29 March 2024 /

See today's Peace Related News

“AA လိုအဖွဲ့အစည်းကို ကန့်သတ်ထားပြီးမှ ငြိမ်းချမ်းရေးကို တစ်ဖွဲ့စီ ဆက်လုပ်နေမယ်ဆိုရင် ဒီငြိမ်းချမ်းရေးက ကြာဦးမှာ” ပဒို မန်းမန်းမန်း (အထွေထွေအတွင်းရေးမှူး(၂)ဟောင်း၊ KNU)

KNU အထွေထွေအတွင်းရေးမှူး(၂)ဟောင်း ဖဒိုမန်းမန်းမန်းနဲ့ ဆက်သွယ်မေးမြန်းချက်

၃၁ သြဂုတ် ၂၀၂၀

၂၁ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြီးဆုံးသွားခဲ့ပါပြီ။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ရရှိခဲ့မှုနဲ့အတူ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအပေါ် သဘောတူညီမှုမရရှိခဲ့တာကလွဲလို့ အပြုသဘောဆောင်တဲ့ သုံးသပ်မှုများရှိခဲ့ပါတယ်။ KNU အထွေထွေအတွင်းရေးမှူး (၂)ဟောင်း ဖဒိုမန်းမန်းမန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ငြိမ်းချမ်းရေး ညီလာခံ ကနေ နောက်ဆုံးရရှိလာတဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) နဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ်လဲ။

ဖြေ – ပထမဦးဆုံး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကနေ ရရှိလာတဲ့ National accord ၂၀ လောက် ဆိုကြပါစို့။ အဲ့အချက် ၂၀ ထဲမှာမှ ပိုင်းခြားထားတာက National accord အနေနဲ့ ၁၅ချက်နဲ့ လမ်းညွန်ချက် ၅ချက်ဆိုတာမျိုးကိုတော့ သူတို့ ပိုင်းခြား ထားတာကို တွေ့ရတယ်။ ဒုတိယအချက် အနေနဲ့ ၂၀၂၀အလွန်အတွက် အဆင့်အလိုက်မှာ အဆင့် ၃ဆင့်ဆိုတာမျိုးတော့ သုံးသပ် တွေ့မိတယ်။ အချက် ၁၅ချက်ကို ပြန် ထောက်ကြည့်မယ်ဆိုရင် ပထမတစ်ချက်အနေနဲ့ ပြောချင်တာက ၁၅ချက်ရဲ့ နံပါတ် ၁ ကနေ ၆ နဲ့ နံပါတ် ၉အပါအဝင် အဲ့အချက်တွေက NCA စာချုပ်ထဲမှာ ပါထားပြီးသား။ နောက်တစ်ခုက ပြည်ထောင်စု သဘောတူညီချက် စာချုပ် ၅၁ချက်ထဲမှာလည်း ပါထားပြီးသား ဖြစ်တယ်။

