“နေရပ်ပြန်တဲ့ ဒုက္ခသည်တွေ သူတို့ နေရပ်ပြန်တဲ့အခါမှာ လုံခြုံမှု ရှိဖို့နဲ့ ဂုဏ်သိက္ခာရှိဖို့ အရေးကြီးတယ်၊ တန်းတူအခွင့်အရေး ရဖို့ လိုအပ်တယ်။ သူတို့ ပြန်ပြီးတဲ့နောက်ပိုင်း သူတို့ကို လက်ခံတဲ့ ဒေသ အာဏာပိုင်တွေက ခွဲခြားတာမျိုး နိမ်တာမျိုး မဖြစ်အောင် သေချာလုပ်ဆောင်ဖို့လိုတယ်”နော်ထူးထူး (ဒါရိုက်တာ ၊ KHRG)

၁၁ စက်တင်ဘာ ၂၀၂၀

၂၀၁၅ခုနှစ်အတွင်း KNU-ကရင်အမျိုးသားအစည်းအရုံး နှင့် အစိုးရတို့အကြား အပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးပြီးသည့်နောက် နယ်မြေအတွင်း လက်နက်ကိုင် ပဋိပက္ခလျော့နည်း လာခြင်းနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များနှင့် ပြည်တွင်း စစ်ဘေးရှောင် ဒုက္ခသည်များအပေါ် ရိုက်ခက်မှုများ ရှိလာခဲ့သည်။ ဒုက္ခသည်စခန်းနှင့် IDPများအတွက် ပညာရေး ကျန်းမာရေး စားနပ်ရိက္ခာ အကူအညီပေးနေသည့် နိုင်ငံတကာ ကူညီထောက်ပံ့မှု အစီအစဉ်များတဖြည်းဖြည်း လျှော့နည်းကျဆင်းလာခဲ့ပြီး ဒုက္ခသည်များကို နေရပ်ပြန်ရန် တွန်း အားပေးသည်ပုံစံဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၁၆ခုနှစ်မှစ၍ (Voluntary Repatriation Center–VRC) ခေါ် ဒုက္ခသည်များ မိမိဆန္ဒ အလျောက် နေရပ်ပြန်ရေ ဟူသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆ%Aုင်ရာ မဟာမင်းကြီးရုံး(UNHCR) အစီအစဉ်တစ်ရပ် ပေါ်ပေါက်လာပြီး နောက် နေရပ်ပြန်လိုသူများအတွက် ထိုင်-မြန်မာနှစ်နိုင်ငံအစိုးရ၏ သဘောတူညီချက်နှင့် အညီ ပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။ ၂၀၁၆ခုနှစ်မှ ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းကာလအထိ UNHCR၏ မှ ဒုက္ခသည်ပေါင်း (၁,၀၃၉) ဦးကို ပြန်လည် ပို့ဆောင် ပေးခဲ့သလို ဒုက္ခသည်များအတွက် အကူအညီပေးသည့် အဖွဲ့အစည်းများ၏ ခန့်မှန်တွက်ချက်မှုအရ မိမိ အစီအစဉ် ဖြင့် နေရပ်ပြန်သူ ၂သောင်းနီးပါးရှိကြောင်းဆိုသည်။

ထိုသို့ ပြည်တွင်း နေရပ်ပြန်သွားသော နေရပ်ပြန်ဒုက္ခသည်များ၏ ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှု များအပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ နေရပ်ပြန်သူ ကျေးရွာ (၂၀)မှ အိမ်ထောင်စု ၁၃စု လူပေါင်း (၄၀) ဦးကို လူတွေ့မေးမြန်းပြီး မှတ်တမ်းပြုစု၍ “မရေရာမှုများ ဆီသို့ လှမ်းဝင်ခြင်း” ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ် စောင် ပြုစုရေးသား ထုတ်ဝေလိုက်ခြင်းအပေါ် KHRG၏ ဒါရိုက်တာ နော်ထူးထူးနှင့် တွေ့ဆုံမေးမြန်း ထားခြင်းဖြစ်သည်။

