“အားရကျေနပ်တာတွေကတော့ အများကြီးပဲ။ ဒါပေမယ့် ပြီးပြည့်စုံမှုမရှိသေးတာတော့ ဝန်ခံတယ်၊ ဘာကြောင့်လဲဆိုတော့ ကိုယ်တစ်ယောက်တည်း အားရကျေနပ်နေလို့မရဘူး၊ လိုအပ်ချက်တွေက အတောမသတ်နို်င်အောင် များပြားပါတယ်” ဦးအယ်လ်ဖောင်းရှို(ဝန်ကြီးချုပ်ဟောင်း၊ကယားပြည်နယ်)

0
208

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် တွေ့ဆုံမေးမြန်းခြင်း

၁၀ စက်တင်ဘာ ၂၀၂၀

ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ နိုင်ငံတော်သမ္မတရဲ့အမိန်နှင့်အတွက် ကယားပြည်နယ်ဝန်ချုပ်ကို တာဝန်မှ ရပ်ဆိုင်းခဲ့ပါတယ်။ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဦးဘော့စ်ကို ခေတ္တဝန်ချုပ်ကြီးအဖြစ် တာဝန်ယူစေခဲ့ပါတယ်။ သို့သော်လည်း ကယာပြည်နယ် ဝန်းကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်တော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ကယားပြည်နယ် မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းနဲ့%Eွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ တာဝန်ကနေ ရပ်စဲလိုက်တဲ့အပေါ် ဘာပြောချင်ပါလဲ။

ဖြေ ။ ။ ခံစားချက် မရှိပါဘူး၊ ကျနော်တို့က တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူရဲ့အကျိုးကို ဆောင်ရွက်တဲ့နေရာမှာ ခံစားချက်နဲ့ လုပ်လို့မရဘူး။ မှန်မှန်ကန်ကန် နည်းလမ်းတကျ မူဝါဒနဲ့အညီ စီမံဆောင်ရွက်ပေးနိုင်ရမယ်။ အားနည်းနေတဲ့စည်းမျဉ်းစည်းကမ်း မူဝါဒတွေကို မှန်ကန်အောင် တည့်မတ်ပေးနိုင်ရမယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းခဲ့တာ ဘယ်အဖွဲ့အစည်းမှ မကြိုးပမ်းဘူး၊ ဒီအဖွဲ့တစ်ခုပဲ ရှိတယ်၊ ဒါကြောင့် ဒီ၂၀၂၀မှာ NLD ကို မဲပေးဖို့အတွက် ကျနော်တို့ပါတီက စည်းရုံးနေတယ်၊ ဒါမူဝါဒပဲ။

မေး ။ ။ လွှတ်တော်ရဲ့စွပ်စွဲအပြစ်တင်မှုနဲ့အတူ သမ္မတရဲ့ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ်အနေနဲ့ တရားမျှတမှုရှိတယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ကျနော်တို့ရဲ့အကြီးအကဲဖြစ်တဲ့ သမ္မတကြီးရဲ့ စီမံမှု၊ လုပ်ဆောင်မှုတွေကို ကျေနပ်ပြီးသားပါ။

မေး ။ ။ သမ္မရဲ့ဆုံးဖြတ်ချက်က မျှော်လင့်ထားတာနဲ့တိုက်ဆိုင်မှုရှိလား။

ဖြေ ။ ။ မျှော်လင်ထားတာနဲ့ တိုက်ဆိုင်မှုရှိလားဆိုတော့ အကောင်းဆုံးကို မျှော်လင့်ထားတဲ့သူတစ်ယောက်အတွက်က အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်ဖို့အသင့်ပဲလို့ ပြောချင်ပါတယ်။

မေး ။ ။ စုံစမ်းစစ်ဆေးတာနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားတာတွေရှိမယ်ဆိုရင် ဝန်ကြီးချုပ်အနေနဲ့ ဘာတွေပြင်ဆင်ဆောင်ရွက်မလဲ။

ဖြေ ။ ။ ဥပဒေနဲ့အညီ စီမံဖြေရှင်းဆောင်ရွက်ဖို့ အမြဲတမ်း stand by ပဲလို့ ပြောချင်တယ်။

မေး ။ ။ စစ်ဆေးတာနဲ့ပတ်သက်ပြီး ခုံရုံးထပ်တက်ရတယ်ဆိုရင် ဘာတွေပြင်ဆင်ထားလဲ။

ဖြေ ။ ။ ပြင်ဆင်ထားတာကတော့ ဒါမူဝါဒနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပဲ၊ ပြင်ဆင်ထားတဲ့အသေးစိတ်ကို ပြောလို့ရှိရင် ပြီးမှာမဟုတ်ဘူး။

မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်တော့ ဆက်ရှိနေအုံးမှာပေါ့။

ဖြေ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရကော တည်ဆဲမူဝါဒအရကော ကိုယ်စားလှယ်အဖြစ်ကတော့ ရပ်တည် တည်ရှိနေမှာပါ။

မေး ။ ။ တာဝန်ရပ်စဲခံရတဲ့ကိစ္စက ရွေးကောက်ပွဲဝင်ဖို့အတွက် အခက်အခဲကြုံတွေ့နိုင်လား။

ဖြေ ။ ။ အခက်အခဲလုံးဝမကြုံတွေ့ရနိုင်ပါဘူး၊ ဘာကြောင့်အခက်အခဲကြုံတွေ့ရမလဲဆိုရင် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အနေထားတစ်ခုမှာ အခုလိုမျိုးဖြစ်ပျက်သွားတဲ့ကိစ္စတစ်ခုဟာ ခွန်အားတစ်ခုတောင် ဖြစ်ပါတယ်၊ နိုင်ငံအတွက်လည်း ခွန်းအားဖြစ်လိမ့်မယ်၊ ပြည်သူတွေအတွက်လည်း ခွန်အားဖြစ်လိမ့်မယ်လို့ အပြည့်အဝယုံကြည်ထားတယ်။

မေး ။ ။ တာဝန်ကနေ ရပ်စဲခံလိုက်ရပြီဆိုပေမယ့် လာမယ့်ရွှေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားလဲ။

ဖြေ ။ ။ ရှေ့ဆက်ပြီးမှ အကောင်းဆုံးမျှော်လင့်ထားတဲ့ လူတစ်ယောက်အနေနဲ့ အကောင်းဆုံးဆက်လုပ်မယ်။ ရွှေးကောက်ပွဲအတွက်လည်း ဒါအကောင်းဆုံး အောင်အောင်မြင်မြင်နဲ့ ပါတီမူဝါဒအတိုင်း ကြိုးစားဆောင်ရွက်သွားနိုင်အောင် အင်နဲ့အားနဲ့လုံးလစိုက်ထုတ်ပြီးတော့ ဆက်လက်ကြိုးပမ်း အကောင်ထည်ဖော်မယ်။ ဒီလက်ရှိကြိုးပမ်းဆောင်ရွက်ထားတဲ့ တိုးတက်မှုအရိပ်တစ်ခုရဲ့ ခွန်အားကိုယူပြီးမှ ဒီခွန်အားတွေနဲ့အတူ ကျနော်တို့ပြည်သူရဲ့လက်ကိုတွဲပြီးမှ အကောင်းဆုံးဆက်လက် ချီတက်မယ်ဆိုတာကို ပြောချင်တယ်။

မေး ။ ။ တာဝန်ကနေ ရပ်စဲခံလိုက်ရပြီဆိုတော့ ပြည်သူ့ထောက်ခံမဲရရှိအုံးမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ဒီအခုလက်ရှိဖြစ်ပျက်သွားတဲ့ ဖြစ်တည်မှုက ကျနော့်ကို မဲဆွယ်ပေးလိုက်တယ်လို့ ယုံကြည်ထားပါတယ်။

မေး ။ ။ ဘာကြောင့် အဲဒီလိုပြောနိုင်ရတာလဲ။

ဖြေ ။ ။ ဒီဖြစ်စဉ်မှုဖြစ်သွားတာက အမှားလား အမှန်လား ရိုးသားလား မရိုးသားဘူးလားဆိုတာ အဖြေက ရှင်းနေတယ်နော်။ အမှားနဲ့အမှန် ရှင်းနေတယ်။ ဘယ်သူက နိုင်ထက်စီးနင်းလုပ်နေတာလဲ၊ ငါလုပ်ခွင့်ရှိလို့ ငါလုပ်လိုက်မယ်ဆိုတဲ့ပုံစံမျိူးလား ဒါမှမဟုတ် တကယ့်နည်းမှန်လမ်းမှန်သွားတဲ့ပုံစံမျိုးနဲ့ တို့တကယ်ရွေးချယ်ပြီးမှ သွားနေတာလား၊ တကယ်အကျိုးပြုနေပြီလား၊ ဒါပြည်သူတွေက အဖြေသိနေတယ်နော်။ လွှတ်တော်မှာ Live လွှင့်ထားတဲ့အတွက်ကြောင့် အဖြေကို ကွက်ကွက်ကွင်းကွင်းသိတယ်နော်။ အဲ့အဖြေပေါ်မူတည်ပြီးတော့မှ ပြည်သူတွေက ဘယ်သူက အမှန်တရားကို ဖော်ဆောင်လဲဆိုတာသိတဲ့အတွက်ကြောင့် အဖြေကိုသူတို့သိတဲ့ အတွက်ကြောင့် ဒါရွေးကောက်ပွဲမှာ ကျနော့်ကိုမဲစွယ်ပေးသလိုဖြစ်တယ်၊ ကျနော်တို့နိုင်ငံအတွက် ဒီဖြစ်စဉ်ကြီးက ကျနော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ လိုအပ်ချက် စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်း၊ ပြီးရင် ကျနော်တို့အမှန်တရားက ဘယ်လိုမျိုးလဲ အမှားတွေကို လုပ်နေတဲ့သူက ဘယ်လိုပုံစံမျိုးလဲ ဘယ်သူလဲဆိုတာ သူမျက်ဝါးထင်ထင်တွေ့ခဲ့ရတဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲဟာ မှန်ကန်တဲ့သူတွေအတွက် ရပ်တည်ပေးမယ့် ရလဒ်ကောင်းမျိုးကို သင်ခန်းစာကောင်းမျိုးကို ရမယ်လို့ ကျနော်ပြောခြင်းဖြစ်တယ်။

