29 March 2024 /

See today's Peace Related News

“ကျမတို့ ပြည်နယ်မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့ ပြည်နယ်ရဲ့ဒေသ ငြိမ်းချမ်းရေးကိစ္စကို ပထမဦးဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” မော်မိုးမြာ(ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်အမတ်လောင်း၊ ရှားတောမြို့နယ်)

ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရအမတ်လောင်းနှင့် တွေ့ဆုံခြင်း
၁၃ နိုဝင်ဘာ ၂၀၂၀

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကတော့ ပြီးဆုံးသွားပါပြီ။ အနိုင်ရ အမတ်လောင်းတွေရဲ့ ဆန္ဒမဲရလဒ်တွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လျက်ရှိနေပါတယ်။
ကယား(ကရင်နီ)ပြည်နယ် ရှားတောမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)မှ မော်မိုးမြာနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေး ရဖို့ အရင်ဆုံး ဘာကို လုပ်ဆောင်သွားဖို့ ရှိပါသလဲ။

ဖြေ ။ ။ ပထမဦးဆုံး ကျမကို ရှားတောမြို့နယ်မှာ ရှိတဲ့ ပြည်သူလူထုတွေ မဲပေးကြတဲ့ မဲဆန္ဒရှင်တွေ ဝန်းရံကြတဲ့ လူငယ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပထမဦးဆုံး ပြောချင်ပါတယ်။ ဆိုတော့ ကျမက ကို်ယ်စားလှယ်တစ်ယောက်ဖြစ်ပြီ။ အရင်ဆုံး ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ ဘာကို အရင်ဆုံး လုပ်မလဲဆိုရင် ကျမက ဒီ ဒေသငြိမ်းချမ်းရေး ကိစ္စကို ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်တယ်။ ကျမရဲ့ ဒီ အောင်နိုင်ရေး ရည်ရွယ်ချက်ထဲမှာလည်း ပါတယ်။ နိုင်ငံရေးပါတီထဲ ဝင်ရတဲ့ ရည်ရွယ်ချက်ကလည်း ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်မယ်ဆိုတဲ့ အချက် ပါတယ်ပေ့ါနော။ အဲ့ထဲမှာဆို ကျမက ဘာလုပ်မလဲဆို ဥပမာ ကျမက ငြိမ်းချမ်းရေးဆိုရင် လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဒီ ပြည်နယ် အဆင့်မှာ သဘောတူညီထားတဲ့ အချက်ပေါင်း ၂၀ တွေကို ပြန်လည်ဆွေးနွေးမဲ့ အစီအစဉ်တွေကို လုပ်ဆောင်သွားမယ်။ ကျမတို့ ပြည်နယ်မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့မှ ကျမတို့ ပြည်နယ်ရဲ့ဒေသ ငြိမ်းချမ်းရေး ကိစ္စကို ပထမ ဦးဆုံး လုပ်ဆောင်သွားပေးမှာ ဖြစ်ပါတယ်။

မေး ။ ။ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်လာဖို့ဆိုရင် ဘာတွေလုပ်ဖို့ လိုအပ်မလဲ။

ဖြေ ။ ။ ကျမတို့ရဲ့ ပါတီမူဝါဒထဲမှာဆိုရင် ကျမတို့ ပြည်နယ်ဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စုကို သွားဖို့ဆိုတဲ့ အချက်တွေ ပါတယ်ပေါ့နော။ ဆိုတော့ ကျမတို့ ဖယ်ဒရယ် ပြည်ထောင်စုလို့ ပြောတဲ့ ကျမတို့ကယားတမျိုးတည်းနဲ့ သွားလို့ မရဘူး။ ကယားပြည်နယ် တစ်ပြည်နယ်တည်းနဲ့လည်း သွားလို့ မရဘူးဆိုတဲ့ အခြေအနေမျိုးမှာ တခြားသော ပြည်နယ်က တိုင်းရင်းသား ပါတီတွေနဲ့ ကျမတို့ ပူးပေါင်းပြီးတော့မှ ကျမတို့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းသွားပြီးတော့မှ လွှတ်တော်ထဲမှာဆိုရင် ကျမတို့ တိုင်းရင်းသားပါတီတွေ အပြန်အလှန် ထိန်းကျောင်းသွားပြီးတော့မှ ကျမတို့ လိုချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ စနစ်ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီ ကယားပြည်နယ်မှာ ရှိတဲ့ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီးတော့ကော သူတို့ရဲ့ ငြိမ်းချမ်းရေး သူတို့ဘဝ လုံခြုံရေးတွေကို ဘာတွေ လုပ်ဖို့ရှိလဲ။

