29 March 2024 /

See today's Peace Related News

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ရသေ့တောင်မြို့နယ် အောင်စည်ကုန်းရွာမှ ကလေးတစ်ဦး ဒဏ်ရာရ

၁၃ စက်တင်ဘာ ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်စည်ကုန်း ကျေးရွာတွင် စက်တင်ဘာ ၁၁ ရက် နေ့လည် (၂) နာရီခွဲက ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

တပ်မတော် ရေယာဉ် ၂ စီးသည် မယူမြစ်ကြောင်းအတိုင်းသွားနေစဉ် အနီးနားကျေားရွာများကို လက်နက်ကြီးငယ်များဖြင့် လှမ်းပစ်မှုများရှိခဲ့ကြောင်း ဒေသခံကျေးရွာသားများက ပြောဆိုကြသည်။

ယင်းနောက် လက်နက်ကြီးကျည်တစ်လုံးမှာ အောင်စည်ကုန်းကျေးရွာအတွင်းက ဦးမောင်ရွှေသိန်းနေအိမ် သစ်ပင်ပေါ်မှတစ်ဆင့် ကျရောက်လာပြီး နေအိမ်တွင် ရှိနေသည့် ကလေးထံသို့ ကျည်စထိမှန်ကာ ဒဏ်ရာရှိသွားခြင်းဖြစ်ကြောင်း ဒဏ်ရာရသူ ကလေး၏ ဖခင် ဦးမောင်ရွှေသန်းက ပြောသည်။

ယင်းသို့ ထိမှန်ခဲ့မှုကြောင့် မောင်ပြည့်စုံအောင်မှာ ဘယ်ဘက် လက်မောင်းနှင့် ပခုံးအရိုးတို့တွင် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် စေတီပြင်တိုက်နေ ဆေးရုံတွင် ဆေးကုသနေရကြောင်း ဦးမေ%Aင်ရွှေသန်းက ဆက်ပြောသည်။

“ အရိုးကိုထိသွားတဲ့အတွက် ဓာတ်မှန်ရိုက်မယ်။ ဒီစေတီပြင်ဆေးရုံမှာက ဓာတ်မှန် ရိုက်စက်မရှိဘူးလေ။ အဲတာကြောင့် စစ်တွေဆေးရုံးကိုသွားရမယ် ” ဟု ဖခင်ဖြစ်သူက ဆိုသည်။

အောင်စည်ကုန်းကျေးရွာမှာ အိမ်ခြေ (၁၆၅) ဆောင်ရှိပြီး မယူမြစ်အနောက်ဖက်ကမ်းတွင် တည်ရှိသည်။ အလားတူ စက်တင်ဘာ ၁၁ရက်နေ့ ပစ်ခတ်မှုအတွင်း မယူမြစ်အရှေ့ဘက်ကမ်းရှိ ခနောင်းကြီးကျေးရွာတွင် နေအိမ်အချို့ပျက်စီးကာ နွားနှစ်ကောင်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများက ဆိုသသည်။

ထို့အပြင် ရွာသစ်ကေကျေးရွာသို့ ပစ်ခတ်မှုများရှိခဲ့သည့်အတွက် ရွာသားများမှာ ဗုံးခိုကျင်းထဲတွင် ပုန်းနေခဲ့ပြီး လက်နက်ကြီးကျည်ကျရောက်မှုကြောင့် နေအိမ်နှစ်ဆောင်ပျက်စီး သွားခဲ့ကြောင်း ရွာသစ်ကေ ကျေးရွာမှ ကိုအောင်ဆန်းလှိုင်က ပြေသည်။

“ ၂ နာရီလောက်ကလက်နက်ကြီး တွေနန့်ပစ်တာပါ။ အချက် ၂၀ကျော် လောက်ပစ်တာ။ တောင်ထက်မှာ ကလေး တစ်ယောက်နှစ်ယောက် လိုင်းသုံးနေကြတာကို တွေ့လို့ တပ်မတော်က လူတွေက လက်နက်ကြီး တွေနန့်ပစ်ကြတာ။ နေအိမ်တွေလည်း ပျက်စီးတယ် အပင်တွေလည်း ကျိုးတယ် ” ဟု ကိုအောင်ဆန်းလှိုင်က ဆိုသည်။

၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ရဲရင့်အောင်အား DMGမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ကိုဗစ်ကာဖြစ်သော်လည်း ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်မှ ပစ်ခတ်မှုများမှာ နေ့တိုင်း ရှိနေကြောင်း ရသေ့တောင်မြို့မှ စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ကိုဘက္ကာ ကပြော သည်။

ခိုင်ရိုးလ (DMG) – ရေးသည်။