ထူးခြားတာက တတိယအစည်းအဝေးသဘောတူညီမှာလည်းပါသလို စတုတ္ထ အစည်းအဝေးမှာလည်း ထပ် ပါလာတဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံကို ဘယ်လိုဖွဲ့မလဲဆိုတဲ့ နံပါတ် ၈ ရဲ့ မှတ်ချက်မှာလည်းပဲ တစ်ခုတည်းသော ပြည်ထောင်စု ဆိုတဲ့ စကားရပ်ကိုပဲ ထပ်တွေ့ရတယ်။ နံပါတ် ၇နဲ့ နံပါတ် ၈ကို ထပ်ထောက်ပြရမယ်ဆိုရင်တော့ ဒါက NCAရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးတဲ့ အပိုင်းဖြစ်တယ်။ နောက်တစ်ခါ JMCကို ဘယ်လိုဆက် သွားမလဲဆိုတဲ့ အပိုင်း ဖြစ်တယ်။ ဒါတွေကလည်း အဓိက ကျတဲ့ အချက်တွေဖြစ်တယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် ကလည်း ဆက်လက် ဆွေးနွေးရန် ဆိုတဲ့အခါကျတော့ ဒီ ဆက်လက်ဆွေးနွေးရန် ဆိုတဲ့ အချက်တွေကို ပြန်လည် ကောက်ကြောင်းလိုက်ရရင် အရင် NCA စာချုပ်တုန်းကလည်း ဆက်လက်ဆွေးနွေး ရန်ဆိုတဲ့ တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်တွေမှာ ဘားမှ ဆက်လက်မဆွေးနွေးနိုင်ဘဲ ဒါကို တရွတ်တိုက် ကျော်လွှားခဲ့တာတွေကို ကျနော်တို့ တွေ့ရတယ်။ နောက်ဆုံးတော့ တစ်ဆို့မှုတွေ ဖြစ်လာတာပဲ။ အခုလည်း ညီလာခံ စတုတ္ထ အစည်း အဝေးကနေ အဓိက အချက်တွေကို ဆက်လက်ဆွေးနွေးရန် ဆိုပြီး ကျော်လွှားခဲ့ရတာတွေကို ဒီမှာလည်းပဲ ထပ်တွေ့ရတယ်။ နောက်တစ်ချက် ၂၀၂၀အလွန်မှာ ဆွေးနွေးရမဲ့ အဆင့် ၃ဆင့် ဆိုပြီးတော့ ကြည့်လိုက်မယ် ဆိုရင် စိတ်ဝင်စားစရာတော့ကောင်းတယ်။ သို့သော်လည်းပဲ အခြေခံမူဆိုတဲ့ နေရာမှာ အချက်အလက်တွေ မပါဘဲနဲ့ သဘောတရားအရနဲ့ လုပ်ငန်းစဉ်အရ အဆင့် ၃ဆင့်ကိုတွေ့ရတယ်။ အဲ့ဒါဘာလဲဆိုတော့ ပြည် ထောင်စု အခြေခံမူဆိုင်ရာ တည်ဆောက်ရေးဆိုတဲ့ သဘောတရားအရ ယေဘုယျဆန်တဲ့ အဆင့်တစ်ဆင့် ရယ်၊ နံပါတ် ၂က ပြည်ထောင်စု အခြေခံမူဆိုင်ရာ ဖော်ဆောင်ရေး နဲ့ နံပါတ် ၃ချက်အရ အဲ့ဒီ အခြေခံမှုတွေ ကို ခိုင်မာရေး ဆိုတဲ့ ဒီသဘောတရားအရ အဆင့်ကိုပဲ ဖော်ထားတာတွေ့ရတယ်။ အချက်အလက်အရ ပြည်ထောင်စု ဆိုင်ရာ အခြေခံမူကို ဘယ်လို သွားမလဲဆိုတာကို အတိအလင်းဖော်ပြထားတာကို မတွေ့ရဘူး။ ပိုပြီးတော့မှ သတိထားရမဲ့ အချက်က နံပါတ် ၁၂ပေါ့။ NCA စာချုပ်ပါ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး အပိုဒ် ၃၀ကို ဒီမှာ ၃ကြိမ်မက ဒီ စတုတ္ထအကြိမ်အစည်း အဝေးမှာလည်း သဘောတူ လက်မှတ်ရေးထိုးတာကို တွေ့နေရတာကို အင်မတန်မှ သတိချပ်ဖို့ လိုတာပေါ့။ NCAပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကို လုပ်သွားမယ်ဆိုတာကို ဒီ စတုတ္ထအကြိမ် ညီလာခံမှာ သူတို့ သဘောတူ လက်မှတ်ရေးထိုးလိုက်သလို ဖြစ်သွား တယ်။ ဒါကို ပြန်ကောက်ကြောင်းလိုက်ရင် NCAကို လက်မှတ်ထိုးကတည်းက လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးနဲ့ပတ်သက်ပြီး တော့ ဆွေးနွေးညှိနှိုင်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က နှစ်ဦး နှစ်ဖက် သဘောမတူ သေးဘူးလို့ ကျနော်တို့ ပြောရမှာဖြစ်တယ်။ နှစ်ဦးနှစ်ဖက် သဘောမတူတဲ့အချက်က ကျနော်တို့ EAOတွေဘက် က လက်ခံသဘောတူထားတာက လုံခြုံရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးဖြစ်တယ်။ အစိုးရနဲ့ တပ်မတော်ဘက် က နားလည်ထားတာက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဖြစ်တယ်။ အဲ့နှစ်ခုက အဓိပ္ပာယ်ခြင်း မတူပါ ဘူး။ Process အရလည်းမတူဘူးဖြစ်ပါတယ်။ လုံခြုံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး ဆိုတဲ့ နေရာမှာ ဒီ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေပေါ်မှာ မူတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေး ပြောင်းလဲရေး ပြင်ဆင်ရေး တနည်း အားဖြင့် ဖက်ဒရယ် ပြည်ထောင်စု အခြေခံ ဥပဒေနဲ့အညီ ဖြစ်ပေါ်လာတဲ့ အခြေခံမူအပေါ်မှာ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးနဲ့ ပြုပြင် ပြောင်းလဲရေးကို လုပ်ရမှာဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်ဘက်က သာ မကပဲ တပ်မတော်ဘက်ကပါ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ်လို့ ကျနော်တို့ EAO ဘက်က အဲ့လို နားလည် ခဲ့တယ်။ ဒါပေမဲ့အခု အစိုးရနဲ့ တပ်မတော်နဲ့ သဘောတူလိုက်တဲ့ အချက်အပေါ် ပြန်ကြည့်မယ်ဆိုရင် လုံခြုံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးမဟုတ်ဘဲနဲ့ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကို စပြီးတော့ အကောင် အထည်ဖော်ပြီးသား ဆုံးဖြတ်လိုက်ပြီးလို့ ဖြစ်တဲ့အတွက်ကြောင့် ဒီအပိုဒ်အပေါ်မှာ မူတည်ပြီးတော့ နံပါတ် ၁၂ နဲ့ ၁၃တွေမှာဆိုလို့ရှိရင် ကျနော် တို့အတွက် အင်မတန်မှ ရှေ့လာမဲ့ ၂၀၂၀ အလွန်မှာ ဖြစ်ပေါ်လာမဲ့ နိုင်ငံရေး အကျိုးဆက် ရလဒ်တွေက စိုးရိမ်ရမဲ့ အခြေအနေ တနည်းအားဖြင့် ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ထိပ်တိုက် တွေ့ဆုံမှုတွေက ဖြစ်လာနိုင်ဖွယ်ရာရှိတယ်။ ထိုနည်းတူစွာပဲ နံပါတ် ၁၅မှာ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ အဓိက ကျတဲ့ UPDJCမှာရှိတဲ့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ပြန်ပြင်ဖို့ လိုတယ်။ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို လိုအပ်သလို ပြင်ဆင်မယ်ဆိုပြီးတော့ နံပါတ် ၁၅မှာ ပါလာတယ်။ လိုအပ်သလို သဘောတူညီမယ်ဆိုပေမဲ့လည်း တစ်ဖက်က Process အရ ဒီလုံခြုံရေး အရ ပြန်လည်ပေါင်းစည်းရေး ကိုလည်းပဲ သဘောတူညီချက်ကိုလည်း လုပ်လိုက်ပြီး အဲ့ဒီအပေါ်မှာ အခုကျမှဘဲ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို လုံးဝသူတို့ ပြန်လည် ပြင်ဆင်မယ်ဆိုတာကတော့ လိုတောင် မလိုအပ်တော့ဘူး ဖြစ်နေတယ်။ ဒါကြောင့်မိုလို့ ဒီအချက်တွေ အပေါ်မှာ အများကြီးသတိချပ်ဖို့လိုပါတယ်။ ပြန်ပြီး ခြုံပြောရမယ်ဆိုရင် ဒီ စတုတၳ အကြိမ်ပြုလုပ်လိုက်တဲ့ ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၂၁ရာစုပင်လုံ အစည်းအဝေးကနေ လာမဲ့ ၂၀၂၀ နောက်ပိုင်းမှာက တပ်မတော်တစ်ခုထဲ ထားရှိရေး စကားလုံးကို မသုံးသော်လည်းပဲ ဒီတပ်အသွင်ပြောင်းရေးနဲ့ တပ်မတော်တစ်ခုတည်းဆိုတဲ့ လမ်းကြောင်းပေါ်ကို သွင်းလိုက်ပြီးဆိုတာကိုတော့ အချက်အလက်အရ ပြန်ကြည့်မယ်ဆိုရင် တွေ့မြင်နိုင်ပါတယ်။

