေအတွက် ချေးတာမဟုတ်နဲ့ မြို့မှာရှိတဲ့ infrastructure တွေ လုပ်ဖို့။ နောက်ကျနော်တို့ တိုင်းရင်းသားဒေသမှာ ကန့်ကွက်ထားတဲ့ အကြီးစား မီမံကိန်းတွေကို ပြန်လည် အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့ဟာတွေ ကိစ္စရပ်တွေ ပါနေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီကိစ္စကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာပြည်က ချေးငွေကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပွင့် လင်းမြင်သာမှု မရှိတဲ့ ကိစ္စရပ်တွေ ပါတဲ့ဟာတွေ နောက်တစ်ခုကတော့ စီမံကိန်း အကောင်အထည် ဖော် မယ့် ကိစ္စရပ်တွေ ကျနော်တို့ infrastructure လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်တဲ့ အခါမှာ ချေးငွေတွေက ဘယ်သူ့ကို သွားမှာလဲ ဘယ်လောက်အထိ အဲဒီချေးငွေကို သုံးမယ့်သူတွေက ဘယ်လောက်အထိ အဂတိလိုက်စားမှု ကင်းတယ်ဆိုတာလည်း ကျနော်တို့ မတွေ့ရဘူးလေ။ ဘာမှ ဖော်ပြ ထားတာ မရှိဘူး။ ဆိုတော့ အဲဒီအပေါ်မှာ ကျနော်တို့ စိုးရိမ်ပြီးတော့မှ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ မဖြစ် လာဖို့ ကျနော်တို့ ဒီ Statement ထုတ်ရခြင်းဖြစ်ပါတယ်ပေါ့။

မေး – ဆိုတော့ ဒီထုတ်ပြန်ချက်ကနေ ဘာကို အဓိကထားပြောချင်တာလဲ။ ဘယ်လို Message မျိုးပေးချင် တာလဲ။

ဖြေ – ကျနော်တို့ကတော့ ချေးငွေကို မရစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချေးငွေက ဟုတ်ပြီး ချေးငွေကို ရသွားပြီဆိုရင် ချေးငွေကို ပြန်ဆပ်ရမှာက ဒီအစိုးရက ပြန်ဆပ်ရမှာ မဟုတ်ဘူးလေ။ ကျနော်တို့ ပြည်သူလူထုတွေက ပြန်ဆပ်ရမယ်။ ဆိုတော့ တကယ်၍များ ချေးငွေသာ ရသွားမယ်ဆိုရင် သူတို့ စီစဉ်ထားတာက ချေးငွေကို သုံးစွဲဖို့က ကျနော်တို့ အဓိက ရန်ကုန်နဲ့ မန္တလေးမှာပဲ ချေးငွေကိုချပေးသလို ဖြစ်တယ်ပေါ့။ အဲဒီတော့ အဲဒီချေးငွေကနေတစ်ဆင့် စီမံကိန်းအကောင်အထည်ဖော်မယ့် ကိစ္စတွေကလည်း infrastructure နဲ့ ပတ်သက်တာပဲဖြစ်တယ်။ infrastructure တွေက ဥပမာ မြစ်ဆုံလိုမျိုးကိစ္စတွေ တာ ဆန်းလိုမျိုး ဆည်တွေပေါ့နော် ပြည်သူလူထုက ကန့်ကွက်တဲ့ဟာတွေ တခြားပြည်သူလူထုကန့်ကွက်တဲ့ ဟာတွေ အများကြီးကို သူတို့က အဲဒီအပေါ်မှာ ဆက်သွားနိုင်ဖို့အတွက် ငွေချေးပြီးမှ economics collect ဖြစ်အောင် သူတို့ ဆက်သွားမယ့် အနေအထားပေါ့ ဆိုလိုချင်တာကတော့ ချေးငွေကို လုံး၀ကို မရစေချင် ဘူး။ အဲဒါကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဖက်ဒရယ် မဖြစ်သ၍ တော့ ကျနော်တို့ တိုင်းရင်းသားဒေသမှာလည်း ဘာမှ အလုပ်လုပ်လို့မရသေးဘူးပေါ့နော်။ ဆိုတော့ အဲဒါ ကြောင့်မို့လို့ ကျနော်တို့ အနေနဲ့ ချေးငွေထောက်ပံ့ပေးမယ့် အဖွဲ့တွေကို လက်ရှိ ကျနော်တို့ ထုတ်ပြန်ချက် အပေါ်မှာ ကျနော်တို့ တွေ့မြင်ချက်တွေ အပေါ်မှာ အရတော့ လုံး၀ကို ချေးငွေမရစေချင်ဘူးပေါ့။ ချေးငွေကို ခွင့်မပြုစေချင်ဘူးဆိုတာကို ကျနော်တို့ အဓိကပြောချင်ပါတယ်ပေါ့။ မပေးသင့်ဘူးပေါ့။ အခုအချိန်က ပေးဖို့ မသင့်ဘူး ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီကိုဗစ်က တကယ့် စီးပွားရေး နလန်ပြန်ထူနိုင်မှာ မဟုတ်ပဲနဲ့ conflict ကို ဖြစ်စေနိုင်တယ်။ ဥပမာ ကျနော်ပြောခဲ့သလိုပေါ့နော် တိုင်းရင်းသားဒေသမှာ ပဋိပက္ခဖြစ်စေနိုင် တဲ့ စီမံကိန်းတွေ ရပ်တန့်ထားတဲ့ စီမံကိန်းကို ပြန်ပြီးတော့ အသက်သွင်းဖို့ ပုံစံမျိုး ကိစ္စရပ်တွေက ပိုများနေ တဲ့ဟာမျိုးတွေဖြစ်တယ်။ဆိုတော့ အဲဒီအပေါ်မှာ အဆိုတင်သွင်းလာတဲ့ ချေးငွေ အဆိုတင်သွင်းထားတဲ့ အ ပေါ်မှာ သူတို့အနေနဲ့ ငွေကြေးခွင့်ပြုလိုက်မယ်ဆိုရင်တော့ conflict တွေကတော့ ပြည်တွင်းမှာ ပိုပြီးတော့ ဖြစ်လာမယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီချေးငွေကို ခွင့်မပြုသင့်ဘူး ကျနော်တို့ မြင်တာပေါ့။