မေး ။ ။ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ထင်လား။

ဖြေ ။ ။ အဲ့တာကတော့ ကျနော်တို့ပြည်သူတွေရဲ့ ဆင်ခြင်တုံတရား ဒီပါတီရဲ့ကြိုးပမ်းဖော်ဆောင်မှုအပေါ်မှာ ပညာမျက်စိကောင်း မှန်မှန်ကန်ကန်နဲ့ ကောင်းမွန်မှန်ကန်တဲ့အသိပညာ၊ အရည်အချင်းနဲ့ သူတို့သုံးသပ်ပြီးမှ အကောင်းဆုံးသူတို့ဆုံးဖြတ်ချက်ကို အဲ့ရွေးကောက်ပွဲမှာ သူတို့အဖြေပေးလိမ့်မယ်၊ အဲ့မှာစောင့်ကြည့်ဖို့ ပြောချင်တယ်။

မေး ။ ။ တာဝန်ရပ်စဲခံလိုက်ရတာက ပြည်သူတွေအတွက် ထိခိုက်နစ်နာမှု ရှိသွားမယ်လို့ထင်လား။

ဖြေ ။ ။ ဒီလိုရပ်နားလိုက်တဲ့အပေါ်မှာ ထိခိုက်တယ်မထိခိုက်ဘူးဆိုတာက ကျနော်တို့ ပူးပေါင်းကြိုးပမ်းဆောင်ရွက်တဲ့ အနေအထားပေါ်မှာ များစွာမူတည်လိမ့်မယ်။ ဘာကြောင့်လဲဆို တိုးတက်မှုအရွေ့ တစ်ခုကို အစိုးရတစ်ဖွဲ့ပဲ ဆောင်ရွက်လို့မရဘူး၊ ကျနော်တို့ပြည်သူတွေရယ် ကျနော်တို့ဌာနဆိုင်ရာတွေရယ် ပြီးတော့ ကျနော်တို့နိုင်ငံအရေးကို တကယ်ကြိုးပမ်းပုံဖော်ဆောင်ရွက်ပေးချင်တဲ့ တကယ့်နိုင်ငံအရေးကို ဆောင်ရွက် ပေးချင်တဲ့ နိုင်ငံရေးသမားတွေအများကြီး ကျနော်တို့ပြည်နယ်မှာ အသိအမြင် အတွေးအမြင်ကျယ်ကျယ်နဲ့ ဆောင်ရွက်ပေးသူတွေမျိုး အများကြီးရှိလာဖို့လိုတယ်။ အဲ့လိုရှိလာဖို့အတွက်က ကျနော်တို့ အတွေ့အကြုံတွေ တစ်ဆင့်ချင်းတစ်ဆင့်ချင်း သူတို့တွေရရှိခဲ့ပြီဖြစ်တဲ့အတွက်ကြောင့် ကျနော်ယုံကြည်ပါတယ် ကျနော်တို့လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အရွေ့တစ်ခုကို ကျနော်တို့အကောင်းဆုံး ပူးပေါင်း‌လျောက်လှမ်းနိုင်ကြမှာပါ။ အဲ့လိုလျှောက်လှမ်းတဲ့ နေရာမှာ ပြည်သူတွေဟာ ဘယ်သူက နိုင်ငံအရေးကို စွမ်းဆောင်မယ့်သူလဲ ဘယ်သူက နိုင်ငံရေးကို အောက်လုံးထိုးတဲ့ပုံစံမျိုးနဲ့လုပ်သလဲ ဒါလည်း ကျနော်တို့ပြည်သူကပဲ ရွေးမှာပဲ၊ ဒီစကားတွေကိုတော့ ကျနော်လူထုတွေ့ဆုံပွဲတွေမှာ ပြောသေးတယ်နော်။ ဒီအနေအထားပေါ်မူတည်ပြီးတော့မှ သူတို့ အတွေးအမြင် အသိအမြင်တွေအများကြီးရရှိပြီဖြစ်တဲ့အတွက်ကြောင့်မို့ အောင်အောင်မြင်မြင်နဲ့ သူတို့ ဒီကျနော်တို့ရဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်မှာပါ။