မေး- အရင် ညီလာခံ တွေကနေ ရရှိထားတဲ့ ပြည်ထောင်စုသဘောတူညီချက် ၅၁ချက်နဲ့ အခု ညီလာခံကနေ ရလာတဲ့ အချက်တွေအကြားမှာ ကွားခြားချက်ဘယ်လိုရှိလဲ။ အရင် ရခဲ့တဲ့ အချက်တွေထဲမှာ အကောင်အထည် ဖော်မှု အပိုင်းမှာကော ဘယ်လို သုံးသပ်မိလဲ။

‌ဖြေ – ဒုတိယအကြိမ်တုန်းက ၄၇ချက် နဲ့ တတိယအကြိမ်တုန်းက ၁၄ချက် အားလုံး ၅၁ချက်လုံးက ဘာမှ ဒွိဟ ဖြစ်စရာ အကြောင်းမရှိဘူး။ အားလုံး အချက် ၅၁ချက်စလုံးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာပဲ သဘော တူညီချက် ရရှိခဲ့တာဖြစ်တဲ့အတွက် ကြောင့် ဒီလက်ရှိ National accord အပေါ်မှာ ဘယ်လို အကောင် အထည်ဖော်သွားမလဲဆို တာက ထူးထူးခြားခြား အကောင်အထည်ဖော်သွားစရာ မရှိဘူး။ ဘာဖြစ်လဲဆိုတော့ ၂၀၀၈ ဖွဲ့အစည်းပုံအခြေခံမူအောက်မှာပဲ ဆွေးနွေးဆုံးဖြတ်ရလာတဲ့ သဘောတူညီချက် တွေ ဖြစ်တဲ့ အတွက် ကြောင့်ဖြစ် တယ်။ ဆိုလိုတာက လွှတ်တော်ပြင်ပ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာက ပြောချင်တာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြင်ပ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ လွမ်းမိုးမရှိဘဲနဲ့ လွတ်တော်ပြင်ကနေ ဆွေးနွေးရမဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်တယ်ပေါ့။ အခု လွှတ်တော်ပြင်ပဆိုသော်ငြားလည်းပဲ လွှတ်တော် အဆောက် အအုံရဲ့ ပြင်ပသာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကနေ ကျော်ပြီးတော့ ဆွေးနွေးလို့မရဘူးလို့ ပြောရမှာဖြစ်ပါတယ်။

မေး- ဒီ ညီလာခံတွေ မတိုင်ခင် အရင် ၂၀၁၅ကတည်း ချုပ်ဆိုခဲ့တဲ့ ဒီ NCAဟာ တရွတ်တိုက်ဆွဲလာရင်း ပါလာ တဲ့အခင်းအကျင်းဆိုပြီး ပြောဆိုကြတာတွေရှိသလို ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို မရောက် ရောက်အောင် ဆွဲသွင်းခဲ့တယ်ပုံစံလို့ ဝေဖန်ထောက်ပြတာမျိုးရှိတဲ့အပေးမှာ ဒီ NCA အပေါ်မှာ ဘယ်လို သုံးသပ်မြင်မိလဲ။

