29 March 2024 /

See today's Peace Related News

“အပြောင်းအလဲနဲ့အတူ လက်ရှိ NLD အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ NCA လက်မှတ်ရေးထိုး နိုင်ဖို့မျှော်လင့်ခဲ့တယ်” စောစံငြိမ်းသူ (ဥက္ကဋ္ဌ RWIO)

အစိုးရသက်တမ်းနှစ်ခုအကြား မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘာတွေပြောင်းလဲခဲ့သလဲ
၂ စက်တင်ဘာ

မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၇၀)ကျော်ကြာသည့်တိုင် ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် မပြေလည်သေးသည့် ပြဿနာများ ရှိနေသေးသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေးကို လက်နက်ကိုင်တော်လှန်ပြီး တောင်းဆိုနေကြသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာမည်ဆိုသည့် စဉ်းစားချက်များကြောင့် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ခုက လက်မှတ်ရေးထိုးခဲ့ပြီးနောက် လက်ရှိ NLD အစိုးရလက်ထက်တွင် (၂) ဖွဲ့၊ စုစုပေါင်း (၁၀)ဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသော ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃)ကို သြဂုတ်လ ၂၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း၊ ဗဟိုဌာန(၂)တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များက သဘောတူလက်မှတ် ရေးထိုးလိုက်ပြီဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် NCA လက်မှတ် မရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်ကြားတွင် တိုက်ပွဲများဖြစ်ပွားနေသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ခဲ့သည့် အစိုးရနှစ်ရပ်ကြား ပြောင်းလဲမှုများကို နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သဘောထားအမြင်များအား ယခုလို စုစည်းတင်ပြလိုက်ရသည်။


ဖဒိုစောကွယ်ထူးဝင်း (ဒု – ဥက္ကဋ္ဌ၊ KNU)

“တူတော့ မတူဘူး။ တစ်ချက်ကတော့ ဦးသိန်းစိန်က NCA ရောက်ဖို့အတွက် အခက်ခဲတွေကြားထဲက ညှိနှိုင်းလို့ ရလာခဲ့တယ်။ သူ့ရဲ့ယန္တရားတည်ဆောက်မှုကတော့ ပိုမိုပြီးအားကောင်းတယ်လို့ေ ပြာလို့ရတယ်။ UPCC (ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မူဝါဒရေးဆွဲရေး)၊ UPWC(ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး)၊ MPC (မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး)တို့ ရှိတယ်။ သို့သော်လည်း သူရဲ့လုပ်ကိုင်နိုင်မှုအတိုင်းအတာက NCA အခြေခံအုတ်မြစ်ပဲ ချပေးတာ။ အဲဒါတွေကို အကောင်အထည်ဖော်ရာမှာ ဒီအစိုးရက သူ့ရဲ့ စဉ်းစားတွေးခေါ်မှုက တူချင်မှတူမယ်။ သူ့ရဲ့ဖွဲ့စည်းပုံတည်ဆောက်မှုကေတာ့ ကွာဟတယ်။ အခက်အခဲကလည်း အစိုးရကိုပဲပြောရမလား၊ တစ်စုံလုံးအတိုင်းတာကိုပဲ ပြောရမလား။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးလိုက်ပြောနေရင်လည်း ကိုယ်လိုချင်တဲ့ဟာမရ။ သူ့ဘက်ကို အဲလိုမဖြစ်စေတဲ့အပေါ်မှာ အခက်အခဲတော့ ရှိကြစမြဲ။ ဖက်ဒရယ်သွားမယ်လို့ ပြောကြတဲ့အခါ စဉ်းစားတွေးခေါ်မှုအရ သူလိုချင်တဲ့ ဖက်ဒရယ်နဲ့ ကိုယ်လိုချင်တဲ့ ဖက်ဒရယ်တွေကိုတော့ အချိန်ယူရအုံးမှာပါ”

ဦးလှမောင်ရွှေ (ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်)

“အရင်အစိုးရမှာတော့ ဥပဒေအကန့်အသတ်အရ လုပ်ရတာတွေရှိတာပေါ့။ ဒါကြောင့်မို့လို့ သူ့မှာလည်း ကြိုးစားရတာပေါ့။ အခုအစိုးရကတော့ နိုင်ငံတကာလူထုထောက်ခံမှု လိုတာထက် ပိုပြီးရခဲ့တာပေါ့။ ဒါကြောင့် သူက အရမ်းမကြိုးစားရင်လည်း ဖြစ်နိုင်တယ်ဆိုပြီးမြင်တာလည်း ရှိကောင်းရှိနိုင်မယ်ပေါ့။ အခုတော့ လက်ရှိအစိုးရမှာလည်း ဒီအပေါ်မှာ သင်ခန်းစာတွေ ထုတ်နှုတ်ပြီးတော့ ယူနိုင်တယ်။ ရွေးကောက်ပွဲရလဒ်ကိုတော့ ကျနော်မသိဘူးပေါ့။ ဘာပဲဖြစ်ဖြစ် လက်ရှိအစိုးရက ဒါကိုဆက်ယူမယ်ဆိုရင် ပုံစံအမျိုးမျိုး ပြောင်းသွားမယ်လို့ထင်တယ်”


စောမြရာဇာလင်း (ဒုတိယခေါင်းဆောင် ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ ALP)