မေး – ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ဒီအစီရင်ခံစာ စာအုပ်ကို ထုတ်ဖြစ်ရတာလဲ။

ဖြေ – ဒီအစီရင်ခံစာကို ထုတ်ရတာက နေရပ်ပြန်သွားတဲ့သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အများက သိမြင်ဖို့လိုတယ်။ သူတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို အလေးပေးပြီးတော့ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုဆောင်ရွက် ပေးဖို့လိုတာပေါ့။ နောက်ပြီးသူတို့ရဲ့ မြေယာ ၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တရားဝင် ရရှိဖို့က စာရွက်စာတမ်း ဥပမာ မှတ်ပုံတင်တို့လိုမျိုး လိုတာပေါ့။ ဒါပေမဲ့ ဒါတွေက နှောင့်နှေးနေတဲ့အတွက် သူတို့က ပြန်လည်ပေါင်းစည်းနေထိုင်တဲ့အခါမှာ အခက်အခဲများစွာ တွေ့ရတယ်။ ဘာဖြစ်လဲဆိုတော့ လူမှုရေး စီးပွားရေး၊ နိုင်ငံရေးမှာ သူတို့က ပူးပေါင်းဆောင်ရွက်ဖို့ အဟန့်အတားတွေ ဖြစ်နေတာပေ့ါ။ အဲ့ဒါကြောင့် ဒီအစီရင်ခံစာ ထုတ်ခြင်းအားဖြင့် သူတို့ရဲ့ အသံကို ကြားစေချင်တယ်။ ဒီ အင်တာဗျူးတွေကနေတစ်ဆင့် သူတို့နေထိုင်နေရတဲ့ အတွေ့အကြုံတွေကို ပြန်ပြီးတော့ monitory လုပ်တာပဲဖြစ်ဖြစ် ပြန်ပြီးတော့ မေးမြန်းတာပဲဖြစ်ဖြစ် လုပ်စေချင် တယ်။ နောက်ပြီး သူတို့ ရသင့်ရထိုင်တဲ့ အကူအညီအထောက်အပံ့တွေကိုလည်း လုံလုံလောက်လောက်နဲ့ ကောင်းကောင်းမွန်မွန် ရစေချင်တယ်။ ဒီရည်ရွယ်ချက်နဲ့ ဒီအစီရင်ခံစာကို ထုတ်ရခြင်းဖြစ်ပါတယ်။

မေး- ဒီ အစီရင်ခံစာထဲကနေ အဓိက ဘာတွေကို သတင်းစကားပေးချင်တာလဲ။

ဖြေ – ကျမတို့ အကြံပြုချက်တွေ အများကြီးရှိပါတယ်။ ဒုက္ခသည်စခန်းထဲမှာဆိုရင် စားနပ်ရိက္ခာ တွေ လျော့နည်းကျလာတဲ့အခါမှာ သူတို့တတွေက ပြန်ဖို့ ဆုံးဖြတ်ချက်တွေ ဖြစ်လာရတယ်။ နောက်ပြီး နေ့ခဲ့မယ်ဆိုရင်လည်း သူတို့ရဲ့ စားနပ်ရိက္ခာ ဘဝ လုံခြုံမှုတွေ အတွက် အာမခံချက် မရှိတဲ့အတွက်ကြောင့်မိုလို့ ကျမတို့အနေနဲ့ အကြံပြုတဲ့ မက်ဆေ့ချ်(သတင်းစကား)တွေကတော့ လူသားချင်စာနာတဲ့ အထောက်အပံ့တွေ ကို တိုးမြှင့်ပြီးတော့ ပေးဖို့။ နောက်ပြီးတော့ တကယ်လို့ သူတို့ ပြန်ခဲ့မယ်ဆိုရင်လည်း သူတို့ပြန်မဲ့ လမ်းခရီ အစီအစဉ် အစားအသောက် စားဝတ်နေရေး အထောက်အပံ့တွေ သူတို့ ပညာရေး ကျန်းမာရေး အားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပေးဖို့ လိုတယ်။ နောက်ပြီးတော့ သူတို့ပြန်နေတဲ့ နေရာမှာ တခြား မပေါက် ကွဲသေးတဲ့ မြေမြှပ်မိုင်းတို့လိုမျိုး ရှိနေအုံးမယ်။ စစ်တပ်တွေ ရှိနေအုံးမယ်။ နောက်ပြီး ပြန်လည်နေထိုင်တဲ့ နေရာမှာ လုပ်ကိုင်စားသောက်ဖို့ မြေတွေလည်း လုံလုံလောက်လောက်မရှိဘူးဆိုရင် သူတို့ရဲ့ ဘဝ ပြန်စဖို့ ခက်ခဲနေသေးတဲ့အတွက် ကျမတို့ရဲ့ မက်ဆေ့ချ်ကတော့ သူတို့ ဘဝ ကောင်းကောင်းမွန်မွန် ပြန်လည်တည် ထောင် နိုင်ဖို့အတွက် သူတို့ ရုန်းကန်နေရတဲ့အချိန်မှာ သက်ဆိုင်ရာ ပါဝင် ပတ်သက်တွေအနေနဲ့ သူတို့ရဲ့ လို အပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ သူတို့ပြန်တဲ့ လမ်းကြောင်းတစ်လျှောက် အဆင်ပြေအောင် စီမံပေးဖို့ လိုပါတယ်။

