ရသေ့တောင်မြို့နယ်အတွင်း မုဒိမ်းမှုကျူးလွန်ခဲ့သည့် တပ်မတော်သားသုံးဦးအမှုကို အရပ်ဘက်တရားရုံးတွင် စစ်ဆေးပေးစေလိုကြောင်း ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ပြောဆို

0
222

စက်တင်ဘာလ ၁၀ရက်၂၀၂၀ ခုနှစ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း ဦးဂါကျေးရွာမှ အသက် ၃၆ နှစ်အရွယ် ကလေး လေးယောက် မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့် တပ်မတော်သား သုံးဦးအမှုကို အရပ်ဘက်တရားရုံးတွင် စစ်ဆေးပေးရန် အမှုကိုအကူညီပေးသူတို့က လိုလားနေကြသည်။

အမှုကို မှန်ကန်သောတရားဥပဒေဖြင့် စစ်ဆေးနိုင်ရန် လိုအပ်သည့်အတွက် အရပ်ဘက် တရားရုံကို ရောက်ရှိစေချင်ခြင်းဖြစ်ကြောင်း နစ်နာသူအမျိုးအားအား အကူညီပေးနေသူ ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက DMG ကိုပြောသည်။

“ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းကတော့ ကျမတို့ဆီကို တစ်စုံတစ်ရာ ဆက်သွယ်လာတာတော့ မရှိသေးဘူူး။ ဒီအကြောင်းတွေကိုလည်း ရန်ကုန်ကနေ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ကျမတို့ဆီကို ပို့ထားတာရှိတယ်။ RFA သတင်းမှာတာ့ ဖော်ပြထားကိုလည်းတွေ့ရတယ်။ သူတို့ဘက်က ကျူးလွန်ခဲ့တာမှန်ကန်ကြောင်းကို DNA စစ်ဆေးချက်အရ သိရတယ်လ%Aု့ ကြားထားတယ် ” ဟု ဒေါ်ညိုအေးက ဆိုသည်။

ကျူးလွန်ခံရသူ အမျိုးသမီး၏ ကိုယ်မှာတွေ့ရှိခဲ့သော အထောက်အထားတွေနဲ့ အခင်းဖြစ်ပွားရာနေ့က ဦးဂါရွာကို ရောက်ရှိခဲ့သော တပ်မတော်သားအချို့၏ DNA စစ်ဆေးချက်များမှာ တူညီနေခြင်း၊ မုဒိန်းမှုကျူးလွန်ခဲ့ကြောင်း ကာယကံရှင် စစ်သည်များက ဝန်ခံထွက်ဆိုထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို အတည်ပြုပြောဆိုထားသည်။

ယင်းအပြင် တပ်မတော်ဘက်က ဝန်ခံထားသော်လည်း အမှုကို မည်သည့်ပုံစံနှင့် စစ်ဆေးသွားမည်ကို စောင့်ကြည့်ရမည်ဟုလည်း ဒေါ်ညိုအေးက ဆက်ပြောသည်။

“ ကိုယ်တို့ဘက်က အမှုမှန်ပေါ်စေချင်တဲ့ အတွက် အမြဲတမ်း စောင့်ကြည့်ပေးမှုတွေကြောင့် သူတို့ဘက်က ဖွင့်ဟ ဝန်ခံလာတာ။ အမှုကလည်း မပြီးသေးတော့ အားရကျေနပ်မှုကတော့ မရှိသေးဘူး။ သူတို့ကို ဘယ်လိုပုံစံနဲ့ စစ်ဆေးသွားမယ်ဆိုတာကို စောင့်ကြည့်နေရအုံးမယ် ” ဟု ၄င်းက ဆိုသည်။

အမှုနှင့် ပတ်သက်ပြီး တပ်မတော်က ပထမအကြိမ် ခုံရုံးဖွဲ့စစ်ဆေးခဲ့ရာတွင် ယင်းတပ်မတော်သားများက ငြင်းဆိုခဲ့ကြသော်လည်း ဒုတိယအကြိမ် ထပ်စစ်ဆေးသည့်အခါတွင် ပြစ်မှုကျူးလွန်ခဲ့ကြောင်းကို ဝန််ခံလာသည့်အတွက် ၄င်းတို့အား စစ်စည်းကမ်းဥပဒေအရ အရေးယူသွားမည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