“ဦးသိန်းစိန်အစိုးရလက်ထက်မှာ အစခါတော့ အတိုင်းအတာတစ်ခုထိ အခက်ခဲရှိပါတယ်။ ဒါပေမယ့် အောင်မြင် လာတယ်။ ဒီအစိုးရလက်ထက်မှာလည်း စတဲ့အခါမှာ အသစ်တွေဖြစ်တဲ့ အခါကြာခဲ့တယ်။ နောက်ပိုင်းတော့ လုပ်ရင်းနဲ့ အတွေ့အကြုံက ရလာကြတယ်။ အခုရလဒ်ကတော့ ရှေ့ကိုသွားဖို့ (ငြိမ်းချမ်းရေးလုပ်ငန်းစဉ်) အတွက် အများကြီးပေါင်းကူးတံတားဖြစ်တယ်။ ဒါကြောင့် ဘယ်အစိုးရမှာ နည်းတယ်။ ဘယ်အစိုးရမှာ များတယ်ဆိုတာကတော့ ကျမ မပြောလိုဘူး။ အစခါတုန်းကတော့ နှစ်ဘက်စလုံးမှာ အခက်အခဲရှိခဲ့တယ်။ ဒါပေမယ့် အောင်မြင်တဲ့ အခါကျတော့ စာချုပ်ကြီးတစ်ခုကို ကံသေကံမ ပြနိုင်ခဲ့တယ်။ အခုလည်းပဲ ၂၀၂၀ အလွန်မှာ သွားရမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ချုပ်ဆိုလိုက်နိုင်တယ်။ ဒီအစိတ် အပိုင်း ၃ ဟာလည်း ထိရောက်မှုရှိတယ်။ အဲဒီထဲမှာ နောက်လုပ်ဆောင်နိုင်မယ့်လူတွေရဲ့ စွမ်းရည်၊ ခံနိုင်ရည် သွာမယ့်နည်းလမ်းကောင်းတွေ ရှိဖို့လို့တယ်”


ဦးသွင်လင်းအောင် (အလုပ်အဖွဲ့အဖွဲ့ဝင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်)

“ဟိုဘက်မှာတုန်းကတော့ စခဲ့တဲ့အတွက် ရှင်းရှင်းလင်းလင်း မမြင်ရသေးတာလည်း ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ဟိုဘက်မှာ ဆွေးနွေးနေတဲ့သူတွေနဲ့ တပ်နဲ့က နည်းနည်းနီးစပ်မှုရှိတဲ့အခါကျတော့နည်းနည်မြန်တဲ့ပုံစံမျိုးလည်း တွေ့ရတယ်။ တပ်အနေနဲ့လည်း သိပ်ပြီးပညာမပြဘူးလို့ ကျနော်ထင်တယ်။ ဒီဘက်မှာတော့ တက်လာတဲ့ အစိုးရနဲ့ တပ်နဲ့က သိပ်ပြီးတော့ နီးစပ်တဲ့ အခါမျိုးမဟုတ်တဲ့ အခါကျတော့ တစ်ချို့အပိုင်းတွေမှာ တပ်က ပညာပြတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။ ဆိုတော့ နှိုင်းယှဉ်ချက်အရတော့ ဦးသိန်းစိန်အစိုးရ လက်ထက်နဲ့စာရင် ဒီဘက်မှာ နည်းနည်းနှေးသွားတယ်။ ရပ်သွားတယ်။ ကြာသွားတယ်လို့ပဲမြင်ရတယ်”


စောစံငြိမ်းသူ (ဥက္ကဋ္ဌ၊ ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့-RWIO)

“ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ တစ်ဖွဲ့ချင်း အပစ်အခတ်ရပ်စဲရေးနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေးကို ဖော်ဆောင်နိုင်တဲ့ အနေအထားရှိခဲ့တယ်။ နောက်တော့ အစိုးရအပြောင်းလဲ ၂၀၁၅ ခုနှစ်ကစပြီး NLD အစိုးရ တာဝန်ယူဆောင်ရွက်တဲအခါ အမှန်တကယ် ဦးသိန်းစိန်လက်ထက်မှာ NCA မှာ အားလုံးပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ အခြေအနေ မရှိတဲ့အတွက် NLD အစိုးရလက်ထက်ရောက်လာတဲ့အခါမှာ NCA မထိုးရသေးတဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ပြီး လက်မှတ်ရေးထိုးနိုင်ရေးကို အဓိက ဦးစားပေးဆောင်ရွက်ရမယ်လို့ မြင်တယ်။ အဲဒီအခြေအနေမျိုးကို ဒီ NLD အစိုးရလက်ထက်မှာတော့ မဖန်တီးနိုင်ခဲ့ပါဘူး။ တစ်ဘက်မှာလည်း ဒီကိစ္စတွေဟာ NLD အစိုးရတစ်ခုတည်းမှာ တာဝန်ရှိတာမဟုတ်ဘဲ ကျန်နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးနိုင်ရေးကို ကြိုးစားဖို့ဆိုရင် အခု ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်နေကြတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီစတဲ့ အစုအဖွဲ့ (၅) ခုကနေပြီးတော့ အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်တယ်။

ဒီ (၅)ဖွဲ့တွေနဲ့ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမယ့် အနေအထားကို မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဒါကြောင့် ဒီနေ့အထိ ရခိုင်အပါအဝင် တခြားသောဒေသတွေမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတာကို မြင်တွေ့ရတယ်။ ဒါက ကွာခြားချက်ပဲဖြစ်တယ်။ ကျွန်မတို့ကတော့ အပြောင်းအလဲနဲ့အတူ လက်ရှိ NLD အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ NCA လက်မှတ်ရေးထိုး နိုင်ဖို့မျှော်လင့်ခဲ့တယ်”

ခိုင်ရိုးလ(DMG) – တွေ့မေးသည်။