မေး- ဒီအစီရင်ခံစာပါအချက်အလက်တွေအရ နေရပ်ပြန်တဲ့ ဒုက္ခသည်တွေ က သူတို့ နေရပ်ပြန်တော့ အဓိက ဘာတွေကို ကြုံတွေ့ နေရတာလဲ။

ဖြေ – များသောအားဖြင့် သူတို့ရရှိတဲ့ ငွေကြေး အထောက်အပံ့တွေက ဥပမာ UNHCRရဲ့ အကူအညီနဲ့ ပြန်တဲ့ ဒုက္ခသည်တွေက အကူအညီရရှိသော်လည်း သူတို့ ပြန်တဲ့အခါမှာ မထင်မှတ်တဲ့ ပညာရေး ကျန်းမာရေး စရိတ် တွေကုန်တယ်ပေါ့နော်။ များသောအားဖြင့် ကျမတို့ အင်တာဗျူးထဲမှာ အဲ့ဒါတွေပါတယ်။ သူတို့ ရတဲ့ ၆လစာ ကို တကယ်တမ်းသုံးလိုက်တဲ့အခါမှာ ၆ လစာက မကာမိဘဲ တစ်လစာလောက်ဘဲ ကာမိတယ်။ ခုနက ပြောတဲ့ မှတ်ပုံတင် ကိစ္စတွေ နှောင့်နှေးနေတာတွေ ရှိတယ်။ ကျမတို့ အင်တာဗျူးတဲ့အထဲမှာ UNHCRရဲ့ အစီအစဉ်နဲ့ ပြန်တဲ့သူတွေ ပါသလို ကိုယ့်အစီအစဉ်နဲ့ ပြန်တဲ့သူတွေလည်းပါတယ်။ IDPတွေလည်းပါတာပေါ့။ UNHCR အစီ အစဉ်နဲ့ ပြန်တဲ့ သူတွေ တောင်မှာ ဒီလို မှတ်ပုံတင်တွေ ရဖို့ ကြန့်ကြာနေတယ်။ အဲ့ဒါကြောင့်မိုလို့ ခုနက သူတို့ ပြောပြတဲ့ စီးပွားရေး လူမှုရေး နိုင်ငံရေး တွေမှာပူးပေါင်းပါဝင်ဖို့ အဟန့်အတားတွေ ဖြစ်နေတာပေါ့။ သူတို့ အနေနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ကလည်း အများကြီး စိန်ခေါ်မှုတွေ ရှိနေတာပေါ့။ ပြီးတော့ သူတို့ အနေနဲ့ ကျန်မာရေး ဆိုင်ရာ ဝန်ဆောင်မှုတွေက အဲ့မှာ အများကြီး မရှိနေဘူး။ တချို့နေရာဆိုရင် ဆေးခန်းတစ် လုံးပဲရှိတယ်။ သူတို့ နေတဲ့ နေရာနဲ့လည်း အရမ်းဝေးတယ်။ ကျန်းမာရေး ဝန်ဆောင်မှုတွေ ယူဖို့အတွက် သူတို့ ထိုင်းဖက်ကို ပြန်ကူးလာရတာမျိုးတွေရှိတယ်။ နောက်ပြီးတော့ ပညာရေးဘက်မှာလည်း အဲ့လိုပဲ ကလေး ကျောင်းသွားအပ်တဲ့ အခါမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ရရှိသင့်သလောက်တော့ ရရှိတယ် ဒီ UNHCR ရဲ့ အကူအညီနဲ့ပြန်တဲ့အခါမှာ။ ဒါပေမဲ့ သူတို့ အစီအစဉ်နဲ့ မပြန်တဲ့ ဒုက္ခသည်တွေ ဆိုလိုရှိရင် သူတို့ကြုံတွေ့ရ တဲ့ စိန်ခေါ်မှုတွေက UNHCRရဲ့အကူအညီနဲ့ ပြန်တဲ့ ဒုက္ခသည်တွေထက် ပိုပြီးတော့ များသေးတယ်။