ဖြေ – NCA စာချုပ် မတိုင်ခင်ကတည်းက သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်တဲ့ အခါမှာ မူဝါဒ (၈) ချက်ကို ချမှတ်ခဲ့တယ်။ ဒီ (၈)ချက်ထဲမှာ ကျနော်တို့ လက်မခံနိုင်တဲ့ အဓိက အချက် (၃)ချက် ပါလာတယ်။ ပထမအချက်အနေနဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံကျင့်သုံးရေးနဲ့ လိုအပ်သလို ပြင်ဆင် ဖြည့်စွက်သွားရေး ဆိုတဲ့ အချက်တစ်ချက်ပါတယ်။ ဒုတိယက နိုင်ငံရေး ပါတီ ဖွဲ့စည်းပြီးတော့ ရွေးကောက်ပွဲ တွင် ပါဝင် ယှဉ်ပြိုင်သွားရမယ်ဆိုပြီးတော့ ဒုတိယအချက်ပါတယ်။ တတိယအချက်ကတော့ လက်နက်ကိုင်တပ် တစ်ခုထဲ ထားရှိရေး ဆိုတဲ့ ဒီအချက် ၃ချက်ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာကတည်းက ဒီမူဝါဒနဲ့ အညီ ဒီ NCA စာချုပ်ကို ထည့်သွင်းပြီးတော့မှ ပါဝင်ခဲ့တာပေါ့။ တချိန်ထဲမှာ တပ်မတော်ရဲ့ မူ (၆)ချက် ကို ပြန်ကြည့်ရင်လည်းပဲ အဓိက (၂)ချက်လည်း ထိုနည်းလည်းကောင်းပဲ။ နိုင်ငံတော်က ထုတ်ပြန်တဲ့ တည်ဆဲ ဥပဒေကို လိုက်နားရမယ်။ ဒို့တာဝန်အရေးသုံးပါးနဲ့ ဒီမိုကရေစီ အနစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လိုက်ပါသွားရန် ဆိုပြီး သမ္မတကြီး ဦးသိန်းစိန် အစိုးရ ရဲ့ မူဝါဒ ၈ ချက်နဲ့ တပ်မတော်မူဝါဒ ၆ချက်ကို ပြန်ကြည့်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာပဲ ရေးဆွဲခဲ့တဲ့ NCA စာချုပ်ပဲဖြစ်တယ်။ ဒီထက်ပိုသေချာအောင် ပြောရမယ်ဆိုရင် NCA စာချုပ်ရဲ့ အခန်း (၅) အပိုဒ် ၂၂ရဲ့ အပိုဒ်ခွဲ (ဃ) မှာဆိုလို့ရှိရင် ပြည်ထောင်စု ညီလာခံမှ ထွက်ပေါ်လာတော့ ဆုံးဖြတ်ချက် များပေါ်မှာ အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း ဖြည့်စွက် ခြင်းနှင့် ပယ်ဖျက်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြုလုပ်ရန် သဘောတူသည် ဆိုပြီး ပါတယ်။ ဒီ အချက်ကို ကြည့်ခြင်းအားဖြင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဆိုတဲ့ အတွက်ကြောင့် ဖွဲ့စည်းပုံကို ပြင်ဆင်လို့ရတယ်ဆိုတဲ့ စဉ်းစားချက်တွေ ရှိကြတယ်။ ဒါပေမယ့် သတိထားရမယ့် အချက်က နောက်ဆုံး ခြွင်းချက် ခံထားတဲ့ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြုလုပ်ရန် ဆိုတဲ့ အချက်က ခြွင်းချက် ခံထားတာဖြစ်တယ်။ ဒီလုပ် ထုံးလုပ်နည်းဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၂)ရဲ့ အပိုဒ် ၄၃၆ အပေါ်မှာ ဒါ ချုပ်ထားပြီးသား ဖြစ်တဲ့အတွက် ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်နိုင်ဖို့ဆိုတာက ဘယ်လိုမှ မလွယ်ဘူးဆိုတာကို ကျနော်တို့ တွေ့မြင်ရမှာဖြစ်ပါတယ်။ တဆက်တည်းမှာ NCA စာချုပ်နဲ့ ဆက်စပ်လာတဲ့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ပြန်ကြည့်မယ်ဆိုလည်း ခုနက ဆက်စပ်နေတဲ့ အခန်း (၅) အပိုဒ် ၂၂ (ဃ)ကြီးနဲ့ ဆက်စပ်လာတာ ဘာလဲ ဆိုတော့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်မှာ အခန်း (၈) အပိုဒ် ၁၄ (၁) မှာပြန် ကြည့်မယ်ဆိုလို့ရှိရင် ဘာ သွားတွေ့ရလဲဆိုတော့ ပြည်ထောင်စု သဘောတူ စာချုပ်တွင် ပါရှိသော သဘောတူညီချက်များနှင့် လိုက်လျော ညီထွေမှုရှိစေရန် ဥပဒေအသစ်များ ပြဌာန်းခြင်း တည်ဆဲဥပဒေကို ပြင်ဆင်ခြင်း ပယ်ဖျက်ခြင်းကို လွှတ်တော် တပ်မတော်နှင့် အစိုးရ ဌာနကြီးများမှ မိမိ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက် သွားရမယ်ဆိုတော့ အဲ့ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာ မပါတော့ဘူး။ အဲ့နေရာမှာ အစိုးရ လွှတ်တော် တပ်မတော်ကိုပဲ ညွန်းထားတာ EAOတွေရဲ့ အခန်းကို မရေးထားဘူး။ ဒါတွေကိုကျနော်တို့ က ထောက်ပြတာကို မြင်လာတဲ့အခါမှာ ဒီ ညီလာခံ စတုတၳအကြိမ်မှာ နည်းနည်းလေး ဖော်ပြလိုက်တယ်။ ဒါကို EAO တွေဘက်က ယန္တရား တစ်ခု ဖော်ဆောင်ပြီးတော့မှ ပြည်ထောင်စု သဘောတူစာချုပ်ကို ဘယ်လို အကောင်အထည်ဖော်ဆောင် မလဲဆိုတာကတော့ အပိုဒ်လေး တစ်ပိုဒ်အနေနဲ့ ဒါကို ဖော်လိုက်တယ်။ မည်သို့ပင် ဆိုစေကာမူ NCA စာချုပ်ကို ပြန်ကြည့်လိုက်ရင် ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်ကပဲ သွားနေရတဲ့အပြင်ခုနက သမ္မတ ဦသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး မူ (၈)ချက်နဲ့ တပ်မတော်ရဲ့မူ(၆)ရဲ့ ရည်ရွယ်ချက် တတန်းထဲမှာပဲ ဒါဟာမှောင်မဲသွားတယ်ဆိုတာကို အချက်အလက်အရ ထောက်ပြရင် ပေါ်နိုင် ပါတယ်။ ထပ်ပြောချင်တာက NCA စာချုပ်ရဲ့ ပထမအဆင့်မှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးတုန်းက အဓိက ဇာတ်ကောင်တွေအနေနဲ့ အစိုးရရယ် လွှတ်တော်ရယ် တပ်မတော်ရယ် EAO ရယ်။ နောက် UPDJCမှာ လည်း အစိုးရရယ် လွှတ်တော်ရယ် EAO တွေရယ် နိုင်ငံရေး ပါတီတွေပါ ထပ်ပါလာတယ်။ ၂၁ ရာစု ပင်လုံကို တက်တဲ့ နေရာမှာလည်း ထိုနည်းလည်းကောင်းပဲ အစိုးရရယ် လွှတ်တော်ရယ် နိုင်ငံရေးပါတီနဲ့ EAO တွေရယ် ပါတယ်။ သို့သော် ပြည်ထောင်စု သဘောတူ စာချုပ် အကောင်အထည်ဖော်တဲ့ နေရာမှာ EAOတွေ ပါမလား ဘူး။ အစိုးရရယ် လွှတ်တော်ရယ် တပ်မတော်ဘဲဆိုတော့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်မှာ ခုနက ကျနော်ပြော သွားတဲ့ အခန်း (၈) အပိုဒ် ၁၄ (၁)မှာ ဖော်ပြထားပြီးသားဖြစ်တယ်။ ဒါကိုလည်း သူတို့ လက်မှတ် ထိုးပြီးတော့ သဘောတူထားပြီးသားဖြစ်တယ်။ အဲ့တော့ ချုပ်ပြီးပြောရရင် ပြည်ထောင်စု သဘောတူစာချုပ် အကောင် အထည်ဖော်မှုမှာ EAO တွေ ပါချင်လာရင် ဘာလုပ်ရမလဲဆိုတော့ ပါတီထောင် ရွေးကောက်ပွဲ ဝင်။ ပါတီထောင် ရွေးကောက်ပွဲဝင်ဆိုတဲ့အခါ နိုင်ငံရေးပါတီရဲ့ ဥပဒေအရ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ကင်းရှင်းရမယ်ဆိုတာ ထပ်ပါလာတဲ့ အခါကျတော့ ခုနက ဦးသိန်းစိန်ရဲ့ မူ (၈)ချက်နဲ့ တပ်မတော်ရဲ့ မူ(၆)ချက် နဲ့တထပ်တည်း သွားနေတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်ရမှာဖြစ်တယ်။

