“သားဖြစ်တဲ့ သူနဲ့လည်း ကျနော်နဲ့ ဆက်သွယ်မှုမရှိဘူး။ သားက အိမ်ကနေ ထွက်သွားတာလည်း မဟုတ်ဘူး။ သူဟာ တပ်ထဲကပဲ ပြောင်းရွှေ့သွားတယ်ဆိုတာကို ခုနက ကော်မရှင်က လူကြီးမင်းတို့ ဖတ်ပြမှပဲ သိရှိရတဲ့အတွက် အဲကိစ္စကို ငြင်းပယ်ပါတယ်” ဦးဖိုးစံ ( ကျောက်ဖြူ၊ ပြည်နယ်လွှတ်တော် အမတ်)

0
301

သားဖြစ်သူကြောင့် အမတ်လောင်းစာရင်းမှပယ်ချခံရသူနှင့် အမေးအဖြေ

၃၁ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကို လာမည့် ရွေးကောက်ပွဲတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအြဖစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သော်လည်း သားဖြစ်သူ တပ်မတော်မှ ဗိုလ်မှူးအောင်မြင့်စိုးသည် ရခိုင်တပ်တော် AA ဘက်သို့ ဘက်ပြောင်းသွားသည့်အတွက် ရွေးကောက်ပွဲ ဥပဒေ အခန်း ၅ ပုဒ်မ ၁၀ (ဎ)နှင့်ငြိစွန်းသည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်လောင်းအြဖစ်မှ ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်ကြောင်းသိရသည်။ ကိုယ်စားလှယ်လောင်းအမည် စာရင်းပယ်ချခံရခြင်းနှင့်ပတ်သက် ပြီး ဦးဖိုးစံကို ဆက်သွယ်မေးမြန်းထားသည်။

ဦးဖိုးစံသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူဖြစ်သည်။

လာမယ့် ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းတာကို ဘာကြောင်နဲ့ ပယ်ချခံရတာလဲ ဆိုတာကို ရှင်းပြပေးပါ။

ကိုယ်စားလှယ်လောင်းပယ်တဲ့ ကိစ္စကို (၁၄.၈.၂၀၂၀) ရက်နေ့မှာ ခရိုင်ကော်မရှင်က လူတွေ့ပြီးစစ်ဆေး တယ်။ အဲဒီမှာ ကန့်ကွက်မယ့်သူ ရှိပါသလားဆိုပြီးရင် သုံးကြိမ် တိတိမေးတယ်။ ကန့်ကွက်မယ့်သူ မရှိတဲ့အတွက် အတည်ပြုပြီဖြစ်ကြောင်း ကြေငြာပါတယ်။ ကြေငြာပြီးရင် ပြည်နယ် ကော်မရှင်ကို ပို့တယ်လို့သိရတယ်။ ပြည်နယ် ကော်မရှင်ကလည်း အတည်ပြုတဲ့အတွက် ပြည်ထောင်စုကော်မရှင်ကို ပို့တယ်လို့ သိရတယ်။ အဲဒီမှာ ကျနော်ကို (၂၂.၈.၂၀၂၀) နေ့မှာ ခရိုင် ကော္မရှင်က ခေါ်လာတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကနေပြီးရင် ပြည်ထဲရေး ဝန်ကြီးဌာနက ကန့်ကွက်ထားတဲ့ ကိစ္စရှိတဲ့ အတွက် အဲကိစ္စကို ပြောပြစရာ ရှိတယ်ဆိုပြီး ခေါ်တယ်။ အဲလိုခေါ်တော့ စာကိုဖတ်ပြတယ်။ ကျနော်က အဲဒီစာကို တောင်းတယ်၊ စာပေးလို့ မရဘူးတဲ့။ နောက်ပြီး စာနံပါတ်တောင်းတယ်၊ စာနံပါတ်လည်း ပေးလို့မရဘူး လျှို့ဝှက်ဖြစ်တဲ့အတွက် ဆိုပြီးတော့ပြောတယ်။ အဲဒီစာမှာ ဘာပါသလဲ ဆိုတော့ ၂၀၁၈ ခုနှစ်၊ မတ်လမှာ ဗိုလ်မှူးအောင်မြင့်စိုး၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ ၏သားသည် တပ်နဲ့ ကွင်းကွာပြီး ခွင့်မဲ့ ပျက်ကွက် ဖြစ်နေတဲ့အကြောင်း ပါရှိပါတယ်။ အဲတာကို ပြည်ထဲရေး ဝန်ကြီးဌာနက ဆက်လက် စုံးစမ်းစစ်ဆေးရာ ရက္ခိုင့်တပ်တော် (AA) သို့ ရောက်တယ်ဆိုပြီး သိရှိရတယ်။ ဒါကြောင့်မို့ ဦးဖိုးစံသည် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁ဝ(ဎ)နဲ့ ငြိစွန်းနေတဲ့အတွက် ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ဖျက်ဖို့ ခိုင်းတဲ့အတွက် ခေါ်ယူပြီး အသိပေးရတယ်ဆိုပြီး ပြောတယ်။