ဖြေ ။ ။ အဓိက ကတော့ ကျမတို့ ကယားပြည်နယ်မှာ ရှိတဲ့ အမျိုးသမီးတွေ လူငယ်တွေပေါ့နော။ ဒီ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ငြိမ်းချမ်းရေး အကျိုးဆက်ကို မခံစားခဲ့ရဘူး။ ပြည်တွင်းစစ်ရဲ့ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ အထဲမှာ ဆိုရင် အမျိုးသမီးနဲ့ ကလေးတွေ အခံရဆုံးပဲဖြစ်တယ်။ ကျမတို့က အမျိုးသမီးအရေး၊ လူငယ်အရေးလို့ ပြောရင် ကျမတို့ စွမ်းရည်မြင့်တင်ရေးအဆင့်လောက်နဲ့ မရဘူး။ ဒီအောက်ခြေအထိ ဆင်းပြီးတော့မှ အမျိုးသမီးတွေက ဘာတွေ အခက်အခဲ ဖြစ်နေပြီလဲ။ ဘာတွေ လုပ်ဆောင်ပေးဖို့ လိုသလဲ ဆိုတဲ့ဟာတွေအထိ သွားဖို့ လိုအပ်တယ်။ လူငယ်နဲ့အမျိုးသမီး ကိစ္စတွေ လုံခြုံရေး ကိစ္စတွေအတွက်လို့ ပြောတဲ့နေရာမှာ ကျမ တစ်ဦးတစ်ယောက်တည်း သွားလို့ မရဘူး။ လုပ်လို့ မရဘူးပေါ့နော။ ကျမတို့ ကယားပြည်နယ်မှာ ရှိတဲ့ လူငယ် အမျိုးသမီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့မှ ကျမက ဒီအရေး ကိစ္စတွေကို လွှတ်တော်မှာ အဆိုတင်သွင်းပြီးတော့မှ ကျမတို့ ပြည်နယ်အတွက် ကိုက်ညီတဲ့ မူဝါဒတွေ ဥပဒေတွေကို အဆိုတင်သွင်းသွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာက အဓိက အဟန့်အတား က ဘာလို့ မြင်လဲ။

ဖြေ ။ ။ ကျမတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ရှိရင် ကျမတို့ ဒေသမှာဆိုရင် မပစ်မခတ်တော့ရင် ရပြီလို့ သူတို့ထင်ကြတယ်ပေါ့နော။ တနေ့လုပ် တနေ့စား စားဝတ်နေရေး အဆင်မပြေတာကအစ ကျမတို့ အခြေခံ အခွင့်အရေး စောင့်ရှောက်ခွင့် မရတာတွေကအစ မငြိမ်းချမ်းဘူးလို့ ကျမတို့ ပြည်သူလူထုတွေက အဲ့လို ခံစားနေရတာတွေ တချို့ရှိတယ်။ တချို့တွေကတော့ ငြိမ်းချမ်းရေးဆိုတာကို သဲသဲကွဲကွဲ မသိကြဘူးပေါ့နော။ ငြိမ်းချမ်းရေးလို့ ပြောတဲ့အချိန်ကျရင် ကျမတို့က အဟန့်အတားဖြစ်စေတဲ့ဟာက ကျမတို့ ကယားပြည်နယ်မှာ ရှိတဲ့ သဘာဝ သံယဇာတ ကိစ္စတွေကို တခြားအဖွဲ့အစည်းတွေနဲ့ မတိုင်ပင်ပဲနဲ့ တဇွတ်ထိုး လုပ်သွားတဲ့ ကိစ္စမျိုးတွေ မြေယာသိမ်းဆည်းခံရတဲ့ ကိစ္စမျိုးတွေ ကျမတို့ပြည်နယ်အတွက် ကျမတို့ပြည်နယ်အချင်းချင်းကြား ပြသနာတက်စေတဲ့ ကိစ္စမျိုးတွေဆိုတာက ငြိမ်းချမ်းရေး ကိစ္စကို အရမ်းထိခိုက်စေတယ်။ ငြိမ်းချမ်းရေးလို့ ပြောတဲ့အချိန်မှာ ကျမတို့ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လို့ မရဘူး။ ကျမတို့ ပြည်နယ်မှာ ရှိတဲ့ လူမှု အသိုင်းအဝိုင်းတွေကော၊ တာဝန်ရှိတဲ့သူတွေနဲ့ ပြည်သူလူထုတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှသာလျှင် ကျမတို့ လိုချင်တဲ့ ထာဝရ ငြိမ်းချမ်းရေးကို ရရှိမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပူးပူးပေါင်းပေါင်းနဲ့ တိုင်တိုင်ပင်ပင် လုပ်ဆောင်သွားဖို့ လိုတာပေါ့နော။