မေး – နိုင်ငံတကာ ငွေးကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို COVID- 19 စီးပွားရေး ထိခိုက်မှု သက်သာ ရေး အစီအစဉ်ကို ထောက်ပံ့ပေးမယ်ဆိုရင် အန္တရာယ်ရှိပြီးတော့ ပြည်တွင်းစစ်မီးကို တောက်လောင်စေတဲ့ အစီအစဉ်ဆိုပြီး ထုတ်ပြန်ချက်ထဲမှာ ပါရှိတာတွေ့ရတယ်။ အဲဒါက ဘာကို ထောက်ပြချင်တာလဲ။

ဖြေ – ထောက်ပြချင်တာက ဘာဖြစ်လို့လဲဆိုတော့ ဒီချေးငွေတွေက ရလာရင် ဥပမာ ဒီချေးငွေ ကို ရလိုက်မယ်ဆိုရင် ဒီချေးငွေတွေကို ပြန်ပြီးသုံးမယ့်သူတွေပေါ့။ အဲတော့ အဓိကက ချေးငွေတွေက ဘဏ်ကနေတစ်ဆင့် ပြန်ချေးပြီးတော့မှ အဲဒီစီမံကိန်းကို အကောင်အထည် ဖော်တဲ့သူတွေက ပြဿနာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုချေးငွေကိုရပြီး အဲဒီချေးငွေက ဘယ်သူ့ကို ပြန်ပေးမလဲ ဆိုတဲ့ကိစ္စကို မြန်မာ ပြည်မှာ ရှိတဲ့ infrastructure development တွေ အကုန်လုံး ဦးဆောင်နေတာက စစ်တပ်နဲ့ ဆက်နွယ် နေတဲ့ ကုမ္ပဏီတွေပဲဖြစ်တယ်ပေါ့နော်။ စစ်တပ်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေဖြစ်တယ်ဆိုတာ ဥပမာ မြန်မာ ပြည်မှာ လုပ်နေတဲ့ တကယ့် အကြီးစား စီမံကိန်းတွေ ဖော်ဆောင်နေတဲ့ဟာတွေကလည်း စစ်တပ်နဲ့ လုံး၀ ဆက်နွယ် နေတယ်။ ဥပမာ MEC ဆိုတော့ သူတို့ကုမ္ပဏီခွဲတွေ အများကြီးရှိတယ်။ ဆိုတော့ မြန်မာပြည် မှာ တကယ့် စီးပွားရေး အကြီးကြီးကို လုပ်နေတာက လုံး၀စစ်တပ်နဲ့ မကင်းတဲ့ အဖွဲ့တွေဖြစ်တယ်ဆိုတာ ကျနော်တို့ ရှင်းနေတာပေါ့နော။ အဲဒါကြောင့်မို့လို့ ဒီချေးငွေကတစ်ဆင့် ချေးငွေတွေကလည်း ဘယ်သူ့ဆီ ရောက်မယ်ဆိုတာ မရှင်းဘူး။ ဒါပေမယ့် လက်ရှိ အနေအထားမှာက စီးပွားရေးကို ချုပ်ကိုင်ထားတာက စစ်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ချေးငွေသာ ရသွားမယ်ဆိုရင် တစ် ဖက် တစ်လှမ်းကနေပြီးတော့မှ စစ်တပ်နဲ့ ပတ်သက်တဲ့ လူတွေရမယ်။ အဲဒီစစ်တပ်နဲ့ ပတ်သက်တဲ့ သူတွေ ကနေ တစ်ဆင့် ပြဿနာတွေက ပိုကြီးလာမယ့်ဟာတွေပေါ့နော်။ အထူးသဖြင့် စစ်တပ်ထဲကို ပိုက်ဆံ ပိုများ လာလေ ကျနော်တို့ တိုင်းပြည် ပြည်သူလူထုတွေ ပိုပြီးမှ ဒုက္ခပေးလာနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေမယ် လို့ ကျနော်တို့ အဲလိုသုံး သပ်ပြီးတော့မှ ရေးထားတာဖြစ်ပါတယ်ပေါ့။

