“NCA လည်း အဆင်မပြေဘူး၊ Bilateral လည်း အဆင်မပြေတော့ အချိန်မရွေး စစ်ပွဲ ပြန်ဖြစ်လာနိုင်တယ်။ အခုနေရပ်ပြန်လိုက်ရင် နောက်ပိုင်း ပိုဒုက္ခရောက်မှာလည်း စိုးရိမ်တယ်” အင်ဂေါင်အောင်ဂျာ (ဂျန်မိုင်ကောင် စစ်ဘေးရှောင်စခန်း)

0
200

နေရပ် ပြန်သင့်၊ မပြန်သင့် စစ်ဘေးရှောင်များ၏ သဘောထားများ စုစည်းမှု

၂၆ သြဂုတ် ၂၀၂၀

စစ်ဘေးရှောင်တွေ နေရပ်အမြန်ပြန်နိုင်ဖို့ အစိုးရနဲ့ ကချင်အဖွဲ့အစည်းတွေပြင်ဆင်နေတဲ့အပေါ် စစ်ဘေးရှောင်တွေရဲ့အသံကို စုစည်းတင်ဆက်လိုက်ပါတယ်။


ဒေါ်ခန်ဂျေရွယ်စွန် (မိုင်းနား၊ KBC စစ်ဘေးရှောင်စခန်း)

“ကျမတစ်ဦးချင်းအမြင်ဆို အိမ်မပြန်ချင်တော့ဘူး။ အရင် ကျမ လူငယ်ခေတ်ကတည်းက စစ်ပွဲကြား ကြီးလာတာ။ အဲဒီခေတ်ကိုပြန်စဉ်းစားရင် အခုလည်း ငြိမ်းချမ်းရေးအတွက် အာမခံချက်မရှိသေးတဲ့အခါ အိမ်ပြန်ရင် အရင်လို ပြန်ဖြစ်မှာစိုးရိမ်တယ်။ ဒါပေမဲ့ ပြန်ဖို့ အားလုံးပြင်နေပြီဆိုတော့ ဘာမှမတတ်နိုင်ပဲ လိုက်လုပ်နေရတာ။ စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ လုပ်နေတာကလည်း ကျမတို့ မူလမြေယာကိုပြန်ရဖို့ တစ်ခုတည်းကိုပဲ မျှော်လင့်ပြီး လုပ်နေတာဖြစ်တယ်။ အဲကြောင့် နေရပ်ပြန်ဖို့အစီအစဉ်ကို နောက်ဆုံး လက်ခံလိုက်ရတာဖြစ်ပါတယ်။”

ဒေါ်ဘောက်မိုင် (တာလောကြီးကျေးရွာ၊ ဂျန်မိုင်ကောင် စစ်ဘေးရှောင်စခန်း)

“ကျမတို့ တာလောကြီးဒေသခံတွေမှာက ပြည်သူ့စစ်လည်းရှိနေတော့ စစ်ကြောင်းတွေရောက်လာရင် သူတို့ပူးပေါင်းပြီး လူထုကို ဒုက္ခပြန်ပေးမလား အရမ်းစိုးရိမ်တယ်။”

သင်းထောက် အင်ဘူဘရန် (တာလောကြီးကျေးရွာ၊ စံပြစစ်ဘေးရှောင်စခန်း)

“သဘောတူညီမှုမရဘဲ ပြန်ရမယ်ဆိုတော့ စိတ်တော့ညစ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဆုံးဖြတ်ထားတာက အစိုးရ မမောင်းထုတ်သေးသရွေ့တော့ ဒီမှာဆက်နေအုံးမယ်။ နေ့စား ရှာစားပြီးလည်း နေမယ်။”

အင်ဂေါင်အောင်ဂျာ (ဂျန်မိုင်ကောင်စစ်ဘေးရှောင်စခန်း)

“ရှင်းရှင်းပြောရရင် ကျနော်က မပြန်ခိုင်းစေချင်သေးဘူး။ ဒီစစ်ရှောင်စခန်းမှာနေတာ ၁၀ စုနှစ် တစ်ခုရှိလာတော့ ဘယ်သူမှ မခံမရပ်နိုင်တော့ဘူး။ အားလုံးက ပြန်ချင်ကြပြီဖြစ်ပေမယ့် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကိုပဲ ကြည့်ကြည့် KIO ရဲ့ ငြိမ်းချမ်းရေးကိုပဲကြည့်ကြည့် NCA လည်း အဆင်မပြေဘူး။ Bilateral လည်း အဆင်မပြေတော့ အချိန်မရွေး စစ်ပွဲ ပြန်ဖြစ်လာနိုင်တယ်။ အခုနေရပ်ပြန်လိုက်ရင် နောက်ပိုင်း ပိုဒုက္ခရောက်မှာလည်း စိုးရိမ်တယ်။”

ဒေါ်ဂျာဒွဲ (စံပြစစ်ဘေးရှောင်စခန်း)

“ကျမတို့ပြန်လည်အခြေချမယ့်နေရာတွေက ကျမတို့အတွက် အဆင်ပြေမယ့်နေရာ၊ ကျမတို့ကို ချပေးတဲ့နေရာက ကျမတို့အတွက် တစ်သက်စာ တရားဝင် အပိုင်ဖြစ်စေချင်တယ်။”

ဦးထွယ်အောင် (ဂျန်မိုင်စစ်ဘေးရှောင်စခန်း)

“ အခု ကျနော်တို့ကို ဦးဆောင်နေတဲ့သူတွေကိုယ်တိုင်က ဘယ်အချိန်မှ တိုက်ပွဲရပ်စဲမလဲဆိုတာ မသိဘူးတဲ့။ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်လည်း အဲလိုပြောတယ်။ KBC က ဆရာဆမ်ဆွန်ကလည်း ငြိမ်းချမ်းရေးအတွက် ဘယ်သူမှ တာဝန်မယူနိုင်ဘူးတဲ့။ ဒါကြောင့် အခုကျနော်တို့က စမ်းပြီး ပြန်ကြည့်တာပေါ့။ ဓားစားခံဖြစ်မလား၊ တိုက်ပွဲပြန်ဖြစ်မလား မသိသေးဘူး။ ကျနော်တို့ဖြစ်စေချင်တာကတော့ တိုက်ပွဲမဖြစ်ပါနဲ့ပေါ့။ အခုအခြေအနေ နေရပ်ပြန်ရင်လည်း ထပ်ပြေးရမှာ စိုးရိမ်ရပြန်ပါတယ်။ အခု ကျနော်တို့ နေရပ်ပြန်တဲ့အခါမှာလည်း ၂ နှစ် ၃ နှစ်လောက်က အဖွဲ့တိုင်း နားလည်ပေးပါလို့ ပြောချင်ပါတယ်။”

KNG မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here