မေး – လက်ရှိချုပ်ဆိုထားတဲ့ NCA အတိုင်းသွားမယ်ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရောက်နိုင်ဘူးလို့ ဝေဖန် ဆန်းစစ်တာမျိုးလည်းရှိကြတာပေါ့။ ဒီ NCAကို ပြင်ဆင်ဖြည့်စွက်တာမျိုး ဒါမှမဟုတ် တခြားသော နည်းလမ်းနဲ့ သွားဖို့ အကြံပြုတာမျိုးလည်းရှိတယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်လဲ။

ဖြေ – အကြောင်းအရင်း နှစ်ခုရှိပါတယ်။ NCA စာချုပ်က ဒီအတိုင်းသွားရင် ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။ ဘာဖြစ်လို့ မရလဲဆိုတော့ NCA စာချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှာပဲ ဆွေးနွေးရ တာဖြစ် တယ်။ တကယ့်နိုင်ငံရေး ပြဿနာက ဖွဲ့စည်းပုံ အကြပ်အတည်းဖြစ်တယ်။ ဖွဲ့စည်းပုံကို မပြင်နိုင်သ၍ နိုင်ငံရေး ပြဿနာကို ဖြေရှင်းလို့ရမှာမဟုတ်ဘူး၊ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။ အဲ့ဒါကိုတော့ အားလုံး လက်ခံတယ်လို့ပဲ နားလည်တယ်။ သို့သော်လည်း အဲ့လမ်းကြောင်းကို ရောက်နိုင်ဖို့ကတော့ ကျနော်တို့ အများကြီး ကျော်လွှားသွားဖို့ လိုသေးတယ်။ NCA စာချုပ်ကို ပြင်မယ်ဆိုရင်တော့ အဓိက ပြင်ရမဲ့ အချက် (၃)ချက်ကို ကျနော် ထောက်ပြ ချင်ပါတယ်။ ပထမ တစ်ချက်က NCA စာချုပ်ရဲ့ အခန်း (၃) အပိုဒ် (၇) နဲ့ အပိုဒ် (၈)မှာ တပ်ပိုင်း ဆိုင်ရာ ကိစ္စအားလုံးကို ဆက်လက်ဆွေးနွေးရန် သဘောတူသည့် ဆိုတဲ့ အချက်တွေ အားလုံးကို ပြန်ဆွေး နွေးပါ။ ပြန်ဆွေးနွေးပြီးတော့မှ သဘောတူညီချက်တွေ ပြန်ယူရမယ်။ ဒုတိယ အချက်ကတော့ NCA စာချုပ်ထဲမှာ ပါရှိတဲ့ Mechanism ယန္တရားတွေ။ နှစ်ခုရှိပါတယ် တစ်ခုက JMC နဲ့ UPDJC။ JMCက စောင့်ကြည့် တဲ့ယန္တရားအဖွဲ့အစည်းပဲ။ စောင့်ကြည့်တဲ့နေရာမှာ စုဖွဲ့မှုက ပဋိပက္ခ ဖြစ်တဲ့ နှစ်ဖွဲ့ကနေ စုဖွဲ့လိုက်တယ်။ ပဋိပက္ခဖြစ်တဲ့ နှစ်ဖက် စုဖွဲ့မှုက စောင့်ကြည့်တဲ့ နေရာမှာ တစ်ဖက်ဖက်ကတော့ ဘက်လိုက်မှာပဲ။ ဆိုတော့ JMCက လွတ်လပ်တဲ့ Third Party ဖြစ်ရမယ်။ အခုတော့ JMC ဘယ်လောက်ဖွဲ့ဖွဲ့ NCA စာချုပ်မှာ တပ်ပိုင်း ဆိုင်ရာ ကိစ္စ အချက်အလက် ဘာတစ်ခုမှ သဘောတူညီချက် မရခဲ့ဘူး။ ဆက်လက်ဆွေးနွေးရန် ဆိုတာပဲ ရခဲ့တယ်။ အထူးသဖြင့် တပ်ပိုင်း ဆိုင်ရာ နေရာချထားရေး၊ တပ်တွေရဲ့ လျှော့ချရေး တပ်တွေကို ဘယ်လို ပြန် ရုပ်သိမ်းမလဲဆိုတဲ့ အချက်အလက်တွေ၊ Area demarcation အပစ်ရပ် နယ်မြေသတ်မှတ် ခြင်းက အစ သဘောတူညီချက်မရဘဲနဲ့ ဒီ JMC သည် ဘာကို Monitor (စောင့်ကြည့်) လုပ်မှာလဲ။ တတိယ အချက် အနေနဲ့က ဒီ UPDJC ဆိုတဲ့ ပြည်ထောင်စု ငြိမ်ချမ်းရေး နိုင်ငံရေးဆွေးနွေးပွဲ ကော်မတီသည်လည်းပဲ ကမကထ လုပ်တဲ့အဖွဲ့ဖြစ်ရမယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရရှိနိုင်ဖို့အတွက် သူက ကြားနေ ကမကထ ပြုလုပ်ရမှာဖြစ် တယ်။ အခုက UPDJC က ဦးဆောင် ဆုံးဖြတ်တဲ့ ယန္တရားကြီးကို သွားဖြစ်နေတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဘက်ရဲ့ အဓိက ပါဝင်သူတွေက နှစ်ဖက် သဘောတူညီချက်ရမယ့်ဟာက ပုံမပေါ်ဘူး ဖြစ်လာတယ်။ နောက်ဆုံးအနေနဲ့က ဒီတွေ့ဆုံဆွေးနွေးမှုရဲ့ ဒီဇိုင်းပေါ့။ Dialogue ဒီဇိုင်းက Negotiation Table က ပျောက်နေတယ်။ နှစ်ဖက် သဘောတူညီချက် ရယူဖို့ အစိုးရ လွှတ်တော်၊ တပ်မတော်က တဖက် EAO ဘက်က တစ်ဖက် နှစ်ဖက်သဘောတူညီချက် တွေ့ဆုံဆွေးနွေးမှုရဲ့ အခင်းအကျင်းက Bilateral မဟုတ်တော့ဘဲ Round Table ပုံစံမျိုးပုံဖော်ပြီးတော့ ကိုယ်စားပြုမှု အစုအဖွဲ့နဲ့ လာပြီးမှ Meeting Decision ပုံစံလုပ်လိုက်တဲ့ အခါကျတော့ အခင်အကျင်းတွေ အားလုံးကလည်း ပြန်ပြောင်းရမှာဖြစ်ပါတယ်။

