ရွှေကုက္ကိုလ်စီမံကိန်း၌ တပ်မတော်ပါဝင်မှုကို စုံစမ်းစစ်ဆေးရန်လိုကြောင်း KPSN ထုတ်ပြန်

0
199

စက်တင်ဘာ ၃ရက်၊ ၂၀၂ဝပြည့်နှစ်

အစိုးရ၏ ရွှေကုက္ကိုလ်စီမံကိန်းအပေါ် စုံစမ်းစစ်ဆေးမှု၌ စီမံကိန်းအတွင်း တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဍများကို စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်ပြောဆိုလိုက်သည်။

သြဂုတ်လ ၂၅ ရက်နေ့က ရွှေကုက္ကိုလ်စီမံကိန်းသည် တရုတ်အစိုးရ၏ BRI (ခါးပတ်တစ်ကွင်းလမ်းတစ်စင်း) အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ဟောင်ကောင်တွင် စီမံကိန်းမှတ်ပုံ တင်ထားသော ရထိုက် ဦးပိုင် အုပ်စုမှ ပြောဆိုမှုမှာမဟုတ် မှန်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး သဘောထားထုတ်ပြန်ရာ KPSNက ယခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်။

“စစ်တပ်ရဲ့ ပါဝင်မှုကို ကျနော်တို့ ဖော်ထုတ်နိုင်မှသာလျှင် နယ်စပ်မှာဖြစ်နေတဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်း နဲ့ ပိုပြီးတော့မှ ဖြေရှင်းလို့ရနိုင်မယ်။ ဒီလိုမျိုး တရားမဝင်ကိစ္စတွေမှာပေါ့။ စစ်တပ်ရဲ့ ပါဝင်မှုကို ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်ရင်တော့ ဒီကိစ္စကို ရပ်တန့်လို့ရမှာ မဟုတ်ဘူး”ဟု KPSN၏ ပြောခွင့်ရ စောကပေါ်က ပြောသည်။

တရုတ်သံရုံး၏ ထုတ်ပြန်ချက်ပါ နယ်စပ် ဖြတ်ကျော် လောင်းကစားမှုများနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ ရပ်တည် ချက်နှင့် မြန်မာအစိုးရ၏ စုံစမ်းစစ်ဆေးမှုကို တရုတ်အစိုးရ၏ အားပေးထောက်ခံမှုအပေါ် KPSNမှ ကြိုဆို ထောက်ခံသော်လည်း စစ်တပ်၏ ကျောထောက်နောက်ခံထားမှုအား မဖော်ထုတ်နိုင်ပါက စုံးစမ်းမှုများမှာ အကျိုးမဲ့ သက်သက်သာဖြစ်မည်ဟု KPSN ၏ ထုတ်ပြန်ချက်၌ ထောက်ပြခြင်းဖြစ်သည်။

အလားတူ လက်ရှိကာလအတွင်း ဗဟိုအစိုးရမှ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ဖွဲ့စည်းထားသော်လည်း ကိုဗစ်-၁၉ ကြောင့် နယ်စပ် ဒေသများတွင် တင်းကြပ်စွာ ဆက်လက်ပိတ်ဆို့ခံထားရသောကာလတွင် ဆောက်လုပ် ရေးလုပ်ငန်းများနှင့် ကာစီနိုလုပ်ငန်းများကို ဆက်လက်လည်ပတ်လုပ်ဆောင်နေ လျက်ရှိနေသည်ဟု KPSN က ဆိုသည်။

ရွှေကုက္ကိုလ် စီမံကိန်းအတွင်း တရားဝင်ခွင့်ပြုမထားသည့် ကာစီနိုလောင်းကစားရုံများ လုပ်ကိုင်နေခြင်း ရှိ၊မရှိ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ဗဟိုအစိုးရမှ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စည်းထားကြောင်း ပြီးခဲ့သည့် ဇွန်လက သတင်း မီဒီယာများကို ပြောဆိုထားပြီး လက်ရှိ ကိုဗစ်ကာလအတွင်း ကွင်းဆင်းစစ်ဆေး နိုင်ခြင်းမရှိသေး ကြောင်းလည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြီးခဲ့သည့် ဇွန်လက ပြောဆိုထားသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အခု ဒီမှာ အဆောက်အအုံတွေကို ဆောက်နေသေးတာ တွေ့နေတာပဲ။ အလုပ်မလုပ်ရရင်လည်း စားစရာဘယ်ရှိကြမလဲ။ သူတို့ ဂိမ်းကစားရုံးလည်း ဖွင့်နေတယ်လို့ ကြားတယ်။ ဒါပေမဲ့ ကျနော်တို့လည်း သွားဝင်လို့မှမရတာ။ အခုဆို တရုတ်တွေက နည်းနည်းကြောက်လာကြတယ်လို့ ကြားတယ်။ သူတို့ကို သူများမောင်းထုတ်မယ်ဆိုလာ အဲ့ဒါကြောင့် သူတို့ အဆောက်အအုံတွေကို ဖြည်းဖြည်းချင်းစီပဲ ဆောက်ကြတော့တယ်။ အရင်ကဆို အိမ်တစ်လုံးကို ခနလေးပဲ တစ်လုံးပြီးသွားပြီး”ဟု ပြောသည်။

ရွှေကုက္ကိုလ်အား အပြည်အဝထိန်းချုပ်ထားသော စစ်တပ်၏ခွင့်ပြုချက်မရှိဘဲ စီမံကိန်းအား မည်သို့မျှ အကောင် အထည်ဖော် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ၂၀၂၀ မတ်လက ထုတ်ပြန်ထားသည့် KPSN၏ “ကျွန်ုပ်တို့ မြေများအား လောင်းကစားပစ်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသလို တပ်မတော်အဆင့်မြင့်အရာရှိများ၏ ကျောထောက်နောက်ခံထားမှုများဖြင့် စီမံကိန်းမှ ရင်းနှီးမြုပ်နှံမှု နှင့် လူဝင်မှု ကြီးကြပ်ရေးဥပဒေများအား လစ်လျူရှုကာ စီမံကိန်းအား လွန်ခဲ့သော တစ်နှစ်ခန့်က တရားဝင် ဆိုင်းငံထားရန်အပေါ် မျက်ကွယ်ပြုကာ ဆက်လက်လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်ဟု ဆက်လက်ဆိုထားသည်။

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မြန်မာ – ထိုင်း နယ်စပ်ကြားရှိ သောင်ရင်းမြစ်တဖက်ကမ်းတွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ နှင့် နယ်ခြားစောင့်တပ်(BGF) ၏ စီပွားရေး ကုမ္ပဏီများမှ အမေရိကန်ဒေါ်လ ၁၅ဘီလီယံ ကျော် အကုန်အကျခံတည်ဆောက်နေသည့် မြို့သစ်စီမံကိန်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင် (MIC)၏ ခွင့်ပြုချက်နှင့် Myanmar Yatai International Holding Group Co.,Ltd.ကို ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းအတွက် မြေဧက ၆၂ဧက ဖြင့် ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဇူလိုင်လက စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ဇူလိုင်လမှ ၂၀၂၁ ဇူလိုင်လအထိ ၃၆လ(၃နှစ်)ကြာ စီမံကိန်းဖြစ်ကြောင်း ဇူလိုင်လက ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ၏ ၁၇ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ မြဝတီ မဲဆန္ဒနယ် ဦးစိန်ဗိုလ်၏ မေးမြန်းချက် အပေါ် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဦးဗရတ်ဆင်းက ထိုသို့ ဖြေကြားထားသည်။

စအိုင်ဆူး (KIC) – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here