တပ်မတော်နှင့် KIA ရှမ်း/မြောက်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်

0
299

၈ စက်တင်ဘာ ၂၀၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ နယ်မြေတွင် မြန်မာ့တပ်မတော် တပ်မ ၈၈ နှင့် KIA တို့ကြား စက်တင်ဘာ ၅ ရက် မှ ၆ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း (၉) ရှိရာ Dak Noi Dingsa နှင့် Bum Pri Bum ဘက်ကို မြန်မာ့တပ်မတော် တပ်မ ၈၈ မှ အင်အား ၈၀ ခန့်က ဝင်ရောက်လာသောကြောင့် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“မိမိတို့ မူဆယ်မြို့နယ် KIA တပ်ရင်း (၉) ၊ တပ်ခွဲ (၂) စခန်းဆီ မြန်မာစစ်တပ် တပ်မ ၈၈ စစ်ကြောင်းတွေ စစ်ဆင်လှုပ်ရှားလာလို့ ခုခံတိုက်ပွဲ ဖြစ်ပွားခဲ့တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ ကပြောသည်။

နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုအထိရှိခဲ့သော်လည်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရှိရကြောင်း KIA အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောဆိုသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသောနေရာသည် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့လှုပ်ရှားသောနယ်မြေနှင့် ထိစပ်နေသောကြောင့် ဖြစ်နိုင်သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိူးဆောင်အဖွဲ့ PCG မှ ဒူဝါလမိုင်ဂွမ်ဂျာက သုံးသပ်ပြောဆိုသည်။

“မြောက်ပိုင်းသုံးဖွဲ့ရှိတဲ့နေရာဘက်ကို ထိုးစစ်ဆင်တာဖြစ်တဲ့အတွက် KIA ကို တကူးတက ပစ်တယ်လို့တော့ မထင်ဘူး။TNLA တွေနဲ့ တိုက်ပွဲဖြစ်တဲ့နယ်မြေနဲ့ထိစပ်နေတဲ့အတွက် ဖြစ်တယ်လို့ ကျနောတို့မြင်ပါတယ်။ ဒါပေမဲ့ တပ်မတော် နဲ့ မြောက်ပိုင်းသုံးဖွဲ့၊ နှစ်ဖက်စလုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲမယ်လို့ ကြေညာထားပေမယ့် အခုလို တိုက်ပွဲဖြစ်တာက ဘာကြောင့်ဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်တယ်။” ဟု ဒူဝါလမိုင်ဂွမ်ဂျာ က KNG သို့ ပြောဆိုသည်။

ရှမ်းမြောက်တွင် မြန်မာတပ်မတော်မှ ကိုဗစ်-၁၉ ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများကို ပုံမှန်လုပ်ဆောင်နေမှုကြောင့် တိုက်ပွဲကြီးများပြန်လည်ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း နမ်ဖတ်ကာ ဒေသခံများက ပြောသည်။

“နမ်ဖတ်ကာ ကားလမ်းတွေမှာကြည့်လို့ရှိရင် နေ့တိုင်းဆိုသလို စစ်ကားတွေ သွားလာနေတာတွေ့နေရတယ်။ မနှစ်ကလည်း ဒီရာသီချိန်မှာ တိုက်ပွဲတွေဖြစ်လာတယ်။ ခုလည်း တိုက်ပွဲကြီးများပြန်လည်ဖြစ်လာမှာ အရမ်းစိုးရိမ်မိတယ်။” ဟု နမ်ဖတ်ကာဒေသခံ ဒေါ်ထန်ဒင့်က KNG ကို ပြောသည်။

ကိုဗစ်-၁၉ ကာလအတွင်း အပစ်အခတ်ရပ်စဲရေး ကို ထပ်တိုးကြောင်း နှစ်ဖက် တပ်များ ကြေငြာထားသော် လည်း အစိုးရတပ်မတော် ၏ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် တိုက်ပွဲဖြစ်ပေါ်နေသည့်အပေါ် KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြန်လည်သုံးသပ်ပြောဆိုသည်။

“နယ်မြေရှင်းလင်းရေးဆိုတာက အလုပ်တစ်ခုခု ဒါမှမဟုတ် ပြဿနာတစ်ခုခု ရှိမှသာလုပ်တယ်လို့ ပြောဆိုလို့ရပါမယ်။ အခုဖြစ်ရပ်က ဘယ်သူမှ ဘာမှ မလုပ်ပဲနေနေတာကို နယ်မြေရှင်းလင်းရေးဆိုတာကိုတော့ ပြဿနာရှာတာ၊ သွေးတိုးစမ်းတာပဲ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီနယ်မြေရှင်လင်းရေးဆိုတာ ဘာအဓိပ္ပါယ်မှမရှိဘူး။ ဆိုချင်တာက ငြိမ်ငြိမ်ပဲနေနေတာကို နယ်မြေရှင်းလင်းရေးဆိုရင်တော့ ပြဿနာရှာတာလား၊ တိုက်ပွဲရန်စတာ မဟုတ်ဘူးလား။ ဘယ်လိုအခြေအနေဖြစ်လာမယ် ဆိုတာကိုတော့ လေ့လာသုံးသပ်နေဆဲဖြစ်သေးတယ်။” ဟု ဆိုသည်။

ထို့အပြင် KIA တပ်မဟာ (၄) တပ်ရင်း (၈) ထိန်းချုပ်ရာ နမ့်ဖတ်ကာ ဂါလဲန်စသည့် နေရာများတွင်လည်း မြန်မာစစ်တပ် စစ်အင်အား အလုံးအရင်းဖြင့် လှုပ်ရှားနေကြောင်း ဒေသခံများက ဆိုသည်။

မြန်မာ-တရုတ်နယ်စပ် တစ်လျှောက်တွင် ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှစတင်ကာ တပ်မတော် တပ်မ (၈၈) ကို နမ့်ခမ်း နှင့် မူဆယ်ကြား၊ တပ်မ (၉၉) ကို မူဆယ်နှင့် Hpawng Seng ကြား နှင့် ယခုနောက်ဆုံး ကရင်ပြည်နယ်အခြေစိုက်မှ ရောက်လာသော တပ်မ (၂၂) တပ်ဖွဲ့များကို ကိုးကန့်နှင့် ‘ဝ’ နယ်စပ်ဘက်တွင် တပ်ချထားကြောင်း ဒေသခံများမှ သိရသည်။

နောနော် (KNG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here