“အစိတ်အပိုင်းသုံးခု ချုပ်ဆိုနိုင်ခဲ့ပြီ။ ဒါမှသာ နောက်တက်လာမယ့် အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ အာမခံချက်ရှိတဲ့ အတိုင်းတာ တစ်ခုရတာပေါ့။ ဒါကို အစိုးရဘက်က လိုလားသ လို KNU အပါဝင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း တကယ် လိုလားတယ်” ဖဒိုစောကယ်ထူးဝင်း (ဒုဥက္ကဌ ၊ KNU)

0
276

ကရင်အမျိုးသားအစည်းအရုံး – KNU ဒုတိယဥက္ကဌ ဖဒိုစောကယ်ထူးဝင်းနှင့် အင်တာဗျူး

၄ စက်တင်ဘာ ၂၀၂၀

မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၇၀) ကျော်ကြာ ပြည်တွင်းစစ်ဖြစ်ပွားနေၿပီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် မပြေလည်သေးသည့် ပြဿနာများနှင့် ရင်ဆိုင်နေသည်။ ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်နှင့် လက်ရှိ NLD အစိုးရနှစ်ရပ်လုံးကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ကြသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း(၃)ကို သြဂုတ်လ ၂၁ ရက်က နေပြည်တော်မွာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များက သဘောတူလက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်။

သို့သော်လည်း တစ်ချို့နေရာများတွင် အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။ စစ်ရေးပဋိပက္ခများကြောင့် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးရသူတို့ များပြားလာနေဆဲဖြစ်သည်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ။ ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် ကြုံတွေရသည့် အခက်အခဲများနှင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား သဘောထားအမြင် မျှော်လင့်ချက်များရှိသလဲ။ ယင်းအကြောင်းရာများနှင့် ပတ်သက်ပြီး KNU ဒုဥက္ကဌ ဖဒိုစောကယ်ထူးဝင်းအား တွေ့ဆုံမေးမြန်းထားပါသည်။

တိုင်းရင်းသားတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေက လက်ရှိမှာ ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ။

ကျွန်တော်တို့မှာ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးခွင့်ရတာကတော့ တိုးတက်မှုတစ်ခုပေါ့နော်။ သို့သော်လည်းပဲ ဖက်ဒရယ်တည်ဆောက်တဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ အတိတ်ကဟာတွေကို ဒီနေရာကို ယူလာတော့ အနာဂတ်ကို သွားတဲ့ နေရာမှာ အခက်ခဲတွေရှိတယ်။ ဆိုလိုတာက ဖြစ်ခဲ့တဲ့ဟာကို စွဲလမ်းမှုတွေကို စိတ်ထဲက ဥပက္ခာမပြုနိုင်ဘူးဆိုရင် ပစ်တာတော့မဟုတ်ဘူးပေါ့နော်။ သင်္ခန်းစာမယူဘူးဆိုရင် အခက်အခဲတွေရှိတယ်။

တိုးတက်မှုရှိတယ်ဆိုတာက ပထမအဆင့် NCA နိုင်ငံရေးဆွေးနွေးပွဲတဆင့် အခက်အခဲတွေကို ဆက်ပြီးတော့ သွားနိုင်ဖို့သဘောတူညီချက်တွေ ရခဲ့တာ။ သို့သော်လည်းပဲ ဘုံမျှော်မှန်းချက်ကတော့ တူချင်မှတူမယ်။ ဒါကို ညှိရအုံးမယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဖွင့်ပွဲမိန့်ခွန်း မှာ ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ လက်နက်နက်အားကိုးခြင်း၊ အင်အားကို အသုံးချခြင်းတွေ ရှိနေတယ်လို့ ပြောခဲ့တာရှိတယ်။ အဲဒါကို ဘယ်လိုမြင်လဲ။