စစ်ခုံရုံးတွင် စစ်စည်းကမ်းကမ်း ဥပဒေအရ အရေးယူမည်ဟု ပြောဆိုသော်လည်း အရပ်ဘက် တရားရုံးကို လွှဲပြောင်းပေးမှသာ လွတ်လပ်စွာ တရားစီရင်ရေးဖြစ်မည်ဟု ရခိုင်ရှေ့နေများက ဝေဖန်နေကြသည်။

အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်း က “ အမှုဖွင့်ထားတာက ရဲစခန်းမှာ ဖွင့်ထားတာကို သူတို့က စစ်ခုံရုံးကပဲ အရေးယူမယ်လို့ ပြောထားတယ်။ အဲဒီဟာက ပြည်သူတွေ လိုလားနေတဲ့ လမ်းကြောင်းနဲ့ သူတို့ဘက်က သွားနေတာက လွဲနေတယ်လို့မြင်တယ်။ ဒီဘက်မှာ တရားစွဲတာဆိုတော့ တရားကို အရပ်ဘက်ကို လွှဲပေးရမယ်။ အဲဒါမှ ပြည်သူတွေလိုလားတဲ့ တရားမျှတမှု၊ နစ်နာသူတွေကို ကုစားရာမှာ ပွင့်လင်းမြင်သာမှုရှိမယ်။ လွတ်လပ်စွာ တရားစီရင်ရေးကိုလည်း ကူညီပေးရာရောက်မယ် ” ဟု ဆိုသည်။

ယင်းအပြင် စစ်ဆင်ရေးအရ ချိုးဖောက်သည့် စည်းကမ်းလို့သာပြောထားပြီး ဥပဒေလို့ မပြောထားသည့်အတွက် စစ်စည်းကမ်းချက်အတိုင်း အရေးယူသွားမည်ဆိုသည်မှာ တရားမျှတမှုရရှိနိုင် မထင်ကြောင်း ဦးဇော်ဇော်မင်းက ဆက်ပြောသည်။

ယင်းသို့ ဝေဖန်မှုများရှိနေသည့် ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဥက္က ဗိုလ်ချုပ်ဇော်မင်းထွန်း၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရဲရင့်အောင်အပါဝင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို DMG က တယ်လီဖုန်းဖြင့် အကြိမ်းကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ပြီးခ့ဲတဲ့ ဇွန်လ ၂၉ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းတစ်ခုသည် ဦးဂါကျေးရွာသို့ သေနတ်ပစ်ဖောက်ကာ ရောက်ရှိလာပြီးနောက် ည ၁၁ နာရီခန့်တွင် နေအိမ်မှာ ပုန်းနေကြသည့် ယင်းအမျိုးသမီးကို တပ်မတော်သား သုံးဦးက မှတ်ပုံတင်စစ်ဆေးမည်ဟု အကြောင်းပြပြီး နေအိမ်မှ ခေါ်ထုတ်ကာ အနီးရှိ အခြားအိမ်တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက သတင်းထောက်များကို ပြောဆိုထားသည်။

ယင်းအပြင် နောက်ထပ် ပြုကျင့်ခံရသူ၏ သမီးတစ်ဦးဖြစ်သော အသက် ၁၉ နှစ်အရွယ်ရှိ မွေးဖွားပြီးတာ (၆) ရက်သာရှိသေးသူကိုလည်း စစ်ဆေးစရာရှိကြောင်း အပြင်ခေါ်ထုတ်သွားခဲ့ပြီး အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သော်လည်း ယောက်ခမတော်စပ်သူတို့ အမျိုးမျိုးပြောဆို တောင်းပန်ခဲ့သည့်အတွက် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ယင်းသို့ပြုကျင့်ခဲ့သူတို့အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှု၊ ကာမကို အတင်း အဓမ္မရယူမှု ပုဒ်မ ၃၆၆၊ မုဒိမ်းကျင့်ကြံရန် ကြိုးပမ်းမှု ပုဒ်မ ၁၄၄ တို့ဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှာ ကာယကံရှင်ဖြစ်သူက တရားလိုလုပ်ပြီး အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

ခိုင်ရိုးလ (DMG) – ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here