မေး- လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် အခြေအနေတွေ အရ ဒုက္ခ သည်တွေက နေရပ်ပြန်ဖို့ သင့်တော်တဲ့ အချိန်ရောက်ပြီးလား။

ဖြေ – ဒုက္ခသည်တွေ ပြန်သင့် မသင့်ဆိုတာက ကျမတို့ တွေ့ရှိချက်တွေ ဖော်ပြထားချက်အရ မြေမြှပ်မိုင်းတွေ မပေါက် ကွဲသေးတဲ့ UXO တွေ ရှိနေတုန်းပဲ။ နောက်ပြီး စစ်တပ်တွေက သူတို့(ဒုက္ခသည်)တွေကို ပြန်နေရာချတဲ့ နေရာ အနီးအနားမှာရှိနေတုန်းပဲ။ နောက်ပြီးတော့ တပ်မဟာ (၅)မှာဆိုရင်လည်း တပ်မတော်နဲ့ တိုက်ခိုက်မှုတွေ ခနခန ဖြစ်နေတုန်းပဲ။ သူတို့ ပြန်ဖို့ ဆိုရင် ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့ဆက်သွားဖို့လိုအပ်တယ်။ တကယ် တမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့ ဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့လိုအပ်တယ်။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကိုလည်း ပြန်ကြည့်မယ်ဆိုရင် ဘယ်မှမသွားနိုင်သေးဘဲ တန့်နေတယ်။ မဖော်ဆောင်နိုင်သေးတဲ့ ကတိ ကဝတ်တွေလည်း အများကြီးရှိနေသေးတယ်။ ဒီအရာတွေ လုံလောက်မှသာလျှင် သူတို့ ပြန်သင့်တယ်။

မေး- တကယ်လို့ နောက်ထပ် ဒုက္ခသည်တွေ ပြန်ရအုံးမယ်ဆိုရင် သူတို့အတွက် ဘယ်လို အာမခံချက် တွေ လိုအပ်မလဲ။