ဒါက တိုင်းရင်းသား မကဘူး။ အကုန်လုံးကို ပြောတဲ့သဘောပါ။ လက်နက်အင်အားသုံးပြီးတော့ နိုင်ငံရေးအာဏာထူထောင်တဲ့ သဘောပါ။ တပ်မတော်လည်း ပါမယ်။ EAO လည်း ပါမယ်။ တစ်ချို့ ပြောကြတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ နိုင်ငံရေးတည်ဆောက်မှုတွေက လက်နက်ကိုင်တွေပဲ ကြီးစိုးနေတယ်ဆိုပြီး ဒါကို အကုန်လုံးဆိုလိုတာ ဖြစ်နိုင်တယ်။ ကျွန်တော့်အမြင်တော့ နိုင်ငံရေးမှာ လက်နက်နဲ့ တည်ဆောက်တယ်ဆိုတာကတော့ မရှိသင့်ပါဘူး။ လိုအပ်မှုအရသာ ကျွန်တော်တို့ လုပ်ရတဲ့ ကိစ္စပါ။ တကယ်တမ်းဆိုင် နိုင်ငံရေးမှာက အင်အားတည်ဆောက်မယ်ဆိုရင် ပြည်သူလူထုက ကိုယ့်ရဲ့မူဝါဒအပေါ်မှာ ဘယ်လောက်ထိ လက်ခံထောက်ခံ ပူးပေါင်းဆောင်ရွက်နိုင်လဲဆိုတဲ့ အရာမှာ မူတည်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းပြောကြားရာမှာတော့ တိုင်းရင်းသားနက်ကိုင်တွေက တက်လာတဲ့ အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတာ။ တပ်မတော်ကကျတော့ ဒါကိုကာကွယ်ပေးနေတာ ဆိုပြီးပြောသွာရှိတယ်။ အဲဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုပြောချင်ပါလဲ။

ဒါကတော့ သူ့ရပ်တည်ချက်နဲ့ သူပြောတာ့ပေါ့။ ဒါတွေကို ကျွန်တော်တို့ကတော့ အစိုးရကို ဆန့်ကျင်နေတယ်ဆိုတာထက် နိုင်ငံရေးဆွေးနွေးပွဲကို တောင်းဆိုနေတာ။ လက်နက်ကိုင်ပြီးတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရမှာ။ တခြားနည်းလမ်းမရှိဘူး။ အခုကတော့ အပစ်ရပ်မယ် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်။ တစ်ဆင့်တက်လာတာပေါ့။ ကျွန်တော်တို့ဟာ အစိုးရကို ဆန့်ကျင်တယ်ဆိုတာဟာ အစိုးရကို မုန်းလို့မဟုတ်ဘူး။ သဘောတရားအရ လက်နက်ကိုင်တော်လှန်ရေးပဲပြောပြော၊ လက်နက်ကိုင် ခုခံရေးပဲပြောပြာ ဒါက စနစ်တစ်ခုကို ပြုပြင်ပြောင်လဲဖို့အတွက် ကြိုးပမ်းတာဖြစ်တယ်။ နည်းကတော့ အမျိုးမျိုးရှိတာပေါ့နော်။ လူထုပါဝင်ရေး နည်းလမ်းတို့၊ လက်နက်ကိုင်နည်းလမ်းတို့ပေါ့။ အကောင်းဆုံးကတော့ အခု နိုင်ငံရေးဆွေးနွေးပွဲ နည်းလမ်းနည်းနဲ့ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲတာပဲ။ သူပြောတော့ သူ့ရပ်တည်ချက်ပေါ့။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ရပ်တည်ချက်ပေါ့။

စတုတ္ထအကြိမ် ပင်လုံညီလာခံကနေ အနာဂတ်ငြိမ်းချမ်းရေးအတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်တယ် လို့ မြင်ပါလဲ။

