နေရပ်ပြန်ပို့ရေးကိစ္စ ပွင့်လင်းမြင်သာစွာ ချပြရန် သက်ဆိုင်ရာသို့ ကချင်စစ်ရှောင်များ တောင်းဆို

0
145

သြဂုတ်လ ၃၁ ရက်နေ့။ ၂၀၂၀ ခုနှစ်။

စစ်ဘေးရှောင်များ နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာ၀န်ရှိသူများဖက်မှ ပွင့်လင်း မြင်သာစွာ လာရောက် ချပြခြင်း မရှိသေးသည့်အတွက် နေရပ်ပြန်ရေးကိစ္စကို ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်ဟု က ချင် စစ်ဘေးရှောင်များ က ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင့် RC စစ်ရှောင်စခန်းမှ ဒေါ်ရွယ်ဂျာ က စစ်ဘေးရှောင်များ နေ ရပ်ပြန်ရေးနှင့် ပတ်သက်ပြီး တိကျခိုင်မာသည့် ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် သက်ဆိုင်ရာ တာ၀န်ရှိသူ များက စစ်ဘေးရှောင်များအား ပွင့်ပွင့်လင်းလင်း လာရောက်ရှင်းပြရန်လိုသည် ဟု ပြောသည်။

“IDPs တွေ နေရပ်ပြန်ရေးကို ဘယ်လောက်အထိ ညှိနှိုင်းထားပြီလဲ ဘယ်လောက် အထိ သဘော တူမှု ရရှိ ထားပြီလဲ ဆိုတဲ့ဥစ္စာကို အစိုးရတွေလာ မရှင်းပြနိုင်ရင်တောင်မှ KHCC အနေနဲ့ ဒီ IDPs တွေကို ချပြနိုင် ရင် တော့ IDPs တွေကလည်း ပိုပြီးမှ နေရပ်ပြန်ဖို့ကို ပိုပြီးမှ ဆုံးဖြတ်ချက် ခိုင်မာလာနိုင်မယ်။”

ဇီးအွန် စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဒေါ်ထုဆန်ကလည်း “ကျမတို့က ဒီအစိုးရတွေ ကိုယ်တိုင်လာပါ လာပြီးမှ ကျမတို့ IDPs တွေကို လာဆွေးနွေးပါ။ လာမေးမြန်းပါ။ အချိန်မရွေး လာလို့ရပါတယ်ပေါ့နော။ ဒီနေရပ်ပြန် တဲ့ ကိစ္စမျိုး မှာ သူတို့က တစ်ခါမှ မလာသေးဘူး အဲဒါနဲ့ ဖုန်းနဲ့ပဲ ပေါ့နော။ ဘယ်အိမ်ထောင်စု ပြန်မလဲ ဘယ်ရွာတွေ ပြန်မလဲ ဒါနဲ့ပဲ မေးတယ်ဆိုတော့ ကဲ အခုပြန်မယ့် လူတွေ ဘယ်နှစ်ယောက်ရှိသလဲ အဲဒါ မျိုးဆိုတော့ ကျမ တို့က အားကိုးမယ့် နေရာ မရှိသလိုပေါ့နော ဖခင်မိခင် မရှိသလိုပေါ့ အရမ်းခံစားတာ ပေါ့လေ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်က ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများ ပိတ်သိမ်းရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန် ရေးကို လူမှု့၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူများက စစ် ဘေးရှောင်စခန်း တာ၀န်ခံများအား ခေါ်ယူပြောဆိုမှု ရှိသော်လည်း အဆိုပါကိစ္စရပ်များကို ယခုအချိန်အထိ ပွင့် လင်းမြင်သာစွာ ချပြခြင်း မရှိသေး ဟု ဆိုသည်။

သက်ဆိုင်ရာ တာ၀န်ရှိသူများဖက်မှ ပွင့်လင်းမြင်သာစွာ လာရောက်ရှင်းပြခြင်း မရှိသေးသည့် အခြား တစ် ဖက်တွင် စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် အဖွဲ့အစည်းများထဲတွင် နေရပ်ပြန် စေချင်သည့် အဖွဲ့အစည်းများ ရှိသကဲ့သို့ မပြန်စေချင် သည့် အဖွဲ့အစည်းများလည်း ရှိနေသည်ဟု ဆိုသည်။

