ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူချက်တွေအပေါ် ပူးပေါင်းလုပ်ဆောင်ရာတွင် ယခင်အစိုးရထက် ယခုအစိုးရလက်ထက်မှာ ပိုအားနည်းနေကြောင်း ကယန်းအမျိုးသားပါတီ ပြောဆို

0
210

NRPC ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ လွိုင်ကော်မြို့ Famous Hotel မှာ ၂၀၁၉၊ မေ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် (Photo: Hla Maung Shwe)

၁၁ စက်တင်ဘာ ၂၀၂၀

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ ဆွေးနွေးသဘောတူထားချက်တွေကို အခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရလက်ထက်မှာ ထဲထဲဝင်ဝင် ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ အားနည်းနေတယ်လို့ ကယန်းအမျိုးသားပါတီက ခွန်းမြင့်နိုင်ကပြောပါတယ်။

“ကေအဲန်ပီပီနဲ့သဘောတူထားတဲ့အချက်တွေကို NLD ခေတ်မှာ အကောင်အထည်ဖော်ဖို့ ဆိုတဲ့နေရာမျိုးတွေမှာ မူဘောင်တွေရဲ့အခက်အခဲတွေ အကန့်အသတ်တွေ အယူအဆတွေ မတူတာလည်းဖြစ်တာပေါ့နော ဒီလိုသုံးသပ်ကြည့်တာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ NLD ခေတ်မှာတော့ သဘောတူထားတဲ့ အချက်ပေါင်း ၂၀ ပေါ်မှာလည်း ပြည်နယ်အတွင်းမှာတော့ ထဲထဲဝင်ဝင် ညှိနှိုင်းထိတွေ့ ဆွေးနွေးတိုင်ပင်မှု ပူးပေါင်းလုပ်ဆောင်မှု သဘောတူညီမှုတွေလည်း ထပ်လောင်းပြီးတော့ အားကောင်းကောင်းနဲ့ ဆွေးနွေးတာမျိုးတွေ ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ မတွေ့ရဘူး။ ပြည်နယ်အစိုးရကိုယ်တိုင်ကလည်း ကေအဲန်ပီပီနဲ့ ခပ်လှမ်းလှမ်းနေတဲ့ပုံစံမျိုးတွေ တွေ့တယ်လို့ သုံးသပ်မိတယ်။ အဲဒါကြောင့်မလို့ ဒီအစိုးရခေတ်ကာလမှာ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအခန်းက ဏ္႑ဟာ အားရကျေနပ်မှုမရှိဘူးလို့ သုံးသပ်ချင်တာပေါ့” လို့ဦးခွန်းမြင့်နိုင်က ပြောပါတယ်။

KNPP ဖက်ကတော့ လက်ရှိ ပြည်နယ် အစိုးရဟာ ငြိမ်းချမ်းရေး အပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတယ်လို့ သုံးသပ်ပြောဆိုထားတာ ရှိပါတယ်။

နောက်တက်မယ့် အစိုးရသစ်မှာ ငြိမ်းချမ်းရေးအကြောင်းတတ်သိနားလည်သူ ပါဝင်နိင်မှ ပြည်နယ်ငြိမ်းချမ်းရေးမှာ ဆောင်ရွက်ရာမှာ ပိုမို အားကောင်းလာမယ်လို့ ပြည်နယ် အရေး လေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်က ပြောပါတယ်။

“တကယ်တမ်း ဒီလက်ရှိလက်ကျန်ကာလမှာရော၊ နောက်တတိယအကြိမ်တက်မယ့်၊ တာဝန်ယူရမယ့်အစိုးရသစ်မှာရောပါ တကယ်တမ်းပြောရရင်တော့ ဒီအတွက်ကိုငြိမ်းချမ်းရေးဆိုင်ရာ အရ လေ့လာသိရှိထားတဲ့သူမျိုးတွေပါဝင်မယ်ဆိုရင် ပိုပြီးတော့မှကို တိုင်းရင်းသားလက်နက်ကိုင် KNPP နဲ့ပိုမိုအားကောင်းလာလိမ့်မယ်ပေါ့။ တကယ်တမ်းက ပါးစပ်ကပဲ ပြည်သူ့အစိုးရတို့၊ လူထုရွေးချယ်ထားတဲ့အစိုးရလို့ ပြောနေပြီးတော့တကယ့်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာကျတော့ တပ်မတော်တို့၊ တပ်မတော်အငြိမ်းစားတို့ကိုပဲ တာဝန်ပေးနေမယ်ဆိုရင်တော့ ဒါသည် ဘယ်လိုမှကို ပြည်နယ်အတွက် ပိုမိုအားကောင်းတဲ့အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မှာမ ဟုတ်ပါဘူး ခင်ဗျာ့။” လို့ ကိုကျော်ထင်အောင်က ဆိုပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ဆွေးနွေးဖို့ဆိုတာ ပြည်သူ့ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရုံနဲ့ မရဘဲ အစိုးရက ငြိမ်းချမ်းရေး အတွက် တရားဝင်ရွေးချယ်ထားတဲ့ သူတွေကသာ ပါဝင်ဆွေးနွေးခွင့်ရနေတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စည်သူကပြောပါတယ်။

“ ကျမကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော့ဖြစ်တာပေါ့နော်။ အဲ့ဒါဆိုရင်တော့ ကျမတို့ ပြည်ထောင်စုအဆင့်လို့ ခေါ်တာပေါ့။ အဲ့တော့ပြည်ထောင်စုအဆင့် မှာကျတော့ကျမတို့ လွှတ်တော်ကိုယ်စားလှယ်များကို ဒီငြိမ်းချမ်းရေးအတွက် ပြုလုပ်တဲ့အစည်းအဝေးတို့၊ အခမ်းအနားတွေတို့ ဝင်ပတ်သတ်ဖို့ဆို သူတို့လူရွေးပါတယ်။ ကျမတို့ဆန္ဒအတိုင်းတက်လို့မရဘူး။ ဆိုတော့ သူတို့ရွေးတဲ့လူထဲမှာတော့ ကျမ မပါဘူး။ ဒါကြောင့်မလို့အဲ့ဒီမှာတက်နေတဲ့ Process (ဖြစ်စဉ်)မှာ ဆွေးနွေးတဲ့အပေါ်မှာကျတော့ထဲထဲဝင်ဝင် ကျမဆွေးနွေးလို့မရပါဘူး။” လို့ ဒေါက်တာခင်စည်သူက ပြောပါတယ်။

၂၀၁၂ခုနှစ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နဲ့အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာပါဝင်တဲ့ အချက် (၂၀)အရ အစိုးရနဲ့ လစဉ်တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားခဲ့ပေမယ့် လစဉ်မတွေ့ဆုံနိုင်ခဲ့ပါဘူး။
ယခုနှစ်အတွက် ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့မှာ တစ်ကြိမ်သာ တွေ့ဆုံနွေးခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ Covid ရောဂါကူးစက်ပျံ့ပွားမှုတွေကြောင့် ထပ်မံ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ပြည်နယ်အစိုးရရဲ့ငြိမ်းချမ်းရေးဆောင်ရွက်မှုအခြေအနေမှာ ၂၀၁၉ ခုနှစ် မေလ ၆ရက်နေ့က ကယားပြည်နယ်အစိုးရ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၊ တို့ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ကြိမ် ၊ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့မှာ တစ်ကြိမ်၊ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့မှာ တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ပြည်နယ်အစိုးရရဲ့ တစ်နှစ်တာကာလ လုပ်ငန်းအစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here