ကျွန်တော်တို့ကတော့ ဒီဟာက အားလုံးအတွက် ကောင်းကျိုးဖြစ်မယ်လို့ ယုံကြည်တယ်။ ငြိမ်းချမ်းရေးကို သွားနေတယ်ဆိုတဲ့ အစိုးရလည်း Creadit ရမှာပေါ့။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက်လည်း ညီလာခံက ရှိကိုရှိရမယ်။ ညီလာခံရှိမှသာ ပြည်ထောင်စု သဘောတူ စာချုပ်ချုပ်ဆိုလို့ ရတာပေါ့။ အခုဆိုရင် အစိတ်အပိုင်းသုံးခု ချုပ်ဆိုနိုင်ခဲ့ပြီ။ ဒါမှသာ သာနောက်တက်လာမယ့် အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ အာမခံချက်ရှိတဲ့ အတိုင်းတာ တစ်ခုရတာပေါ့။ ဒါကို အစိုးရဘက်လိုလားသလို KNU အပါဝင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း တကယ်လိုလားတယ်။ ဒါပေမယ့်လည်း ပြည်ထောင်စုသဘောတူစာချုပ်မှာ ပါတဲ့ အချက်အလက်တွေက ဘယ်လောက်ရနိုင်သလဲဆိုတာကတော့ နှစ်ဘက် ညှိနှိုင်းမှုအပေါ်မှာပဲ မူတည်တယ်။ အခုကတော့ အတိုင်းအတာတစ်ခုလောက်တော့ အောင်မြင်မှုရှိခဲ့တယ်။

ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောတူရေးဆွဲခွင့်ရပြီဆိုလို့ရှိရင် ဆရာတို့ဘက်မှာ ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာရှိလား။

ရှိထားပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ ပြည်နယ်တိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲထားတာ ကြာလှပြီ။ ဒါပေမယ့် ပြောင်းလဲနိုင်တဲ့ အနေအထားပေါ်မှာသာ ဘယ်လိုပြောင်းလဲမယ်ဆိုပြီး ပြင်ဆင်ကြမယ်လဲ မသိသေးဘူး။ ကျွန်တော်တို့ ကရင်မှာလည်း ရှိတယ်။ မွန်မှာလည်း ရှိတယ်။ ရခိုင်မှာလည်းရှိတယ်။ ရှမ်းမှာလည်းရှိတယ်။ ကချင်မှာလည်းရှိတယ်။ တိုင်းဒေသကြီးမှာသာ မရှိတာ။ ကျွန်တော်တို့က ဖက်ဒရယ်ပြောလိုက်လို့ရှိရင် အာဏာခွဲဝေမှု၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ခံတယ်။ တိုင်းဒေသကြီးတွေမှာတော့ ဆွေးနွေးရမယ်။ ဖြစ်နေတာက သမိုင်းကြောင်းပဲပြောပြော၊ လုပ်ပိုင်ခွင့် အနေအထားပဲပြောပြော၊ ဝေါဟာရပဲပြောပြော ဒါက ဆက်နွေးရအုံးမယ်။

ပြည်နယ်ဖွဲ့စည်းပုံဥပဒေဟာ တိုင်းရင်းသားဘက်က ဘာတွေလုပ်ပိုင်ခွင့်ရလဲ။ အစိုးရဘက်ကရော ဘယ်လိုမျိုးနစ်နာမှုတွေရှိလဲ။ ဒီစကားလုံးပါခြင်းမပါခြင်းက ဘယ်လိုရှိလဲ။