မေး – အစိုးရကနေ ချေးငွေ ချေးမယ့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေထဲက ဘယ်အဖွဲ့တွေ ပါသလဲ။ ဆရာတို့ အနေနဲ့ ဘယ်လိုသိထားသလဲ။

ဖြေ – နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကတော့ ADB တွေပါမယ်။ နောက်တစ်ခု က JICA ပါမယ်။ အဓိကက ADB တို့ JICA တို့ ကျနော်တို့ ကြားသိရတယ်ပေါ့နော။ World Bank လည်း ပါမယ်၊ အဓိက ချေးငွေ ၂ ဘီလီယံထဲမှာပေါ့နော်။

မေး – လက်ရှိ ဒီ COVID-19 ကာလထဲမှာ အစိုးရကနေ တိုင်းရင်းသား ဒေသတွေကို ထောက်ပံ့ပေးတဲ့ အနေအထားက ဘယ်လိုရှိသလဲ။ ဆရာတို့ အနေနဲ့ ဘယ်လိုတွေ့ရသလဲ။

ဖြေ – လက်ရှိ ဒီကိုဗစ်ကာလအတွင်းမှာတော့ အစိုးရအနေနဲ့ပေါ့နော အထူးသဖြင့် တိုင်းရင်း သားဒေသတွေမှာ ဘာမှ မယ်မယ်ရရ ထောက်ပံ့ပေးတာ မရှိတဲ့ အပြင် ကျနော်တို့ တိုင်းရင်းသား ဒေသ တွေမှာရှိတဲ့ ကိုဗစ်ကာကွယ်ရေး အစီအစဉ်တောင်မှပေါ့နော နှောက်ယှက်နေတဲ့ ကိစ္စရပ်တွေ ကျနော်တို့ တွေ့ရတယ်ပေါ့။ ပြီးတော့လည်း အခုကျနော်တို့ ချေးငွေကိစ္စကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ချေးငွေချေးတာ က ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ဘဏ်တွေကနေ တစ်ဆင့်ပေါ့နော ဒီချေးငွေတွေ infrastructure သူတို့ လုပ် မယ့်အတွက် သူတို့လုပ်သွားမှာ ဖြစ်ပါတယ်ပေါ့နော်။ တိုင်းရင်းသားတွေ မယ်မယ်ရရ ကျနော်တို့ ဘာမှ မ တွေ့ ရဘူး။ အဲဒီအပေါ်မှာလည်း ကျနော်တို့က ဘ၀င်မကျဘူးပေါ့ အဲလိုလည်း ပြောရတာပေါ့နော။ ဆို တော့ ဥပမာ ပြီးခဲ့တဲ့ ၁ လ ၂ လက ကျနော်တို့ KNU တို့ တချို့့ တိုင်းရင်းသားတွေ လုပ်နေတဲ့ ရောဂါကာ ကွယ်ရေး အစီအမံတွေကိုလည်း သူတို့ ပိတ်ခိုင်းတာတွေ သူတို့အတင်း လိုက်ဖျတ်ဆီးတာတွေ တွေ့နေရ တယ်။ အဲဒီကိစ္စတွေလည်းပါတယ်။

