ဒီမိုကရေစီအခွင့်အရေးနှင့် မီဒီယာပိတ်ပင်တားဆီးမှု ပိုများလာကြောင်း NMSP ထုတ်ပြန်

0
384

-(၇၃) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ မွန်ပြည်သစ်ပါတီသဘောထား မွန်ဘာသာထုတ်ပြန်ချက် (Copy)

၂ စက်တင်ဘာ ၂၀၂၀

လက်ရှိအာဏာရ NLD အစိုးရလက်ထက်တွင် ထူးခြားသည့်အပြောင်းအလဲများ ဆောင်ရွက်နိုင်ခြင်းမရှိသလို သမ္မတဦးသိန်းစိန်အစိုးရနှင့် နှိုင်းယှဉ်ကြည့်ပါက ပြည်သူများအတွက် ဒီမိုကရေစီအခွင့်အရေးနှင့် မီဒီယာများ၏ ရေးသားပြောဆိုခွင့် ပိတ်ပင်တားဆီးမှု ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း ယနေ့ကျရောက်သည့် (၇၃) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ မွန်ပြည်သစ်ပါတီ NMSP မွန်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် ဝေဖန်ထောက်ပြထားသည်။

ထို့အပြင် NLD အစိုးရအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် NCA လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခဲ့ရာတွင် ပြီးခဲ့သည့် သြဂုတ် ၁၉ မှ ၂၁ ရက်နေ့အထိ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ခဲ့သော်လည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး သဘောတူညီမှုမရရှိခဲ့ဟု ဆိုသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် တိုင်းရင်းသားများလိုလားသော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး သဘောတူညီမှုမရရှိခဲ့သည်မှာ ငြိမ်းချမ်းရေးဆွေးနွေးသည့်အစုအဖွဲ့များအကြား အမြင်သဘောထားများ နီးစပ်မှုမရှိသေးဟု ပြောဆိုနိုင်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ငြိမ်းချမ်းရေးအတွက် ရှေးရှု၍ တပ်မတော်မှထုတ်ပြန်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလှုပ်ရှားရာဒေသများ အပစ်ရပ်စဲထားမှုကို စက်တင်ဘာလကုန်အထိ သက်တမ်းတိုးလိုက်သည့်အပေါ် မွန်ပြည်သစ်ပါတီက ကြိုဆိုလိုက်သည်။

သို့ရာတွင် ရခိုင်ဒေသတစ်ခုကိုချန်လှပ်ထား၍ ရက္ခိုင့်တပ်တော် AA အား ထိုးစစ်ဆင်နေသည်မှာ မဖြစ်သင့်ဟု ရှုမြင်သည်။

မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီအနေဖြင့် ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ ဆက်လက်ကြိုးပမ်း အဖြေရှာသွားကြမည်ဟု ဆိုသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားများအနေဖြင့် မိမိတို့လူမျိုးကိုအကျိုးပြုမည့်နိုင်ငံရေးပါတီ မဲအနိုင်ရရှိရေးအတွက် မိမိတို့ မွန်အမျိုးသား ညီညွတ်ရေးကိုတည်ဆောက်ကြပြီး တစ်မျိုးသားလုံးအတိုင်းအတာဖြင့် တစ်ခဲနက်ဝန်းရံသွားကြပါရန် မွန်ပြည်သစ်ပါတီက တိုက်တွန်းနှိုးဆော်ထားသည်။

မိမိတို့မွန်လူမျိုးတစ်ရပ်လုံး၏အင်အားကို အဓိကထား၍ မွန်ပြည်သစ်ပါတီအနေဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘဝတူလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ရာ မျိုးချစ်များ ပြည်သူများအနေဖြင့် အတူတကွလက်တွဲဆောင်ရွက်သွားရန် (၇၃) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် နှိုးဆော်လိုက်သည်ဟု ဖော်ပြပါရှိသည်။

ထို့အတူ မွန်အမျိုးသားကာကွယ်စောင့်ရှောက်ရေးအတွက် ခိုင်မာသောတပ်ဖွဲ့တစ်ရပ်တည်ဆောက်နိုင်ရေးနှင့် “တော်လှန်ရဲမှ လွတ်လပ်မည်” အဆိုအမိန့်ကိုစွဲကိုင်လျှက် မိမိတို့၏ပန်းတိုင်ဖြစ်သော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးအတွက် မွန်တစ်မျိုးသားလုံးကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု (၇၃) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားသို့ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက သဝဏ်လွှာ ပေးပို့ခဲ့သည်။

အလားတူ မဟာဝါဒီ (ဖဆပလ) အစိုးရ၏ လက်နက်ဖြင့်ဖိနှိပ်မှုကို လက်နက်ဖြင့် ပုန်ကန်တွန်းလှန်ရမည်ဟူသော နိုင်ငံရေးသံဓိဌာန်ဖြင့် တော်လှန်ရေးဆင်နွှဲသော မွန်လူမျိုးတို့၏ ၁၉၄၈ စိတ်ဓါတ်သည် မဟာဝါဒီတို့အား အံ့မခမ်းဖွယ်ဖြစ်စေသော တော်လှန်ရေးစိတ်ဓါတ်ဖြစ်ကြောင်း (၇၃) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားသို့ ပေးပို့သော မွန်ညီညွတ်ရေးပါတီ MUP ၏ သဝဏ်လွှာတွင် တွေ့ရှိရသည်။

ကောဇာသက္ကရာဇ် ၁၃၁၀ ခုနှစ် (၁၉၄၈) ဝါခေါင်လပြည့်နေ့တွင် ဗိုလ်သိန်းနှင့် နိုင်ပန်းသာ ဦးစီးသော လူငယ်တော်လှန်ရေးရဲဘော် ၃၀ ဦးတို့ ဖားအံမြို့နယ် ဇာသပြင်ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နေ့ကိုအစွဲပြု၍ မွန်တော်လှန်ရေးနေ့အခမ်းအနားများ ကျင်းပလာခဲ့သည်မှာ (၇၂) နှစ်တိုင် ရှိပြီဖြစ်သည်။

ဗညားအောင် (MNA) – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here