ဒါက တွေးခေါ်မှုကတော့ မတူးဘူး။ ကျွန်တော်နားလည်ရသလောက်ကတော့ နံပါတ်တစ်ကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ အချူပ်အခြာအာဏာအတိုင်းအတာတစ်ခုဖြစ်တယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေဟာ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ဆိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံ ဖြစ်တည်မှုသမိုင်းက ဒီပင်လုံကနေ တက်လာတာ။ ပင်လုံမှာရှိထားတဲ့ သီးခြားပြည်နယ်လေးပေါ့နော်။ သူ့ရဲ့ဒေသတွေက လာပြီးတော့ ပူးပေါင်းဆောင်ရွက်တာ။ သူ့ရဲ့ အချုပ်အခြာအာဏာကို လာပြီးတော့ အကုန်လုံး ပေးအပ်တာ။ သူ့ရဲ့အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖြစ်တယ်။ သို့သော်လည်းပဲ ဒီအစိုးရက ကျွန်တော်တို့တောင်းဆိုတဲ့ အတွက်မို့လို့ ဖက်ဒရယ်ဖွဲ့စည်းပုံတို့ကို လက်မခံနိုင်တာထင်တယ်။ ၆၃ အာဏာသိမ်းတဲ့ အတွက်ကြောင့် အဲဒီဖက်ဒရယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခခံဘူး။ အခုက ကျွန်တော်တို့ ပြန်လာတော့ သူရဲ့ စဉ်းစားမှုကတော့ ဗဟိုချုပ်ကိုင်မှု အားကောင်းတဲ့ ပုံစံမျိုး။ ဆိုလိုတဲ့သဘောကတော့ ကျွန်တော်တို့ကတော့ ကိုယ့်အာဏာကိုဘယ်လို ခွဲဝေပေးမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ သို့သော် ကျွန်တော်တို့က ဒီနှစ်ခုကို ဆက်ဆွေးနွေးရမှာပဲ။ ဝေါဟာရ အငြင်းပွားတာထက် အနှစ်သာရအပေါ်မှာ မူတညပြီးတော့ တယ်လို့ကျွန်တော်မြင်တယ်။

NCA ကို အကောင်အထည်ဖော်ဆောင်တဲ့ အခါ အခက်အခဲတွေက ဘာရှိလဲ။

NCA ကတော့ အားလုံးက လက်ခံပြီး နှစ်ဘက်စလုံးက တာဝန်ယူပြီး အကောင်အထည်ဖော်ရမှာ ဖြစ်တယ်။ သို့သော်လည်း NCA မှာ ပါဝင်တဲ့ ဝေါဟာရတွေကို အဓိပ္ပာယ်ဖော်တဲ့ အခါမှာ မတူညီတဲ့ အခက်ခဲတွေရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အပါဝင် အထူးသဖြင့် ကျွန်တော်တို့ KNU ကတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ အတွက် ဒီအပေါ်မှာ အခြေခံပြီးတော့ လုပ်တာဖြစ်တယ်။ အကောင်ထည်ေဖော်တဲ့ နေရာမှာတော့ နှစ်ဘက်ညှိနှိုင်းပြီးလုပ်ရမှာ ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဟိုတုန်းက ဖက်ဒရယ်ဆိုတဲ့ စကားလုံးကိုတောင် NCA ညှိတဲ့ အခါ လက်ခံလာအောင် ကြိုးစားလုပ်ရတာ။ အဲဒီကြားထဲမှာ အဲဒီစကားလုံးကို အမြင်မတူတဲ့ ဟာတွေရှိခဲ့ကြတယ်။ စိုးရိမ်မှုတွေ၊ သံသယတွေနဲ့ တစ်ဆင့်တက်လာတာ။ ဒါပေမယ့် အကုန်လုံးကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ရှုမြင်တတ်ဖို့ လိုတယ်။

NCA မထိုးရသေးတဲ့ မြောက်ပိုင်းအဖွဲ့တွေကို အစိုးရဘက်က ငြိမ်းချမ်းရေးအတွက် ဘယ်လို သဘောထားရှိတယ်လို့ မြင်ပါလဲ။

သူတို့ကို အခုကတော့ ပေါ်လစီပြောင်းသွားသလား။ အပြောင်းဘူးလားတော့ မသိဘူး။ အစတုန်းကတော့ bilateral နှစ်ဆင့်ရှိတယ်။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ပြီးမှ NCA ထိုးရမယ်။ ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ သွားရမယ်။ မြောက်ပိုင်းအဖွဲ့တင်ပြတာ ပထမအချက်က အဲဒါပါပဲ။ ဒုတိယအချက်က NCA ကိုကျော်ပြီးသွားမလား။ အစိုးရဘက်ကတော့ ဒီကိစ္စကို ပြင်နိုင်မလား။ NCA ကတော့ နိုင်ငံရေးဆွေးနွေးပွဲကို သွားမှာ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်လို့ ထိုးတော့ ထိုးရမှာပဲလေ။ ဖက်ဒရယ် ပြည်ထောင်စု သွားမယ်ဆိုတာနဲ့ ပြည်နယ်အရေးတစ်ခုတည်း မဟုတ်တော့ ဘူး။ ပြည်ထောင်စုနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်သွားပြီ။

