“စစ်ဖြစ်ဖို့ မလိုချင်ဘူး။ လက်နက်ထမ်းပြီးတော့မှ ရွာထွက်၊ ရွာဝင်တောင် မမြင်ချင်ဘူး။ အားလုံးပဲ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်အိမ်ကို ပြန်၊ ဒါပြီးပြီ” စခွန်းကားလို (ကျောင်းတက်ရင်း ပေါ်တာဆွဲခံခဲ့ရသူ၊ လအိရွာ၊ ဖယ်ခုံ)

0
316

စစ်ဒဏ်ခံခဲ့ရသည့် အနောက်ကယန်းဒေသမှ ပြည်သူများ၏ ငြိမ်းချမ်းရေး စကားသံများ

၂၅ သြဂုတ် ၂၀၂၀

ကယန်းဒေသမှာ ကယန်းပြည်သစ်ပါတီ/တပ်မတော် (KNLP/A) ကို ၁၉၆၄ ခုနှစ်မှာ ဖွဲ့စည်းထူထောင်ပြီး စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ အပစ်ခတ်ရပ်စဲဖို့ စစ်အစိုးရနဲ့ သဘော တူညီမှုရရှိ ခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ကာလအတွင်း စစ်ဘေး၊ စစ်ဒဏ်ခံခဲ့ရတဲ့ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းဒေသက ပြည်သူတွေရဲ့ ခံစားချက်နဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်က ဘာတွေဖြစ်မလဲ၊ ဒီအနှစ် ၃၀ ကာလအတွင်း ပြည်သူတွေ ကြုံတွေ့၊ ခံစားခဲ့ရတဲ့ အခက်အခဲတွေနဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်တွေ ဖော်ပြပေးလိုက်ပါတယ်။

စခွန်းကားလို (လအိကျေးရွာ၊ ဖယ်ခုံမြို့နယ်)

“ကျနော် ဇာတိချက်မြုပ် အဲဒီကမိုက်ရွာမှာပါ။ ၁၉၈၅ မှာ စစ်တပ်က အတင်းအကြပ်ပြောင်းစေခိုင်းတာ၊ လအိမှာ လာပြောင်းတာ။ ဒါပေမယ့် ကျနော့ဘဝပြောမယ်ဆိုရင် အဲဒီ စစ်တပ်ကိစ္စနဲ့ ပတ်သက်ရင် ကျနော် လေးတန်းနေတဲ့ အချိန်တုန်းက ကျောင်းတက်ရင်း ပေါ်တာထမ်းတဲ့ ဘဝပါ။ ဒီနောက်ပိုင်းမှာ တောင်ယာလုပ်တဲ့ အရွယ်ရောက်လာလည်း ပေါ်တာဘဝပါ။ စစ်ကြောင်းထိုးခါက ငြိမ်းချမ်းရေး ယူတဲ့အထိ ကျနော်ပေါ်တာဘဝနဲ့ပါ။ အိမ်ရွှေ့ရတယ်၊ ရွာပြောင်းရတယ်၊ ပေါ်တာ ထမ်းရတယ်။ မကောင်းသော စစ်တပ်တွေ ပေါ်တာသမားကို သော်လည်းကောင်း၊ ပြည်သူလူထုကို သော်လည်းကောင်း အနို်င်ကျင့်တာကို ကျနော်တွေ့ရတာ အင်မတန်မှ စိတ်နာတယ်။ စစ်တပ်ကို ပြောခဲ့ဖူးတယ်၊ ဆိုခဲ့ဖူးတယ်၊ ဆဲခဲ့ဖူးတယ်၊ လက်တီးနဲ့လည်း ထိုးခဲ့ဖူးတယ်၊ ခြေနဲ့လည်း ကန်ခဲ့ဖူးတယ်။ မကောင်းတဲ့ စစ်သားတချို့ပေါ့နော်။ စစ်သားလည်း အားလုံးမဆိုးပါဘူး။ ကောင်းတဲ့ စစ်သားလည်း ရှိပါတယ်။

