28 March 2024 /

See today's Peace Related News

ဖားကန့်ကျောက်စိမ်းမှော်မြေပြိုမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အစီရင်ခံစာ ထွက်ရှိ

၄ စက်တင်ဘာ ၂၀၂၀

လူပေါင်းများစွာသေဆုံးခဲ့သော ဖားကန့်ဂွေခါကျောက်စိမ်းမှော် မြေပြိုမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏တာဝန်ယူမှု ပျက်ကွက်မှုကို ထောက်ပြသော “လူ့အသက်ထက် အကျိူးအမြတ်ကိုသာ ကာကွယ်” ဟူသော အစီရင်ခံစာအုပ် ထွက်ရှိခဲ့သည်။

ဇူလိုင်လ ၂ ရက်နေ့ မနက်တွင်ဖြစ်ပွားခဲ့သော မြေပြိုမှုဖြစ်စဉ် ၂ လပြည့်သည့်နောက် စက်တင်ဘာ ၃ ရက်နေ့တွင် ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ KWAT အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် ဖားကန့်အပါအဝင် တိုင်းရင်းသားနယ်မြေအားလုံးမှ တပ်မတော်ဆုတ်ခွာပေးရန်နှင့် အခြေခံဥပဒေအောက် စစ်မှန်သောငြိမ်းချမ်းရေးနှင့် အာဏာခွဲဝေမှုရှိသည့်အချိန်ထိ စက်ကိရိယာဖြင့် ကျောက်တူးဖော်မှုကို ရပ်ဆိုင်းထားပေးရန် အချက်များကို တောင်းဆိုထားသည်။

ဖားကန့်မြေပြိုမှုဖြစ်စဉ်အပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သယံဇာတဝန်ကြီးတို့က ရေမဆေးသမားများကိုသာ လောဘသားများအဖြစ်ပုံဖော်နေချိန် ကျောက်စိမ်းမှ အကျိုးအမြတ်ရရှိနေသော တပ်မတော်၏ အခန်းကဏ္ဍကို ဖော်ပြမှု အားနည်းနေခဲ့သည်ဟု ထောက်ပြထားသည်။

“ အဓိကကတော့ ပြည်သူတွေရဲ့လုံခြုံမှု ရှုထောင့်ကနေကြည့်မှ လုပ်တဲ့အခါ ဒီမြန်မာနိုင်ငံရဲ့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းက ဘယ်လောက်ထိအန္တရာယ်ရှိနေတယ်ဆိုတာနှင့် အဲ့ဒီဂွေခါမှာ လုံခြုံရေးလုပ်ဆောင်နေတဲ့ စစ်တပ်တွေက လူတွေဒီလောက်အများကြီး သေဆုံးသွားမှုအပေါ်သူတို့ရဲ့အဓိကတာဝန်ယူမှုက ကုမ္ပဏီရဲ့အကျိုးအမြတ်အတွက်ဘဲ သူတို့ကြည့်တယ်။ ဒီလူတွေရဲ့အသက်အတွက်တော့ လုံခြုံရေးမယူတာကို ထောက်ပြချင်တဲ့ရည်ရွယ်ချက်ဖြစ်တယ်။ ကျွန်မတို့က အဲ့ဒီဂွေခါဒေသမှာရှိတဲ့ ပြည်သူလူထုတွေနဲ့ အဓိကဆက်သွယ်ပြီးမှ အချက်အလက်တွေ ကောက်ခံတာ ဖြစ်တယ်။ ပြည်သူလူထု အသံကိုဘဲဦိးစားပေးတယ်။ သူတို့ရဲ့အမြင်၊ သူတို့ရဲ့ခံစားချက်နှင့် နေ့စဉ်ဘဝမှာ သူတို့ရင်ဆိုင်နေရတဲ့ အရာတွေကို အခြေပြုပြီးပြုလုပ်ထားတာဖြစ်တယ်။” ဟု အစီရင်ခံစာထုတ်ပြန်သော KWAT အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြေပြိုမှုဖြစ်စဉ်အပြီး အစိုးရအနေဖြင့် အဓိကတာဝန်ရှိသူများအဖြစ် ဂွေခါမှော်မှ ကျောက်သူဌေးများကို ဖမ်းဆီးထားခဲ့သည်။