မေး- နောက်ဆုံး ပြုလုပ်လိုက်တဲ့ ညီလာခံကနေ သဘောတူညီချက်တွေရခဲ့ပေမဲ့ ဒီကနေ့အချိန်ထိ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေမပါဝင်လာနိုင်သေးတဲ့အပေါ် ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ ရှေ့အလားလာ အနေနဲ့ ဘယ်လို သုံးသပ်မြင်မိလဲ။

ဖြေ – ပထမ ၂၀၁၅ခုနှစ် NCA လက်မှတ်စထိုးကတည်းက အစိုးရ အထူးသဖြင့် တပ်မတော်ဘက်က EAOတွေကို ကန့်သတ်ထားတာတွေရှိတယ်။ NCA စဆွေးနွေးတုန်းကတည်းက တောင်ပိုင်း မြောက်ပိုင်း အခု အနောက်ပိုင်း AA အပါအဝင် ၁၆ဖွဲ့စလုံးရှိတယ်။ ဒီ ၁၆ဖွဲ့စလုံးကို NCAကို လက်မှတ်ထိုးဖို့ကို အစိုးရဘက်က တပ်မတော် ဘက်က လက်မခံခဲ့ဘူး။ အဲဒီမတိုင်ခင် NCA စာချုပ်သည်လည်းပဲ မပြီးပြည့်စုံဘူး။ မပြီးပြည့်စုံတဲ့အတွက် EAO တွေအကြား လက်မှတ် ထိုးရေး မထိုးရေးက ဒွိဟဖြစ်လာတယ်။ တချို့ကတော့ မပြည့်စုံပေမယ့် ဒါကို တဖြည်းဖြည်း ညှိနှိုင်းယူပြီးမှ ထိုးမယ်ဆိုပြီးတော့ စဉ်းစားချက်နဲ့ တချို့ပါလာတယ်။ တချို့ကတော့ နောက်တက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာရင်တော့ ပိုမိုပြီးတော့ ပြည့်စုံမယ်ဆိုပြီးတော့ စဉ်းစားချက်တွေနဲ့ ပါလာတယ်။ မည်သို့ပင်ဆိုစေကာမူ အဓိက ဒီအဖွဲ့တွေ ပါမလာအောင် ကန့်သတ်ထားတာက တပ်မတော်ဘက်နဲ့ အစိုးရဘက်ကပဲ ဖြစ်တယ်။ ဆိုတော့ AA လိုအဖွဲ့အစည်းကို ကန့်သတ်ထားပြီးမှ ငြိမ်းချမ်းရေးကို တစ်ဖွဲ့စီ ဆက် လုပ်နေမယ်ဆိုရင် ဒီငြိမ်းချမ်းရေးက ကြာဦးမှာဖြစ်ပါတယ်။

မေး- ငြိမ်းချမ်းရေးကို ရှေ့ဆက်နိုင်ဖို့ဆိုရင် ဘယ်လိုပြင်ဆင်ဆောင်ရွက်ချက်မျိုးတွေ လုပ်ဆောင်သင့်တယ်လို့ အကြံပြုချင်သလဲ။

ဖြေ – ကျနော်တို့ ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ ရှေ့ကို ဆက်သွားမယ်ဆိုရင်တော့ ကနဦးကျနော်ပြောခဲ့တဲ့ အချက်အလက်တွေအပြင် အခြေခံကျတဲ့ အဓိက အချက် (၅)ချက်ကို အနှစ်ချုပ်ပြီး ပြောချင်ပါတယ်။ ပထမအ ချက်အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နိုင်ငံရေး ဆွေးနွေးဖို့ နိုင်ငံရေး လမ်းပြမြေပုံပြန်လည်ညှိနှိုင်းဖို့ လိုပါလိမ့် မယ်။ ဒုတိယအချက်ကတော့တွေ့ဆုံ ဆွေးနွေးမှု ဆိုင်ရာ အခြေခံမူ လမ်းညွန်ချက် ကို ချမှတ်ဖို့ လိုမယ်။ တတိယ အချက်ကတော့ ကျနော်ပြောခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ အခင်းအကျင်း ဒီPolitical Dialogue ဒီဇိုင်း အခင်းအကျင်းကို ချမှတ်ဖို့လိုတယ်။ နံပါတ် လေးအနေနဲ့ အဲ့ဒီအချက်တွေကို ချမှတ်ပြီးတော့မှ နိုင်ငံရေး သဘောတူညီချက်တွေ ရယူရမယ်။ အဲ့ဒီအဆင့်တွေကို သွားရမှာဖြစ်ပြီး အဲ့ဒီ အဆင့်တွေ ကျော်ပြီးသွားမှ သာလျှင် ဖွဲ့စည်းပုံပြင်ဆင်ရေး အသစ်ရေးဆွဲရေး ဖြစ်ဖြစ်ပေါ့ ။ ကျနော်တို့ သတိချပ်ရမယ့် အချက်တစ်ချက်က ဘာလဲဆိုတော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး လုပ်တဲ့ နေရာမှာ လွှတ်တော် ပြင်ပ ဖြစ်ရမယ်။ တနည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ပက ဖြစ်ရမယ်။ အောက်က မဖြစ်စေရဘူးဆိုတာကို အခြေခံ လမ်းညွန်ချက် (၅)ချက်အနေနဲ့ စဉ်းစားပြီးတော့မှ ဖော်ဆောင်ရမှာပေါ့။ အဲ့ဒါဆိုရင် ရှေ့လာမယ့် ငြိမ်းချမ်းရေး အလားလာကိုတော့ ဆက်သွားလို့ ရနိုင်မယ်လို့တော့ မျှော်လင့်ရတာပေါ့နော်။

