29 March 2024 /

See today's Peace Related News

ငြိမ်းချမ်းရေးမရရှိသေးဘဲ နေရပ်ပြန်ရမည့်အရေး ကချင်စစ်ရှောင်များ စိုးရိမ်မှုများရှိနေ

၂၈ သြဂုတ် ၂၀၂၀

ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့်အခြေအနေများ လေ့လာဆန်းစစ်ရေးနှင့် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုကြား သတင်းမျှဝေနိုင်ဖို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲတစ်ခုကို သြဂုတ် ၂၆ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို Burma News International (BNI) နှင့် Kachin News Group (KNG) မှ ပူးပေါင်းဦးဆောင်ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ CARTEL HOTEL တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခနှင့်အပစ်အခတ်ရပ်စဲရေး၊ စစ်ဘေးရှောင်များနေရပ်ပြန်ရေးနှင့် စခန်းတွင်းလူမှုရေးပြဿနာများ၊ သဘာဝသယံဇာတနှင့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၊ ၂၀၂၀ ရွှေးကောက်ပွဲစသည့်အချက် ၄ ချက်ကို အဓိကထား ဆွေးနွေးခဲ့သည်။

“အဓိကတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက် ပြန်ကြည့်လိုက်တဲ့အခါမှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့အဖွဲ့တွေနှင့် တကယ့်မြေပြင်ထဲမှာလုပ်နေတဲ့ ဒီအရပ်ဘက်အဖွဲ့အစည်းတွေ IDP camp ကလူတွေ တခြားသူတွေကြားထဲမှာ ဆက်သွယ်မှုပြတ်နေတယ်လို့ တွေ့ရတယ်။ ဒါကြောင့် သူတို့ကြားထဲမှာ ကျွန်တော်တို့ အပြန်အလှန်သတင်း အချက်အလက်တွေ ဖလှယ်ပေးဖို့က အရေးကြီးတယ်လို့ ကျွန်တော်တို့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် သုံးသပ်မိတယ်” ဟု BNI ၏ Peace Coordinator ဦးကျော်ထက်အောင်က ပြောသည်။

ဩဂုတ် ၂၆ ရက်နေ့ မြစ်ကြီးနားတွင်ပြုလုပ်သော အဆိုပါဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ ၊ ငြိမ်းချမ်းရေးလုပ်ဆောင်နေသောအရပ်ဘက်အဖွဲ့အစည်းများနှင့် စစ်ရှောင်စခန်းမှတာဝန်ခံများ စုစုပေါင်းအဖွဲ့ ၂၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်ပါဝင်သော စစ်ရှောင်တစ်ဦးက “ကျွန်မတို့ဟာ အသက်အန္တရာယ်ကြောက်လို့ ထွက်ပြေးခဲ့တာဟုတ်တယ်။ နောက်ထပ်တစ်ကျော့ ကျွန်မတို့ မထွက်ပြေးချင်တော့ဘူး။ တကယ်ပြန်မယ်ဆိုရင် တကယ့်နှစ်ဖက်စလုံးက ငြိမ်းချမ်းရေး လုပ်နေလား ၊ ခုက ပြေလည်း မပြေလည်ဘူး။ ဒါပေမဲ့ IDP တွေပြန်ဖို့က စီစဉ်နေတယ်။ ကျွန်မတို့ အရမ်းပြန်ချင်တယ်။ ခုငြိမ်းချမ်းပြီဆိုရင် ခုပြန်မယ် မနက်ဖြန်ဆို မနက်ဖြန်ပြန်မယ်။ ဒါပေမဲ့ သူတို့က မိုင်းရှင်းလင်းရေးလည်း မလုပ်ထားသလို တပ်စခန်းတွေလည်းတိုးချဲ့နေတုန်း ဘာအာမခံချက်မရှိတဲ့နေရာကို ဒီတိုင်းပြန်ခိုင်းမလား။ ကျွန်မ စစ်ရှောင်ပြည်သူအားလုံးကိုယ်စားပြောနေတာ ကျွန်မတို့ စစ်ရှောင်စခန်းတွေမှာ အားလုံးက စိုးရိမ်တဲ့ ပြသနာတွေရှိနေပါတယ်” ဟု ဇီးလွန်စစ်ရှောင်စခန်း ဒုတာဝန်ခံ ဒေါ်ဆွမ်းလွတ် လုဆန်က ပါဝင်ဆွေးနွေးခဲ့သည်။

BNI တွင် ကွန်ရက်အဖွဲ့ဝင်သတင်းဌာနများြဖင့်ပူးပေါင်းကာ မြန်မာတစ်နိုင်ငံလုံးရှိ ငြိမ်းချမ်းရေးဆိုင်ရာအကြောင်းအရာများကို လေ့လာစောင့်ကြည့်မှတ်တမ်းတင်သော ငြိမ်းချမ်းရေးစောင့်ကြည့်အစီစဉ် Peace Monitor ရှိပြီး အသေးစိတ်ကို ၎င်း၏ဝက်ဖ်ဆိုက်တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။

KNG မှ ပေးပို့သည်။