မေး – အဲဒီအပေါ် ဆရာတို့ အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ပေါ့ နိုင်ငံတကာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ဘာများတောင်းဆိုချင်သလဲ။

ဖြေ – နိုင်ငံတကာက ပြည်တွင်းကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေက အခုကျနော် တို့ ကြည့်မယ်ဆိုရင် ဗဟိုအစိုးရကနေပဲ တစ်ဆင့်ခံသွားတဲ့ ကိစ္စတွေ ကျနော်တို့တွေ့နေရတယ်။ ဆိုတော့ အဲဒီဟာလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုသူတို့ ကိုဗစ်ကာကွယ်ရေးလည်း သူတို့ အကူအညီတွေ ပေးနိုင်တယ်။ အကူအညီပေးနိုင်ပေမယ့် အစိုးရအနေနဲ့ ဘာမှ facilitate လုပ်နိုင်တာ မရှိ ဘူးပေါ့။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေ ဘာမှ facilitate မလုပ်နိုင်တဲ့အပြင် ရှိတဲ့ဟာတောင် ဖျတ် ဆီးတဲ့ဟာတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ international အဖွဲ့အစည်းတွေကို ဆော်သြချင်တာကတော့ သူတို့အနေနဲ့ အမှန်တကယ့်ပေါ့နော COVID- 19 ကာကွယ်ရေးကို ဦးဆောင်နေ တဲ့ တိုင်းရင်းသားဒေသမှာ ကျန်းမာရေး အဖွဲ့အစည်း လူမှု့ရေး အဖွဲ့အစည်းတွေကို အထူးသဖြင့် ဒီနယ်စပ် ဒေသမှာ ရှိနေတဲ့ အဖွဲ့တွေကို တိုက်ရိုက်အကူအညီပေးတဲ့ကိစ္စမျိုးသွားသင့်တယ်လို့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကနေ တစ်ဆင့်သွားမယ်ဆိုရင်တော့ မြင်တဲ့အတိုင်းပဲလေ အစိုးရ က ဘာမှ influence မလုပ်နိုင်ဘူး။ ဘာမှလည်း ကောင်းကောင်းမွန်မွန် facilitate မလုပ်နိုင်ဘူး ဆိုတော့ ကျနော်တို့ statement ထဲမှာလည်းပါတယ်ပေါ့နော အစိုးရကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ကာ ကွယ်နိုင်တဲ့ facilitate ထောက်ပံ့နိုင်တဲ့ကိစ္စ သူတို့လုပ်နိုင်တဲ့ဟာက ထောက်ပံ့နိုင်တဲ့ဟာက အရမ်း Limitation ဖြစ်တယ်ပေါ့နော။ ဆိုတော့ ကူညီပေးချင်တယ်ဆိုတော့ တိုက်ရိုက်ကူညီပေးထားတာ ပိုပြီး တော့မှ ထိရောက်ပြီးမှ အကျိုးရှိမယ်လို့ မြင်တယ်ပေါ့။

မေး – နောက်ဆုံး အချုပ်အနေနဲ့ ဘာပြောချင်သေးလဲ။

ဖြေ – အချုပ်အနေနဲ့ကတော့ တစ်အချက်ပေါ့နော ဒီချေးငွေလုပ်ဆောင်တဲ့ ကိစ္စပွင့်လင်းမြင် သာမှုမရှိဘူး။ နှစ်အချက်က ကျနော်တို့ ချေးငွေကိစ္စက ဒီconflict ကို ပိုပြီးတော့ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို ကျနော်တို့မြင်တယ်။ နောက်ပါတ် သုံးအချက်ကတော့ ကျနော်တို့ မြန်မာပြည်မှာ ဖက်ဒရယ် မရ သေးသရွေ့ ကတော့ ဘယ်ချေးငွေမှ ဆက်ပြီးတော့ ခွင့်မပြုသင့်ဘူးလို့ ကျနော်တို့ အချုပ်အနေနဲ့ ပြောချင်ပါတယ်။

အားမီ(NMG)-ရေးသည်။