29 March 2024 /

See today's Peace Related News

လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မြေပုံမြို့နယ်အတွင်း ကလေးငယ်နှစ်ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

ဓာတ်ပုံ – မောင်ချယ်ရီ

၈ စက်တင်ဘာ ၂၀၂၀
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင် ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက်ပိုင်းက လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅ နှစ်အရွယ်ကလေးနှစ်ဦးအပါအဝင် ရွာသား လေးဦးသေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ဦးရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သူများမှာ အသက် ၅ နှစ်အရွယ် မောင်သူရအောင်၊ ကိုချမ်းငြိမ်းသူ ၂၇ နှစ်၊ ကျောင်းဆရာမတစ်ဦးဖြစ်သည့် မမိုးသဇင် ၂၉ နှစ်နှင့် ၎င်း၏သမီးဖြစ်သူ အသက် ၅ နှစ်အရွယ် မသူသူဟိန်းတို့ ဖြစ်ကြသည်။

ယနေ့နံနက် ၉ နာရီအချိန်ခန့်က တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားြခင်းမရှိဘဲ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည် ၄ လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် ယခုကဲ့သို့ ထိခိုက်သေဆုံးသွားခဲ့ကြခြင်းြဖစ်သည်ဟု ညောင်ကန် ကျေးရွာမှ ကိုစိုးစိုးလင်းက DMG သို့ ပြောသည်။

“ရွာမှာအသုဘရှိတော့ အသုဘသဂြိုလ်ဖို့ရောက်နေတဲ့သူတွေလည်းရှိတယ်။ အဲဒီအချိန်မှာ ဘယ်နားကပစ်မှန်း မသိဘူး လက်နက်ကြီးကလာကျတယ်။ လက်နက်ကြီးကျတဲ့အိမ်က ရေချိုးပြီးအဝတ်လှန်းနေတဲ့ မိန်းကလေး တစ်ယောက်ကိုသွားထိတယ်။ သူ့မှာတော့ထိပ်မှာကျည်ဖောက်သွားတယ်။ အဲဒါကို လူတွေဝိုင်းကြည့်နေတဲ့ အချိန်မှာ နောက်ထပ်လက်နက်ကြီးလာကျတယ်။ လာကျတော့နောက်တစ်အိမ်က သားမိနှစ်ယောက်ကို သွားထိတယ်။ ပြီးတော့ ဘေးအိမ်ကလူတစ်ယောက်ပါသွားတယ်။ လူတွေလည်းအကုန်ထွက်ပြေးသွားကြတယ် ” ဟု ၎င်းကပြောသည်။

ထို့ပြင် အဆိုပါလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ကျေးရွာသား ၈ ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ကမ်းထောင်းကြီးဆေးရုံသို့ပို့ေဆာင်ထားရကြောင်း ကမ်းထောင်းကြီးမြို့ ရက္ခဒါနဖောင်ဒေးရှင်း အဖွဲ့မှ ကိုအောင်ဝင်းမြင့်ကပြောသည်။

“ရွာအခြေအနေကတော့ တော်တော်ဆိုးတယ်ဗျ။ အခုကျွန်တော်တို့ပရဟိတအဖွဲ့ရွာထဲရောက်ပြီးမှတောင် လက်နက်ကြီးကကျလာသေးတယ်။ ရွာမှာလူတွေကလည်း သိပ်မရှိကြတော့ဘူး။ အကုန်လုံးနီးပါးပြေးကုန်ကြပြီ။ လူနာတွေကိုတော့ ဆေးရုံကိုပို့ထားပါတယ်။ အခုလမ်းမလျှောက်နိုင်တော့ဘဲကျန်ေနခဲ့တဲ့ သက်ကြီးပိုင်းတွေ ကိုတော့ ကျွန်တော်တို့ပို့ပေးနေပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သေဆုံးသူများ၏အလောင်းများမှာ ကျေးရွာအတွင်း၌သာရှိနေသေးပြီး ရွာ၌ကျန်ရှိနေခဲ့သူများက ယနေ့သဂြိုလ်ပေးရန်စီစဉ်နေကြောင်း ကိုအောင်ဝင်းမြင့်ကဆက်ပြောသည်။

မြေပုံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ညောင်ကန်ကျေးရွာတွင် လက်နက်ကြီး ကျရောက်မှုကြောင့် ပညာရေးဝန်ထမ်းတစ်ဦးအပါအဝင် လူလေးဦးသေဆုံးသွားကြောင်း ကနဦးသတင်း ကြားသိရသော်လည်း ဖြစ်စဉ်အသေးစိတ်မသိရသေးကြောင်းေြပာသည်။

“အနီးအနားမှာ တိုက်ပွဲဖြစ်ပွားတာလည်းမဟုတ်ဘဲ ရွာတစ်ရွာကို လက်နက်ကြီးကျလာတယ်ဆိုတာက ရည်ရွယ်ချက်နဲ့လုပ်တာလား။ မတော်တဆဖြစ်တာလားဆိုတာကိုတော့ ပြန်စုံစမ်းရမယ်။ ဘာပဲဖြစ်ဖြစ် အခုလို ကျေးရွာကို လက်နက်ကြီးကျတာကတော့ ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး” ဟု ဦးဖေသန်းက ဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ရဲရင့်အောင်အား ဆက်သွယ်မေးမြန်းရာ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းမရရှိသေးဟု ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ် AA ဘက်မှလည်း တစ်စုံတစ်ရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောကူစက်သူများပြားနေသည့် ကာလဖြစ်နေသော်လည်း တပ်မတော်နှင့် AA တို့၏ စစ်ရေးလှုပ်ရှားမှုတို့မှာ လျော့ကျမသွားပဲ နေ့တိုင်းတိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။
ခိုင်ရိုးလ (DMG) – ပေးပို့သည်။