စစ်ဖြစ်ဖို့ မလိုချင်ဘူး။ လက်နက်ထမ်းပြီးတော့မှ ရွာထွက်၊ ရွာဝင်တောင် မမြင်ချင်ဘူး။ အားလုံးပဲ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်အိမ်ကို ပြန်၊ ဒါပြီးပြီ။ ဦးလေးဆန္ဒဒီလိုရှိပါတယ်။ လကမ္ဘာပေါ်တက်ဖို့ မလိုဘူး။ ကိုယ့်တောင်ယာ ကိုယ်လုပ်၊ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အိမ်ကိုယ်ပြန်၊ လွတ်လွတ်လပ်လပ်ဆိုတာ တော်ပါပြီ။ ဦးလေး ဆန္ဒဒီလောက်ပါပဲ။”

ပီးမူစော် (ဟန်ပို့ကျေးရွာ၊ ဖယ်ခုံမြို့နယ်)

“နှစ် ၄၀ လောက်ရှိပြီ။ ကျမမှတ်မိတာကတော့ တော်တော်လေး ခက်ခဲခဲ့တယ်။ သူတို့ တိုက်ပွဲဖြစ်ကြတဲ့ အချိန်မှာ ယောကျ်ားလေးတွေက ပေါ်တာ ထမ်းရတယ်လေ။ ၁ ရက်တစ်ခါ၊ ၃ ရက်တစ်ခါ အဲ့လို ပေါ်တာ ထမ်းရတယ်။ ကျမ ယောကျၤားက ညနက်ဆိုလည်း သွားရတာပဲ။ ကျမနဲ့ ကလေးတွေက နောက်မှာ ကျန်ခဲ့တယ်လေ။ ကလေးနေမကောင်းလည်း ကျမတစ်ယောက်ထဲ ပြုစုရတယ်။ ပိုက်ဆံ ဘယ်လိုလုပ်ရှိမလဲ။ ဆေးဖိုးမရှိတော့ မာသာရ်ကျောင်းသွားပြီးတော့ ဆေးဖိုးအတွက် ပြောင်းဖူးယူသွားပြီး ကလေးကို ဆေးထိုးပေးတာမျိုးလုပ်ရတယ်။ ကလေးက နည်းနည်းသက်သာလာပြီဆို ကျမ တောင်ယာများ ကျန်ခဲ့ပြီလား စဉ်းစားရပြန်ပြီ။ သား၊ သမီးတွေကိုလည်း ကျေွးရအုံးမယ်လေ။ တောင်ယာသွားဖို့ ကလေးကို လွယ်သွား၊ လွယ်လာလိုက်ရနဲ့။ ကျမယောကျၤားက ပေါ်တာထမ်းတာ တစ်ပတ်ကြာတာရှိတယ်၊ ဆယ်ရက်ကြာတာရှိတယ်၊ ငါးရက်ကြာတာမျိုးရှိတယ်။ အရမ်းခက်ခဲတယ်။ ယောက်ျားပြန်လာတော့လည်း တောင်ယာကို တစ်ရက်၊ နှစ်ရက်လောက်ပဲ သွားရတယ်။ ဗမာစစ်သားက ပြန်လည်ခေါ်ပြန်ပြီ။ ပေါ်တာ ပြန်ထမ်းရတာပေါ့။

တိုက်ပွဲဖြစ်တာမျိုးနဲ့ မကြုံချင်တော့ဘူး။ အခုလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်။ အရင်ခေတ်နဲ့ နှိုင်းရင် အခုက ကောင်းတယ်လေ။ အဖွားပြောချင်တာက အခက်အခဲတွေ့ပေါ့။ အကူအညီလည်းတောင်းချင်ပါတယ်။ ပြောလို့ရပါတယ်နော်။ အဖွားအကူအညီတောင်းချင်တာက အဖွားက မဝယ်နိုင်၊ မလုပ်နိုင်တော့ အခုက မီးမရှိပဲ အမောင်ထဲမှာပဲ နေရတယ်လေ။ အဖွားက မီးရချင်တယ်လေ။ တောင်းလို့ရရင်တော့ မီးအလင်း ရောင်ထဲ နေချင်တာပေါ့။ ပြီးတော့ အဖွားမျက်စိအားဆေးပေါ့နော်။ သူများကို ကောင်းကောင်း မမြင်ရတော့ဘူးလေ။ အဖွားအသက်က ၆၄ နှစ်ရှိပြီလေ၊ ကောင်းကောင်းမမြင်ရတော့ဘူး။”