အခုလို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက်တဲ့အကြောင်းကို ကော်မရှင်က ခေါ်ယူအသိပေးတဲ့ အချိန်မှာ ဆရာဘက်က ဘာတွေပြောဖြစ်ခဲ့လဲ။

အဲအချိန်မှာ ကျနော်က ရွေးကောက်ပွဲဥပဒေပုဒ်မ ၁ဝ(ဎ)နဲ့ မငြိစွန်းပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ ပုဒ်မမှာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုခုနဲ့ ဆက်သွယ်တဲ့ အကြောင်းအရာတွေကို ခိုင်လှုံတဲ့အထောက် အထားရှိသူ ဖြစ်ရမယ်လို့ ပါရှိပါတယ်။ ဆိုတော့ ကျနော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှုမရှိဘူး။ သားဖြစ်တဲ့ သူနဲ့လည်း ကျနော်နဲ့ ဆက်သွယ်မှုမရှိဘူး။ သားက အိမ်ကနေ ထွက်သွားတာလည်း မဟုတ်ဘူး။ သူဟာ တပ်ထဲကပဲ ပြောင်းရွှေ့သွားတယ် ဆိုတာကို ခုနက ကော်မရှင်က လူကြီးမင်းတို့ ဖတ်ပြမှဘဲ သိရှိရတဲ့အတွက် အဲကိစ္စကို ငြင်းပယ်ပါတယ်ဆိုပြီး ပြောတယ်။

ဆရာအနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံရတာကိုသိရတော့ အယူခံတွေတက်ဖြစ်ခဲ့ သေးလား၊ ဘာတွေ ဆက်လုပ်ဖြစ်ခဲ့သေးလဲ။

နောက်ထပ်ကျနော် ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို ဆက်ပြောခဲ့သေးတယ်။ ကျနော်ကို ကန့်ကွက်မယ့် သူရှိလာ တဲ့အတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကို အယူခံတက်မှာဖြစ်တယ်။ အဲလိုပြောတော့ သူတို့က အယူခံသွင်းလို့ မရဘူးတဲ့။ ခရိုင်ကိုလည်း တက်လို့မရဘူး၊ ပြည်နယ်ကိုလည်း တက်လို့မရဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြည်ထောင်စုကနေ လာတဲ့ စာဖြစ်တဲ့အတွက် ပြည်ထောင်စုနဲ့ပဲ ဆက်သွယ်ရမယ်လို့ ပြောတယ်။ ဆိုတော့ ကျနော် (၂၄.၈.၂၀၂၀) နေ့မှာ ပြည်ထောင်စုကို စာပို့ပါတယ်။ ပြည်ထောင်စုကို ကျနော်ရဲ့ ကိစ္စ အတည်ပြုပေးဖို့အတွက် စာပို့တယ်။ အဲဒီက (၂၇.၈.၂၀၂၀) နေ့မှာ ဘာပြန်လာလဲ ဆိုတော့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်တဲ့ ကာလအတွင်း အယူခံ တက်ရောက်မှု မရှိတဲ့အတွက် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တယ်ဆိုပြီး အဲအတွက်ကြောင့် ဦးဖိုးစံအား ပယ်ချ ကြောင်း အဲလိုစာနဲ့ အကြောင်းကြောင်းလာတယ်။

အခုလို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချလိုက်တဲ့အပေါ်မှာ ဘာများပြောချင်လဲ။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျနော်က အတည်ပြုပြီးတဲ့ လူတစ်ယောက်ကို ဒီလိုရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁ဝ(ဎ) နဲ့ ငြိစွန်းတယ်ဆိုတာ ဘယ်လိုငြိစွန်းတာလဲ။ ကျနော့်ကို စစ်ဆေးရမယ်။ ခုံအဖွဲ့ ဖွဲ့ပြီး စစ်ဆေးရမယ်။ အဲလို မစစ် ဆေးပဲနဲ့ ပြည်ထဲရေးဝန်ကြီးဌာန တစ်ခုတည်းက စာရေးပြီးရင် အဲစာအပေါ်မှာ မှုတည်ပြီး တဖက်သတ် ဆုံးဖြတ် တယ်ဆိုတာကတော့ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ ကျနော်ဟာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တယ်။ တကယ်လို့ ကျနော် အဲဒီလို ငြိစွန်းနေတယ် ဆိုလို့ရှိရင် ဥပဒေအရ အရေးယူလို့ရတယ်။ အခုက အဲဒီလိုမဟုတ်ပဲနဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက် ချတယ်ဆိုတာကိုတော့ မတရား ပြုကျင့်တယ်လို့ ခံစားမိတယ်။

