မြန်မာရင်ဆိုင်နေရသည့် ICJ အမှု ကနေဒါနှင့် နယ်သာလန်ပါဝင်လာမှု Justice for Myanmar ကြိုဆို

0
189

စက်တင်ဘာ ၉ရက်၊ ၂၀၂ဝပြည့်နှစ်။

အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆို ခံထားရသည့် မြန်မာနိုင်ငံ၏ အမှုတွင် ကနေဒါနှင့် နယ်သာလန်ပါဝင်လာမှုအပေါ် Justice For Myanmar မှကြိုဆိုကြောင်း ယနေ့ စက်တင်ဘာလ ၈ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် ICJ ၌ မြန်မာနိုင်ငံအား တရား ဆွဲဆိုထားသည့် ဂမ်ဘီယာ နိုင်ငံဘက်မှ ပါဝင် အားဖြည့်သွားမည်ဖြစ်ကြောင်း ကနေဒါ နှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးတို့နှစ်ဦးမှ ပြီးခဲ့သည့် စက်တင် ဘာလ ၂ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းအပေါ် ကြိုဆိုခြင်း ဖြစ်ပြီး စစ်တပ်၏ စီးပွားရေး လုပ်ငန်း များအား အဓိက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အဆိုပါ နှစ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုတွင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှစ်က အကြံပြုထားသည့် စစ်တပ်စီးပွားရေး လုပ်ငန်းများ ရုပ်သိမ်းရေးနှင့် ပစ်မှတ်ထားအရေးယူ ပိတ်ဆို့မှုများကို မဖြစ်မနေ လုပ်ဆောင် ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထုတ်ပြန်ချက်၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စစ်ရာ ဇဝတ်မှု တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဟာ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွား ကြောင့် ဖြစ်ပြီး ဒီရာဇဝတ်မှုတွေ အဆုံးသတ်ဖို့ ကျူးလွန်ခံရသူတွေနဲ့ အသက်ရှင်လွတ်မြောက်လာသူတွေ အတွက် တရားမျှတမှု ဆောင်ကြဉ်းနိုင်ဖို့ ပြည်တွင်းစစ် အဆုံးသတ်ဖို့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့အတွက် အဲ့ဒီ လျှို့ဝှက် ငွေကြေး အရင်းအမြစ်တွေကို ဖြတ်တောက်ပစ်ရ ပါမယ်” ဟု ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

ကနေဒါနှင့် နယ်သာလန် နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ၊ မြန်မာစစ်တပ်ကို အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေး လုပ်ငန်းများမှ ရင်းနှီးမြှပ်နှံမှုများ ရုပ်သိမ်းရန်တောင်ဆိုထားပြီး အဆိုပါ စီးပွားရေး လုပ်ငန်းများတွင် Kirin Holding နှင့် Kirin Holding တွင် ရင်းနှီးမြှပ်နှံခဲ့သည့် Canada Pension Plan (CPP)၊ Myanmar Brewery အပြင် စစ်တပ်မြေပေါ်တွင် အိမ်ခြံမြေစီမံကိန်းများ တည်ဆောက်နေသည့် Daiwa House Industry၊ Sumitomo Mitsui Financial Group၊ Mizuho Financial Group နှင့် Tokyo Tatemono အပါ အဝင် ဂျပန်ကော်ပိုရေးရှင်းများလည်းပါဝင်သည်။

မရတနာမောင်က “ ဥရောပ သမဂ္ဂ၊ ယူကေနှင့် အမေရိကန် နိုင်ငံတို့အနေနဲ့ စစ်တပ်စီးပွားရေး လုပ်ငန်းတွေနဲ့ ပါဝင်သူ တစ်ဦးချင်းကို အမြန်ဆုံး ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ပေးဖို့ ကနေဒါအနေဖြင့်လည်း လက်ရှိ အရေးယူ ပိတ်ဆို့မှုများကို ပိုမို အားကောင်းအောင် တိုးချဲ့လုပ်ဆောင်ဖို့ Justice For Myanmar က တောင်း ဆိုပါတယ်” ဟု ဆက်လက်ပြောဆိုထားသည်။

စက်တင်ဘာလ ၂ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကနေဒါနှင့် နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး၏ ထုတ်ပြန် ချက်တွင် ဂမ်ဘီယာ၏ တရားရေးအရ ရင်ဆိုင်မှုတွင် ပါဝင်ရန် အခြားနိုင်ငံများအား တိုက်တွန်းထားပြီး ၎င်းတို့ နှစ်နိုင်ငံအနေဖြင့် ဖြစ်ပေါ်လာနိုင်သော ရှုပ်ထွေးသည့် ဥပဒေ ကြောင်းအရ ကိစ္စရပ်များတွင် ပါဝင်ကူညီမည်ဖြစ် ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် လိင်ပိုင်းနှင့် ကျားမ လိင်အပေါ် အခြေခံကာအကြမ်းဖက်မှုများနှင့် ဆက်စပ်သော ရာဇဝတ်မှုများကို အဓိက အလေးထားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဆိုခဲ့သည်။

မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေးအတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည် မဖော်လိုသော တက်ကြွလှုပ်ရှားသူ လူတစ်စုဖြင့် ဖွဲ့စည်းထားသည့် Justice For Myanmar ၏ ဝက်ဆိုက် စာမျက်နှာကို ဆင်တာပိတ်ရန် အစိုးရမှ Mobile ဖုန်း အော်ပရေတာများနှင့် အင်တာနက် ဝန်ဆောင်မှု ပေး သူများအား လျှို့ဝှက်ညွန်ကြားခဲ့သည်။ ထို့နောက် အဖွဲ့၏ ပုံတူဝက်ဆိုက်(Mirror site )ကို စတင်ထုတ်လွှင့် အသုံးပြုထားကြောင့် Justice For Myanmar က ဆိုသည်။

စအိုင်ဆူး (KIC)-ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here