စခွန်းအောင်သီဟ (လွယ်ယင်းရွာမကျေးရွာ၊ ဖယ်ခုံမြို့နယ်)

“ဆက်ဆံတာက တခါတလေ နည်းနည်းဆိုးတယ်။ ရွာသားကလည်း ဗမာစကားနဲ့ တော်တော်လေး မပြောတတ်တဲ့ ကောင်ရှိတယ်။ သူတို့ တော်တော်လေး ရက်စက်ခံရတယ်။ ချိုချိုသာသာနဲ့ မရှိလိုပါဘူး။ အခေါ်ခဲ့ရတာကတော့ အသက် ၁၄ နှစ် တခါ၊ အသက် ၁၄ နှစ်ကျော်ကျော် အဲ့ဒီ ၆ ရက်တခါ ထမ်းဖူးတယ်။ နောက် ဆက်တိုက်ပဲ ၁၅၊ ၁၆၊ ၂၀ ကြားပေါ့။ အဲဒီ ၆ နှစ်လုံးလုံးမှာ ခေါက်ရေ ၂၀ လောက်ရှိတယ်။ ဒါအနီးနဲ့ အဝေးပေါ့နော်။ တော်တော်လေး တောင်ပေါ်တက်ရတယ်။ နှစ်ယောက် ဆန်တစ်အိတ် အဲလိုမျိုး ထမ်းလည်း ထမ်းဖူးပါတယ်။ ပြန်တွေးမယ်ဆို မျက်ရည်ကျသလို ဖြစ်ကြတာပေါ့နော်။ တောင်တက်တာက ကိုယ့်ဘာသာ တက်တောင်မှ မတက်နိုင်ဖြစ်နေတယ်။ အလေးထပ် မ ရတော့ဘယ်။ တချို့လူက ငယ်ငယ်ရွယ်ရွယ်တွေနဲ့ အားကောင်းကြသေး တာပေါ့နော်။ တချို့လူတွေက အသက်ကြီးပြီ၊ ငိုတယ်၊ မျက်ရည်တောင်ကျတယ်။ ကိုယ်က လိုက်ထမ်းကူ မယ်ဆိုပေမယ့်လည်း ကိုယ်က မထမ်းနိုင်ပဲ ဖြစ်နေတယ်။

အခုအချိန်ကျတော့ ငြိမ်းချမ်းစေချင်တယ်။ အခုလိုမျိုးကျတော့ လွတ်လွတ်လပ်လပ်၊ သာသာယာယာနေ ရဖို့ဆိုတာ လမ်းပန်းဆက်သွယ်ရေးပေါ့နော်။ နောက်အဲဒီ လမ်းပန်းဆက်သွယ်ရေးကောင်းပြန်တော့လည်း စီးပွားရေးမရှိဖြစ်ပြန်တယ်။ စားဝတ်နေရေးခက်ခဲတယ်။ စားဝတ်နေရေးခက်ခဲပြန်တော့လည်း လူတွေက တော်တော်လေး ဒုက္ခရောက်ကြတယ်။ တချို့လူ လိုက်မီတဲ့သူက နည်းနည်းတော်သေးတယ်။ လိုက်မမီတဲ့လူ ဦးလေးလိုလူမျိုးကျတော့ အရင်းမရှိ၊ အနှီးမရှိ ဘာမှ လုပ်လို့မရ ဖြစ်နေတယ်။