နောက်ပြီး NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ၊ မတရားအသင်းလို့ ကြေညာထားတဲ့ အဖွဲ့တွေ NCA မှာ ပါဝင်လာဖို့ ဘယ်လိုမျိုး ထိရောက်စွာ လုပ်ဆောင်သင့်လဲ။

ကျွန်တော်တို့ NCA မထိုးခင်မှာ မတရားအသင်းက ပယ်ဖျက်ရေးက နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင် မတရားအသင်းနဲ့တော့ ဆွေးနွေးလို့မရဘူး။ ဒါကြောင့် လက်မှတ်ရေးထိုးတာနဲ့ မတရားအသင်းပယ်ဖျက်တယ်။ တရားတဲ့ အသင်းလည်း မဟုတ်သေးဘူး။ သို့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲကို တက်နိုင်တဲ့ အနေအထားကတော့ ရသွားတာပေါ့။ ဒါက NCA မှာ ယုံကြည်မှုတည်ဆောက်တဲ့ အပိုင်းကတော့ ပါတယ်။

နောက်တစ်ခုက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက JMC အစည်းအဝေးမှာ တောက်လျှောက်ပါ လာဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်း အစီစဉ်တွေမှာ ပါလာဖို့အတွက် အားလုံးက တာဝန်ယူဖို့ ကျွန်တော်တို့ဘက်က လုပ်ခဲ့တယ်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ က NCA မထိုးတဲ့ အထဲမှာ ၂ ပိုင်းဖြစ်နေတာကို၊ မြောက်ပိုင်းစုဖွဲ့မှုမှာ တစ်ခု၊ နောက်ပြီးတော့ စုဖွဲ့မှုမရှိဘဲနဲ့ UNFC မှာ သူ့အဖွဲ့ဝင် တစ်ချို့က မြောက်ပိုင်းကိုပါသွားတယ်။ တစ်ချို့က လက်မှတ်ရေးထိုးတဲ့ အဖွဲ့မှာ ပါသွားတယ်။ တစ်ချို့က မရှိတော့ဘူး။ ဒါကတော့ အထူးသဖြင့် ကျွန်တော်တို့သွားမယ့် နိုင်ငံရေးရည်မှန်းချက်အပေါ် ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ဖို့အတွက် အခြေခံမူတွေကျတော့ ညှိရတယ်။

NCA မထိုးပေမယ့်လည်း နိုင်ငံရေးဆွေးနွေးမှုအပေါ်မှာ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးတဲ့ အပေါ်မှာ လက်ခံနိုင်တဲ့ အပေါ်မှာ ဆွေးနွေးတယ်။ ဒါက ၂ ပိုင်းရှိတာကို။ ဒီမြောက်ပိုင်းအဖွဲ့မှာ ဆိုလို့ရှိရင် ထပ်ပြီးကွဲလိုက်လို့ရှိရင် သုံးပိုင်းဖြစ်နေတယ်။ တစ်ပိုင်းကတော့ ထိုးထားပြီ၊ တပိုင်းက မထိုးရသေးဘူး။ တစ်ပိုင်ကတော့ မထိုးပေမယ့်လည်း အပစ်ခတ်ရပ်စဲရေး လျော့နည်းစေဖို့အတွက် KIO တို့ဆိုရင် ထိုးထားပြီ။