တပ်မတော်ဘက်ကလည်း ထိုနေရာတွင်အဓိကလုံခြုံရေးအတွက်တာဝန်ရှိသောအရာရှိများနှင့် ပြည်နယ်နယ်စပ်လုံခြုံရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းကို အရေးယူမှုအနေဖြင့် မူလစစ်ဘက်တာဝန်များကို ပြန်လည်ထမ်းဆောင်စေကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ပြီး ၂ လအကြာမှ နယ်လုံဝန်ကြီးအပြောင်းအလဲကို ကချင်ပြည်နယ်လွှတ်တော်က ပြုလုပ်နိုင်ခဲ့သည်။

ဖားကန်ရှိ အခြားမှော်ဒေသများတွင် လုံခြုံရေးအတွက် အထူးရဲ ၊ ရဲများစောင့်ကြည့်ကြတာဖြစ်သော် လည်း ဂွေခါမှော်တွင်မူ လုံခြုံရေးအတွက် မြန်မာစစ်တပ် တပ်မ (၃၃) တစ်ခုတည်းသာလျှင် မိုင်းတွင်း လုံခြုံမှု တာဝန်ယူလုပ်ဆောင်နေသည်ကို တွေ့ရကြောင်း KWAT က ဆက်လက်ဖော်ပြထားသည်။

ထို့အပြင် ဒေသတွင်းကင်းလည့်နေသည့် တပ်ဖွဲ့များက အန္တရယ်ရှိလက္ခဏာကျောက်တွင်းများ တွေ့ရသော်လည်း ရေမဆေးသမားများဝင်ရောက်ခြင်းကို တားမြစ်ရန် ကြိုးပမ်းမှု မရှိခဲ့သည့်အပြင် ရေမဆေးသမားများထံမှ အခွန်ပေးဆောင်ခြင်းရှိ မရှိကိုသာ စောင့်ကြပ်နေခဲ့သည်ဟု ဆိုထားသည်။

ထိုသို့ဆက်လက်မဖြစ်စေရန် နှင့် ဒေသခံပြည်သူများကို ၎င်းတို့၏ မြေယာနှင့် သဘာဝသယံဇာတများ ထိန်းချူပ်ပိုင်ခွင့်ပေးထားသည့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပေါ်လာချိန်ထိ ဖားကန့်ဒေသတွင် စက်ကိရိယာများဖြင့် ကျောက်တူးဖော်မှုလုပ်ငန်းအားလုံးကို ယာယီရပ်ဆိုင်းထားရန် KWAT က တောင်းဆိုထားသည်။

“လက်နက်ကိုင်အဖွဲ့အစည်းတွေသာမက စစ်တပ်ရဲ့လုံခြုံရေးယူထားတဲ့ဟာက အဓိက ကုမ္ပဏီတွေပဲ ဖြစ်နေတဲ့အတွက်ကြောင့်မလို့ ဒီဟာတွေကို ရုတ်သိမ်းခိုင်းစေချင်တယ်။ တကယ်ဘဲ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်အတွက် တာဝန်ယူမှုကို အဓိကဖြစ်စေတဲ့လုံခြုံမှုကိုပဲ ကျွန်မတို့လိုချင်တယ်။” ဟု KWAT မှတာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့ ဖားကန့်ဂွေခါ မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာသူ လူဦးရေစုစုပေါင်း အယောက် ၁၇၀ ကျော်သေဆုံးခဲ့ပြီး၊ ပျောက်ဆုံးသူအများအပြား ရှိခဲ့သည်။

ကျောက်စိမ်းဈေးကွက်ကို တရုတ်နိုင်ငံက အဓိက ချုပ်ကိုင်နေပြီး အဆိုပါကျောက်စိမ်းများမှာ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ဖားကန့်မှ ‘သွေးစွန်းသောကျောက်စိမ်း (Blood Jade)’ များဖြစ်သောကြောင့် ဝယ်ယူခြင်းမပြုရန် လွန်ခဲ့သည့် ၁၀ နှစ်ကျော်အကြာ ၂၀၀၈ ခုနှစ်တွင် 8808 For Burma နှင့် All Kachin Students and Youth Union AKSYU တို့ကလည်း အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ဖူးသည်။

KNG မှ ပေးပို့သည်။