ဖြေ – ကျမတို့ အစီရင်ခံစာအုပ်မှာဖော်ပြထားသလိုပဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း လုံခြုံမှု ရှိဖို့လိုအပ်တယ်။ သူတို့ပြန်သွားလို့ သူတို့ လုပ်ကိုင်စားသောက်ဖို့ မြေယာရှိမလား ဒါမှမဟုတ် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွင့်ပေးထားမလားပေါ့။ နေရပ်ပြန်တွေကို အင်တာဗျူးတဲ့အခါမှာ သူတို့လုပ်ကိုင်စားသောက်ဖို့ မြေယာတချို့ရရှိ တာမျိုးရှိတယ်။ဒါပေမဲ့ သူတို့မိသားစု စားဝတ်နေရေးအတွက် လုံလောက်မှုမရှိဘူး။ အလုပ်အကိုင် အခွင့် အလမ်း လည်းနည်းပါးတယ်။ ဒါကြောင့်မိုလို့ သူတို့အနေနဲ့ အသက်မွေးဝမ်းကျောင်းလုံခြုံမှုအတွက် စိတ်ပူ ရတာတွေ ရှိတယ်။ ဆိုတော့ သူတို့အတွက် ဒါတွေ အာမခံချက်ရှိမှ အလုပ်အကိုင် အခွင့်အလမ်း သော် လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းသော်လည်းကောင်း နောက်ပြီး သူတို့ ကလေးတွေရဲ့ ပညာရေး ကောင်းကောင်းမွန်မွန်နဲ့ သွားနိုင်ဖို့ မြန်မာပြည်ကို ပြန်ပြောင်းရွှေ့ အခြေချတာနဲ့ ပညာရေးကို တပြေးညီ ရနိုင်ဖို့ ကျန်းမာရေးဆိုလည်း လက်လှမ်းမီတဲ့ နေရာမှာ ရှိနေဖို့ လိုတယ်။ ဒါမှမဟုတ် ဒီလို အာမခံချက်တွေ မရှိရင် နေရပ်ကို ပြန်သွားလို့ရှိရင် တစ်နေ့ တစ်ချိန်ကျရင် IDPပဲ ထပ်ဖြစ်အုံးမှာပဲ Refugee ပဲ ထပ်ဖြစ်အုံးမှာပဲ။ ဒါကြောင့် သူတို့ ပြန်တဲ့အခါမှာ ဒီလို အာမခံချက်မျိုးတွေကို သေသေချာချာ ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ဒီအာမခံချက်တွေက သူတို့ ဘဝကို ပြန်လည်စတင် တည်ထောက်ဖို့ အရမ်းကို အရေးကြီးတဲ့ အချက်တွေ ပဲ ဖြစ်တယ်။

မေး- နောက်ထပ် နေရပ်ပြန်ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို တိုက်တွန်းအကြံပြုချင်သေးသလဲ။

ဖြေ – နေရပ်ပြန်တဲ့ ဒုက္ခသည်တွေ သူတို့ နေရပ်ပြန်တဲ့အခါမှာ လုံခြုံမှု ရှိဖို့နဲ့ ဂုဏ်သိက္ခာရှိဖို့ အရေးကြီးတယ်။ သူတို့ ပြန်တဲ့အခါမှာလည်း တန်းတူအခွင့်အရေး ရဖို့ လိုအပ်တယ်။ သူတို့ ပြန်ပြီးတဲ့နောက်ပိုင်း သူတို့ကို လက်ခံတဲ့ ဒေသ အာဏာပိုင်တွေက ခွဲခြားတာမျိုး နိမ်တာမျိုး မဖြစ်အောင် သူတို့ကို တန်းတူအခွင့်အရေး ရအောင် သေချာလုပ်ဆောင်ဖို့လိုတယ်။ သူတို့ပြန်တဲ့ ရပ်ရွာ community မှာ သဟဇာတဖြစ်ဖို့ ကောင်းကောင်း မွန်မွန်နေထိုင်နိုင်ဖို့ဆိုတာက ရပ်ရွာမှာရှိတဲ့ လူကြီးတွေက သေချာ လုပ်ပေးဖို့လိုတယ်။ ဥပမာ ဘယ်သူမှ သူတို့ကို မကြိုဆိုဘူး မဆက်ဆံဘူး နွေးနွေးထွေးထွေးမရှိဘူးဆိုရင် သူတို့ စိတ်ထဲမှာလည်း ပြန်လာရတာ တစ်မျိုးဖြစ်နေမှာပေါ့။ ဒါကြောင့် ဖေးမမှုတွေ အကူအညီတွေ တန်းတူ အခွင့်အရေးတွေနဲ့ ရပ်ရွာနဲ့ သဟ ဇာတကျကျ ပြန်လည်ပေါင်းစည်နေနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေနဲ့ ဖော်ဆောင် ပေးဖို့ လိုတယ်။

စအိုင်ဆူး (KIC) – တွေ့မေးသည်။

 

Share me now!