မေး ။ ။ ဒီ ငြိမ်းချမ်းရေးလို့ပြောတဲ့နေရာမှာ ကျနော်တို့ ဒီလက်နက်ကိုင်အဖွဲ့တွေ ခေါင်းဆောင်တွေ အချင်းချင်း မဟုတ်ပဲနဲ့ ပြည်သူတွေ အချင်းချင်းမှာလည်း ပြန်လည်သင့်မြတ်ရေး လုပ်ဖို့ကော လိုတယ်လို့ထင်သလား။ ဘာကြောင့်လဲ။

ဖြေ ။ ။ လုပ်ဖို့လိုတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆို ကျမတို့ ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါကျရင် ကျမတို့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပဲ ဆိုင်တယ်။ အစိုးရတဖွဲ့တည်းနဲ့ပဲ ဆိုင်တယ်။ အဲ့လိုမျိုး တွေးလို့မရဘူး။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးဆိုတာက ကျမတို့နဲ့ ဆိုင်တယ်၊ ကျမတို့ ပူးပေါင်းပါဝင်မှ ငြိမ်းချမ်းရေးရမယ်ဆိုတဲ့ အသိအမြင်မျိုး လုပ်ဖို့ လိုတယ်ပေါ့နော။ ကျမတို့ ကယားပြည်နယ်မှာဆိုရင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဖို့ လိုအပ်ပြီလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ ကယားပြည်နယ် သေးသေးလေးမှာ လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ ရှိတယ်။ ကျမတို့ ကြားထဲမှာ ဆိုရင် မြို့နယ်တောင်မှ ၇ မြို့နယ်ပဲ ရှိတယ်။ လက်နက်ကိုင်က ၆ ဖွဲ့ ရှိနေပြီ အဲ့လိုတွေပေါ့နော။ အဲ့လို ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ပြန်လည်သင့်မြတ်ဖို့လိုတယ်။ လူထုတွေကြားမှာလည်း ကျမတို့ ပြန်လည်သင့်မြတ်ရေး ကိစ္စတွေ လုပ်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ ပြည်သူလူထုက နှစ်ပေါင်း ၆၀ – နီးပါး ပြည်တွင်းစစ်ဘေးဒဏ် ခံခဲ့ရပြီးပြီ။ မငြိမ်းချမ်းတဲ့ ဒဏ်ကို ခံစားခဲ့ရပြီးတဲ့အချိန်မှာ ကျမတို့ ပြည်သူတွေက စိတ်ဒဏ်ရာတွေ ရခဲ့ကြပြီးပြီ။ မငြိမ်းချမ်းတဲ့ဟာကို သူတို့ မခံစားချင်တော့ဘူး။ လွတ်လွတ်လပ်လပ် စားသောက်ချင်ပြီ။ လွတ်လွတ်လပ်လပ် လုပ်ကိုင်ချင်ပြီ။ လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့် ရချင်တဲ့ဟာမျိုး သူတို့ရဲ့ ခံစားချက်ကို ကျမတို့ ပြန်လည် ကုစားဖို့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီလိုမျိုး အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်ပေါ့နော။ ကျမတို့ အဲ့ဒီ ကိစ္စတွေကို မထည့်သွင်းနိုင်ဘူး မလုပ်ဆောင်နိုင်ဘူးဆိုရင် အခု ရရှိနေတဲ့ ငြိမ်းချမ်းရေးကလည်း ရေရှည် ငြိမ်းချမ်းရေး ဖြစ်ထွန်းမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလို့ ပြောတဲ့အချိန်ကျရင် ရေတို ငြိမ်းချမ်းရေးလည်း မရရှိနိုင်ပါဘူး။ ရေရှည်အတွက် မျှော်ကိုးပြီးတော့မှ ကျမတို့ အတူတကွ လုပ်ဆောင်မှ ရမယ်။ ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါ အစိုးရတဖွဲ့တည်းနဲ့လည်း မဆိုင်ဘူး။ လက်နက်ကိုင် တဖွဲ့တည်းနဲ့လည်း မဆိုင်ဘူး။ ကျမတို့ ပြည်သူလူထုအားလုံးနဲ့ ဆိုင်တယ်ဆိုတာ ကိုယ့်ရဲ့ အသိတွေထဲမှာ အမြဲတမ်း တွေးထားဖို့လည်း လိုတာပေါ့နော။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်) – တွေ့မေးသည်။