မေး- နောက်ဆုံး ဖြည့်စွက်ပြောချင်တာများ ဘာရှိမလဲ။

ဖြေ – ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ် တစ်ခုလုံးကို ခြုံပြီး ပြောရမယ်ဆိုရင် အပိုင်းနှစ်ပိုင်းကို ခွဲပြီးပြောချင်တာက ဦးသိန်းစိန် အစိုးရ လက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ NLD အစိုးရ လက်ထက် ဖော်ဆောင်မှုဖြစ်စဉ် ကို နှိုင်းယှဉ်ချင်တာပေါ့။ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက လက်မှတ်ထိုးရေးကိုပဲ အလျင်စလို လုပ်ခဲ့တယ်။ နောက်ပြီး အကျေအလည်မဆွေးနွေးခဲ့ဘူး။ နောက်ပြီး ဆွေးနွေးမှုရလဒ်ပေါ်မှာ အခြေခံပြီးမှ မသွားခဲ့ဘူး။ ဒါက ဦးသိန်းစိန် အစိုးရ လက်ထက်က ရှိခဲ့တဲ့ အားနည်းချက်ဖြစ်တယ်။ ဆက်ပြီးတော့မှ NLD အစိုးရလက်ထက်ကျတော့ အစိုးရရဲ့ ဦးဆောင်မှုကို စစ်တပ်က မခံယူဘူးဆိုတာကို သွားတွေ့ရတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးထက် အာဏာရရှိရေး ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဒီ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို Political tool တစ်ခုအနေနဲ့ အသုံးချသွားတယ်လို့ မြင်ရတယ်။ အစိုးရ နှစ်ရပ်စလုံးရဲ့ ကာလမှာ နှစ်ဖက်စလုံးရဲ့ဆွေးနွေးမှုက ထိပ်တိုက်ဖြစ်တာကို ရှောင်ကြတယ်။ ဆွေးနွေးမှုတိုင်းမှာလည်း EAOတွေဘက်က လိုက်လျော အလျှော့ပေးခဲ့ရတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ EAOဘက်က မဟာဗျူဟာကျ ချည်းကပ်မှု အားနည်းချက်ကို ထောက်ပြချင်တယ်။ ဒါကလည်း နောက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အထောက် အကူပြုနိုင်ဖို့ မျှော်လင့်တာပါ။ တစ်ချက်ကတော့ တစ်ဖွဲ့ချင်းစီပဲ ချဉ်းကပ်ဆောင်ရွက်တာဖြစ်တယ်။ တပ်ပေါင်းစုအနေနဲ့ မသွားဘဲနဲ့ တပ်ပေါင်းစုကနေ ခွာထွက်ပြီး သွားကြတာလည်း ရှိကြတာကိုး။ ဒုတိယ အချက်က ဘုံရပ်တည်ချက် မထားဘူး။ ဘုံရပ်တည်ချက်ကို မကိုင်စွဲဘူး။ နံပါတ် သုံးအချက်အနေနဲ့ Process ကိုသွားတဲ့နေရာမှာ ဘယ်အချိန် ဘယ်မှာ ရောက်ရင် ရပ်မလဲ၊ ဘယ်အချိန် ဘာမရရင် ဆုတ်ရမလဲ နောက်ခံဆုတ်လမ်း မထားဘူး။ ဆက်ကာဆက်ကာ သွားနေတာပေါ့။ နံပါတ်လေး အချက်က Process ကိုသာသွားပြီး Progress ဖြစ်မဖြစ်ဆိုတာကို မကြည့်ဘူး။ ဘယ်နေ့မှာ ဘာလုပ်မလဲ ဘယ်လမှာ ဘာ လုပ်မလဲဆိုပြီး ရလာတဲ့ ရလဒ်အပေါ်မှာ တဆင့်ချင်း မသွားဘဲနဲ့ ကာလတစ်ခုအပေါ်မှာကြည့်ပြီး လုပ်ငန်းဖြစ်စဉ်ကို သွားခဲ့တယ်။ နောက်နံပါတ် ငါးအချက်က ကျနော်တို့က တွေ့ဆုံးဆွေးနွေးမှု အခြေခံမူကို တိတိကျကျ မချမှတ်နိုင်ခဲ့သလို ချမှတ်သလိုလည်း မသွားနိုင်ခဲ့ဘူး။ ဒါကတော့ အားနည်းချက်တွေ ဖြစ်တာပေါ့။

စအိုင်ဆူး (KIC) – မေးမြန်းသည်။