အရင်လိုမျိုးမဖြစ်ဖို့ဆိုတာလည်း အကောင်းဆုံးပေါ့နော်။ အဲဒီတိုင်းပြည်အတွက် ငြိမ်းချမ်းသာယာရေးပေါ့နော်။ ပြည်သူလူထုများအားလုံး ရှိအတူ၊ မရှိအတူ၊ အဲ့လိုမျိုးနေစေချင်တာပေါ့နော်။ အဲ့လိုမျိုးပဲ ဆက်လက်ပြီး ကောင်းရာ၊ ကောင်းကျိုး ဦးလေးက မျှော်တာပေါ့နော်။”

ပီးမူကူ (ပီကင်းရွာမကျေးရွာ၊ ဖယ်ခုံမြို့နယ်)

“ကျမက ဘယ်လိုအခက်အခဲနဲ့ ကြုံခဲ့ရသလဲဆိုရင် ကျမ အိမ်မှာ မနေရဘူးလေ။ ကလေးတွေကို ပိုးပြီးတော့ ဘန့်လာမှာ သွားနေရတယ်။ ကျမအိမ်ကို ချန်ထားရတယ်။ ကျမအိမ်ကိုတော့ ဗမာစစ်တပ်တွေ သက်သက်မဲ့ မီးမရှို့ပါဘူး။ သူတို့ အသားကင်ရင်းနဲ့ အိမ်လောင်သွားတယ်လို့ပြောတယ်။ စစ်တပ်က ကျမကို လျှော်ကြေး ၂၀၀ ကျပ်ပေးပါတယ်။ အရမ်း မတိုက်ကြနဲ့လို့ ကျမပြောတာ။ အတော် ခက်ခဲတယ်လေ။ နေ့နေ့ညညပြေးနေရတယ်။ သေနတ်ပေါက်လို့ရှိရင် စစ်တပ်က ဆက်တိုက်ပစ်တာ၊ ကယန်းဘက်က ဝေးဝေးတခါ ပစ်တဲ့မျိုးပေါ့။ ရန်သူကိုတွေ့မှ သူတို့ ပစ်တယ်လေ။ မတွေ့ရင် မပစ်ဘူးပေါ့။ ရန်ထောင်းသေနတ်နဲ့ပဲ ပစ်တာကော။ စစ်တပ် သေနတ်သံက သုံးရက်၊ သုံးည ဆက်တိုက်ပဲ ပစ်နေတာ။ စစ်တပ်ဖက်က ကျည်ကုန်တဲ့ အခါကျတော့ သူတို့လည်း တွေ့မှပဲ ပစ်တော့တယ်။ ခက်ခဲပန်းပင်တယ် အရမ်းမလုပ်နဲ့။

ပစ်ခတ်တိုက်ခိုက်တာမျိုးနဲ့ မကြုံချင်တော့ဘူး။ အရမ်းပင်ပန်းဆင်းရဲပါတယ်။ စိတ်ကို ပျော်အောင်ထားပါ။ တောင်ယာလုပ်ပါ။ အိမ်ပြန်ပါ။ ကျောင်းတက်ပါ။ အခုချိန်က အပျော်ဆုံးအချိန်ပဲ။ ငြိမ်းငြိမ်းချမ်းချမ်း နေရတာပဲပျော်ပါတယ်။ သား၊ သမီး၊ မြေး၊ မြစ်တွေလည်း ပျော်တယ်။ အဖွားလည်း ပျော်တယ်။ အခုအချိန်ထိ ပျော်ပါတယ်။ ပြေးစရာလည်း မလိုတော့ဘူးလေ။ ပိုက်ဆံရှိရင် သုံးမယ်၊ မရှိရင် မသုံးဘူး။ သကြားဝယ်နိုင်ရင် သောက်မယ်။ မဝယ်နိုင်ရင်လည်း မသောက်ရဘူးပေါ့။ ခုကပျော်တယ်လေ။ အရှေ့ ဖက်က နေထွက်ပြီး အနောက်ဖက်မှာ နေဝင်တယ်လေ။ အခုချိန်က ပျော်တယ်လေ။ ကျမပြောတာ ပူပင်သောကတွေ မရှိတော့ ဘူးလေ။”