ဆရာရဲ့ သားနဲ့ အဆက်အသွယ်မရတာ ဘယ်လောက်ကြာပြီလဲ။

ကျနော်သားနဲ့ (၂၀၁၄) ခုနှစ်ကနေ အဆက်အသွယ် ပြတ်နေတယ်။ ကျနော်နဲ့ ဘာမှ တစ်စုံတစ်ရာ ပြောဆိုခြင်း၊ စာပေးစာ ယူလုပ်တာ၊ ငွေးကြေးအရ တစ်ဦးကိုတစ်ဦး အပြန် အလှန်ကူညီတာတွေ ဘာမှမရှိဘူး။ အဲကြောင့်မလို့ ကော်မရှင်က ဖတ်ကြားလာတဲ့ စာမှာ ရက္ခိုင့် တပ်တော်(AA) ကို ရောက်နေတယ်လို့ သူတို့ ပြောမှ ကျနော်က သိခဲ့ရတာဖြစ်တယ်။ ကျနော် အရင်တုန်းက တခုမှ မသိခဲ့ရဘူး။ အဲကြောင့်မလို့ ကျနော်ဟာ ကျောက်ဖြူမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည်ပြီး သွားနေခြင်းဖြစ်တယ်။ တကယ်လို့များ အဲလို ကျနော်နဲ့ ငြိစွန်းနေတယ်၊ အဆက်အသွယ်ရှိတယ် ဆိုလို့ရှိရင် ကျနော်ကို လွှတ်တော္ဆိုင်ရာ ဥပဒေနဲ့လည်း အရေးယူလို့ ရတာတွေရှိတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆက်ပြီးတော့ ဘာတွေ လုပ်ဆောင်သွားဖို့ရှိလဲ။

ကျနော်ကတော့ ရခိုင်အမျိုးသားပါတီနဲ့ ရခိုင်လူမျိုးတွေရော၊ ကျနော်ရဲ့ မဲဆန္ဒရှင်တွေရော ထိခိုက်သလို ခံစားမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ဟာ ပါတီရဲ့ (CEC ) တစ်ဦးလည်းဖြစ်တယ်။ လက်ရှိ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တယ်။ ပြည်သူ လူထုအတွက် ကျနော်ရဲ့ မဲဆန္ဒရှင်တွေအတွက် လွှတ်တော်ရဲ့ ဥပဒေ၊ နည်းဥပဒေ အောက်ကသော်လည်းကောင်း၊ ပါတီရဲ့ မှုဝါဒ အရသော်လည်းကောင်း ကင်းကင်းရှင်းရှင်း လုပ်ကိုင် ဆောင်ရွက်နေသူဖြစ်တယ်။ အဲကိစ္စကိုမှ တစ်ဖက်သတ် ကျနော့်ကို စွပ်စွဲရင် လွှတ်တော်ကိုယ်စား လှယ်လောင်း အဖြစ်မှ ရွေးကောက်ခံခွင့် မရှိဘူးဆိုတာ ဥပဒေမဲ့ ကျနော်ကို မတရားပြုကျင့်သလို ခံစားရ တယ်။ ဒါကြောင့် ကျနော့် ပါတီရဲ့ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ရှေ့ဆက်လက်ပြီး ကျနော်ရဲ့ ကိစ္စကို ဆောင်ရွက်သွားဖို့ဆိုပြီး စီစဉ်ထားတာ ရှိပါတယ်။

ဖြည့်စွက် ဘာများပြောချင်ပါသလဲ။

ပြောချင်တာကတော့ နိုင်ငံတော်မှာ အခ ုဖက်ဒရယ်ဒီမိုကရေစီ သမ္မတအနေနဲ့ သွားမယ်ဆိုပြီးရင် အစိုးရကလည်း တရားဝင် ကြေငြာထားပြီဖြစ်တယ်။ ပြည်တွင်းငြိမ်းရေး ကိစ္စနဲ့လည်း သူတို့အစည်းအဝေးတွေ လုပ်နေတာတွေ ရှိတယ်။ အကုန်လုံး ဖက်ဒရယ် ဒီမိုကရေစီ သမ္မတနိုင်ငံနဲ့ သွားမယ့်ကိစ္စမှာ ကျနော်တို့ ရခိုင် လူမျိုးကို ကိုယ်စားပြုတဲ့ ရခိုင်အမျိုးသားပါတီ တစ်ရပ်အနေနဲ့ ကိုယ်စားလှယ် တစ်ဦးကို ဒီလိုလုပ်ခြင်းဟာ တကယ်စစ်မှန် ငြိမ်းချမ်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ကို ရောက်မှာလား။ ကျနော်တို့ လိုချင်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ရရှိရေးဆိုတာ တကယ် ဖြစ်လာနိုင်မလားဆိုတာကို မမြင်ဘူးလို့ထင်တယ်။ အဲအတွက်ကြောင့် ကျနော်ရဲ့ မဲဆန္ဒရှင်တွေကိုလည်း ပြောချင်တာက ရှေးအနာဂတ်မှာ ကျနော်တို့ရဲ့ ရခိုင်ပြည် ဖက်ဒရယ် ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးအတွက်ကို လက်တွဲပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာကို ကျနော် ပြောချင်ပါတယ်။

ခိုင်ရိုးလ (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here