ထိုအနေအထားများကြောင့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရေးအတွက် ဆုံးဖြတ်ချက်ချရာတွင် ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက် မချနိုင်ပဲ ဝေးဝါးနေသည်ဟု ဒေါ်ရွယ်ဂျာ က ပြောသည်။

“နေရပ်ပြန်ရင် ဘယ်လိုဂုဏ်သိက္ခာဆိုတာကို ဘယ်လိုပြောတယ် အာမခံချက်ဆိုတာ အများကြီးလာပြီးမှ ပေးသွားတယ် ဒါပေမယ့် ဘယ်သူတာ၀န်ယူမှု ဘယ်သူတာ၀န်ခံမှု ဘယ်သူရှိသလဲ။ IDPs တွေရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်ပြီးမှ ဒီဂုဏ်သိက္ခာတွေ ဒီအာမခံချက်တွေ ရဖို့အတွက် ဘယ်သူကြိုးစားပေးတာမျိုး မရှိပြန်တော့ ကြက်ပျောက်ငှက်ပျောက် ပျောက်တော့ ဟိုလိုလို ဒီလိုလိုနဲ့ ပြန်ပြီးမှ ပျောက်ပြန်ပြီ အဲဒီအခါ ကျတော့ IDPs တွေက ပြန်ဖို့ပဲ ဆုံးဖြတ်ရမှာလား နေဖို့ပဲ ဆုံးဖြတ်ရမလားကို ေ၀ဝါးကုန်ပြီပေါ့နော်။”

တရုတ်အစိုးရထံမှ စစ်ရှောင်များနေရပ်ပြန်ရေးအတွက် ထောက်ပံံ့ငွေ ယွမ် ၄ သန်း ရရှိထားပြီး တာလော ကြီး၊ ဒဘတ်ယန် နှင့် နမ့်ဆန်ယန် ကျေးရွာတို့မှ အိမ်ထောင်စုပေါင်း ၁၉၀ ကျော်အတွက် နေရပ်ပြန်ရေး စက်တင်ဘာလတွင် အကောင်အထည်ဖော်ရန် ရှိသည်ဟုလည်း ပြည်နယ်အစိုးရက ပြောဆိုထားသည်။

စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ရန် ဝေဝါးနေသော်လည်း လက်ရှိ နေထိုင် နေကြသည့် စစ်ရှောင်စခန်းများတွင် ကူညီထောက်ပံ့မှုများ လျော့နည်းလာခြင်း၊ နှစ်ကြာလာသည် နှင့် အမျှ မိသားစု၀င် ဦးရေများလာသည့်အတွက် နေထိုင်ရန် နေရာထိုင်ခင်း ကြပ်တည်းလာခြင်း၊ အလုပ်အ ကိုင် အခွင့်အလမ်း ရှားပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် ၎င်းတို့ ပိုင်ဆိုင်သည့် ခြံမြေများကို ကုမ္ပဏီများက ၀င်ရောက်ကာ ရွှေတူးဖော်ခြင်း၊ တစ်သျူးငှက် ပျောစိုက်ပျိုးခြင်းတို့ကြောင့် ခြံမြေများ ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် နေရပ်ပြန် ချင်ကြသည်ဟု ဆိုသည်။

သို့သော် ၎င်းတို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ကျေးရွာများထဲတွင်လည်းကောင်း ကျေးရွာများနှင့် အနီး တ၀ှိုက်တွင် တပ်မတော်မှ တပ်စခန်းသစ်များ တည်ဆောက်ခြင်း၊ ကျေးရွာအတွင်းနှင့် ၎င်းတို့ လုပ် ကိုင်စား သောက်သည့် နေရာများတွင် မြေမြုပ်မိုင်းများ ရှိနေသေးသည့်အတွက် လုံခြုံမှု မရှိသည့် အနေ အထားတွင် နေရပ်ပြန်မည်ဆိုပါက ဒုက္ခရောက်နိုင်သည်ဟု ပြောသည်။

ထို့ကြောင့် တပ်မတော်မှ တပ်စခန်းများကို ဆုတ်ခွာရန်အပြင် သက်ဆိုင်ရာ တာ၀န်ရှိသူများအနေဖြင့် မြေ မြုပ်မိုင်းများကို ရှင်းလင်းပေးရန်နှင့် နေရပ်ပြန်ပါက လိုအပ်သည့် အကူညီထောက်ပံ့မှုကို အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ပေးရန်၊ လုံခြုံရေး နှင့် လူမှု့ဘ၀ အာမခံချက်ရှိသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုသည်။

အားမီ (NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here