စခွန်းလောရင်း (လအိကျေးရွာ၊ ဖယ်ခုံမြို့နယ်)

“ရွာငယ်တွေက ရွာကြီးနဲ့ပေါင်းပေါ့နော်။ ကမိုက်ရွာ လအိနဲ့ပေါင်းတယ်။ လမ်းဘေးရှိတဲ့ ရွာကို သူတို့ စုပေါင်းတယ်။ ဟို အောက်ဖက်ပိုင်းကလည်း သုံးလေးရွာမှာ တစ်ရွာ အဲ့လို စုတာပေါ့။ ဟန်တီးက လအိနဲ့ပေါင်းတယ်။ ဒီအချိန်က ကျနော်တို့ တော်တော် ခံရတယ်။ အကုန်ခံရတယ်။ မိန်းကလေးရော၊ ယောကျ်ားရော၊ ကလေးရော၊ လူကြီး၊ လူငယ်ရော။ အလုပ်လည်း ကောင်းကောင်းမလုပ်ရ ဥက္ကဌ ထောက်ခံစာ တောင်းတယ်လေ။ ဥက္ကဌ ထောက်ခံစာမပါရင် တောင်ယာသွားရင် ဖမ်းမယ်။ သူပုန်ပဲ ပြောတာပေါ့နော်။ ကိုယ့်တောင်ယာသွားမယ်ဆိုလည်း ထောက်ခံစာလို၊ ဈေးသွားမယ်ဆိုလည်း ထောက်ခံစာလို၊ ဟိုရွာသွား မယ်ဆိုလည်း ထောက်ခံစာလိုတယ်။ အဲ့လိုမျိုးလုပ်တယ်။

ပေါ်တာထမ်းရင်လည်း ခင်ဗျား ရိုးရိုးထမ်းလို့ မရဘူး။ စစ်တပ်အကြားညှပ်တယ်။ စစ်တပ်ကြားညှပ် ပေါ်တာတစ်ယောက်၊ စစ်တပ်တစ်ယောက်ထားတာ သူတို့က။ ဘာဖြစ်လို့လဲဆိုရင် ရန်သူပစ်လို့ရှိရင် ငါတို့ မထိအောင်၊ သူတို့ ကယန်းအချင်းချင်းဆိုတော့ ကယန်းပြည်သစ်ပဲကိုနော်။ သူပုန်သူတို့ ခေါ်တာပေါ့။ သူပုန်ပစ်လည်း သူတို့လူ သူတို့ အမျိုးသားဆိုတော့ သူတို့ အထိမခံ၊ အသေမခံဘူး၊ မပစ်အောင်ပေါ့။

အခုက ဒီမိုကရေစီပေါ့။ ဒီမိုကရေစီ ခြေလှမ်းစလာပြီဆိုတဲ့အချိန်ကျတော့ နည်းနည်း အေးချမ်းလာတယ်။ သို့ပေမယ့်လည်း ကျနော်တို့ ဖြစ်ချင်တာ အဲ့လောက်မကဘူး။ အေးအေးချမ်းချမ်း နေထိုင်သွားလာချင်တယ်။ အခုကလည်း စစ်သားကြောက်ရမလိုလို၊ ဟိုဟာကြောက်ရမလိုလို၊ စိတ်က သို့လောသို့လောပေါ့နော်။ အဲလိုမျိုးဖြစ်တဲ့ စိတ်ရှိသေးတယ်။ အေးအေးချမ်းချမ်းတော့ ကျနော်တို့လည်း နေချင်တာပေါ့ ပြည်သူလူအနေနဲ့။ စစ်တပ်က သူတို့ ဝန်ထမ်းဖြစ်တဲ့အတွက် ဝန်ထမ်းနေရာ သူတို့နေ၊ အုပ်ချုပ်တဲ့လူက အုပ်ချုပ်တဲ့နေရာနေ၊ ပြည်သူက ပြည်သူနေရာနေ၊ ဒါမှ အေးချမ်းမယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – မေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here