အဲလိုရှိတဲ့ အပေါ်မှာ မြောက်ပိုင်းအဖွဲ့တွေထဲမှာ မတူတာတွေရှိတာကတော့ “ ဝ ” ဆိုလို့ရှိရင် ဖက်ဒရယ် ကိစ္စကို သိပ်ပြီးတော့ စိတ်ဝင်စားမှုမရှိဘူး။ ဒါကြောင့်မို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တစ်စုံလုံးပါဝင်နိုင်ဖို့ အတွက် သဘောထားမရှိဘူး။ ဟိုတလောက ကြားမှာပေါ့။ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့က ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ၁၂ ချက်ဆိုပြီးတော့ လက်မှတ်ရေးထိုးလိုက်ကြတယ်။ ဒါက ထိုးတဲ့ အဖွဲ့မထိုးတဲ့ အဖွဲ့ KNPP၊ KIO လည်းပါတယ်။ အစိုးရနဲ့ ကျွန်တော်တို့လည်း သဘောတူညီမှုရှိခဲ့ပြီးသား။ အဓိကတော့ အပစ်ရပ်ပြီးတော့ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲမှာ အကုန်လုံးပါဝင်နိုင်ဖို့ ၊ ခက်နေတာက အခုက NCA လက်မှတ်ရေးထိုးမှသာ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့။ တစ်ခါတလေ ကျွန်တော်တယောက်ရဲ့အြမင်ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်လာလို့ရှိရင် တိုက်ပွဲတွေကို ကာနိုင်ဖို့ တော့ရှိတယ်။ ဒါကိုတော့ နိုင်ငံတိုင်းလက်ခံဖို့ အနေအထားကတော့ မရှိဘူး။ တစ်ချို့နိုင်ငံတွေမှာတော့ တိုက်ရင်းနဲ့ ဆွေးနွေးတာလည်းရှိတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် တစ်ချို့ထဲမှာလည်း တိုက်ရင်းနဲ့ ဆွေးနွေးမယ်လို့အယူအဆလည်းရှိတယ်။ သို့သော် တိုက်ရင်းနဲ့ဆွေးနွေးရင် အမုန်းတရားတွေ ပိုပြီး ရှိနိုင်တယ်လို့ သတိတော့ထားရမယ်။ အခုကတော့ ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့် ပါလာတဲ့ အနေအထားတော့ မရှိဘူး။ နားလည်မှုသဘောတူညီမှု အတိုင်းတာတစ်ခုတော့ ရှိတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ AA ပါလာဖို့ရော ဘယ်လိုအခြေနေတွေရှိနေလဲ

သူတို့တပ်ဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ သဘောရှိတယ်။ ဘယ်လိုနည်းနဲ့ ပါဝင်လာနိုင်မလဲဆိုတော့ အခုကထိန်းထားတာ အပစ်ခတ်ရပ်စဲရေးဆိုပြီးတော့ bilateral အရင်လုပ်၊ ပြီးတော့ NCA မှာ ဆွေးနွေဖို့ လုပ်လို့ရတယ်ဆိုပြီး စဉ်စားထားတယ်။ အဓိကတော့ တိုက်ပွဲတွေရပ် နိုင်ငံရေးဆွေးနွေးပွဲကို သွား။ ဆွေးနွေးပွဲက အဖြေထွက်ပြီဆိုရင် တိုက်ပွဲတွေက အော်တို ရပ်သွားမှာ။

မကြာမီမှာတော့ အစိုးရသစ်တက်လာတော့မယ်။ ဆိုတော့ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးမှုတွေအပေါ်မှာ ပြောင်းလဲသွားမယ်လို့ စိုးရိမ်စိတ်တွေရော ရှိလား။

အခုကတော့ ပြည်ထောင်စုသဘောတူစာချုပ်ရမယ်ဆိုပြီး ဆွေးနွေးတာပေါ့။ ဒါပေမယ့််လည်း တက်လာတဲ့ အစိုးရရဲ့ပေါ်လစီအပေါ်မှာပဲ မူတည်တယ်။ ဒါကတော့ ဆက်ဆွေးနွေးရအုံးမယ်။ အဖြေကတော့ ဆွေးနွေးရင်း ညှိနှိုင်းမှုအပေါ်မှာပဲ မူတည်တယ်။

ခိုင်ရိုးလ (DMG) – တွေ့မေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here