မေး ။ ။ ဒီဝန်ကြီးချုပ်သက်တမ်းတစ်လျှောက်လုံး လုပ်ဆောင်မှုအပိုင်းမှာ အားရကျေနပ်မှု ရှိရဲ့လား။

ဖြေ ။ ။ အားရကျေနပ်တာတွေကတော့ အများကြီးပဲ။ ဒါပေမယ့် ပြီးပြည့်စုံမှုမရှိသေးတာတော့ ဝန်ခံတယ်၊ ဘာကြောင့်လဲဆိုတော့ ကိုယ်တစ်ယောက်တည်း အားရကျေနပ်နေလို့မရဘူး၊ လိုအပ်ချက်တွေက အတောမသတ်နို်င်အောင် များပြားပါတယ်။ ကျနော်တို့ပြည်နယ်လို မဖွံ့ဖြိုးတဲ့ပြည်နယ်တွေဆိုရင် ပိုပြီးမှ လိုအပ်ချက်တွေ များသေးတယ်၊ အားရကျေနပ်တယ်ဆိုတာ ကိုယ်လက်ရှိဆောင်ရွက်နေတဲ့အပေါ်မှာ ခွဲဝေချထားတဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီးမှ အကောင်းဆုံးလုပ်နိုင်တယ်ဆိုပြီး အားရကျေနပ်မှုရှိတယ်၊ ပြီးပြည့်စုံအောင်ဆက်သွားဖို့က အားမရသေးဘူး။ အဲ့တော့နှစ်အလိုက် တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်ထည်ဖော်ဆောင်ရွက်သွားမယ်ဆိုတာကိုတော့ ပြောချင်တယ်။

မေး ။ ။ ခေတ္တဝန်ကြီးချုပ်ကို တာဝန်လွဲပြောင်းတာနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်ထားပြီလဲ။

ဖြေ ။ ။ အလွဲအပြောင်းလုပ်တာပေါ့၊ ဘာလို့လည်းဆို ဦးဘော့စ်ကိုက ဝန်ကြီးချုပ်တာဝန်ယူထားတဲ့အပေါ်မှာ ဝန်ကြီးချုပ်ရဲ့တာဝန်တွေ အလွှဲအပြောင်းလုပ်တာပေါ့၊ စာရင်းဇယားတွေကတော့ ဒီမှတ်တမ်းမှတ်ရာတွေကတော့ အတွင်းရေးမှူးနဲ့ဆက်လုပ်မှာပေါ့၊ ဒါဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဆက်လုပ်လို့ရတယ်လေ။ သူ့အတွက်က စိမ်းနေတာမှမဟုတ်တာ၊ ဒီစိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဆိုတာ အစိုးရအဖွဲ့ဝင်ဝန်ကြီးလည်း ဖြစ်ခဲ့ပြီးသားလေ သူမှာ အတွေ့အကြုံလည်း အများကြီးရှိထားပြီးသား။ ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီအမာခံ၊ လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရတာတောင်မှ တကယ့်သစ္စာရှိရှိနဲ့ ပါတီရဲ့မူအတိုင်း စနစ်တကျ ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ သူစွမ်းဆောင်ခဲ့တယ်။ အဲ့တော့အရှိန်အဝါရှိပြီးသားလူတစ်ယောက်က ဝန်ကြီးချုပ်တာဝန်ပူးတွဲပေးအပ်တဲ့အပေါ်မှာ ကျေနပ်တယ်၊ သူအကောင်းဆုံး ဆောင်ရွက်သွားနိုင်လိမ့်မယ်။

မေး ။ ။ ပြည်သူတွေအတွက် ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ ။ ။ ပြည်သူတွေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ ဘေးအန္တာရယ်ခပ်သိမ်းအပေါင်းမှ ကင်းဝေးကြပါစေ၊ လက်ရှိကျနော်တို့ကယားပြည်နယ်ကြီး ဒီထက်စည်ပင်သာယာဝပြောအောင် အမြင်ကျယ်ကျယ်နဲ့ ပညာမျက်စိနဲ့ ပညာအသိနဲ့ အကောင်းဆုံးနော်၊ လူသားပီသပြီး လူသားဆန်စွာနဲ့ ကျနော်တို့ပြည်ထောင်စုကြီးကို ဝိုင်းဝန်းတည်ဆောက်နိုင်ကြပါစေလို့ တိုက်တွန်းပြောကြားလိုပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – တွေ့မေးသည်။