“ဒီစစ်ပွဲကြီး နောက်ထပ် ငါးနှစ်ဖြစ်မယ်ဆိုလို့ရှိရင် ကလေးတွေက ငါးနှစ်ကျောင်းနောက်ကျမယ်။ ဆိုတော့ ကလေးတွေက ဆယ်တန်းရောက်ရမယ့်ဟာကို ငါးတန်းနဲ့သာ အပြင်ဘက်ရောက်သွားရင်၊ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ သိန်းဂဏန်းရှိတဲ့ ကလေးတွေဟာ အတန်းပညာမရှိတော့ဘဲကြီးလာရင် သူတို့ရဲ့ အနာဂတ်ကလည်း အများကြီး ပြဿနာရှိတယ်” ဒေါက်တာမင်းဇော်ဦး (ဒါရိုက်တာ ၊ MIPS)

0
383

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျူမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးနှင့် အင်တာဗျူး

၈ စက်တင်ဘာ ၂၀၂၀

ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားနေသည်မှာ နှစ်နှစ်အချိန်ခန့်ကြာမြင့်လာနေသည်။ ယင်းတိုက်ပွဲ၏ အကျိုးဆက်အဖြစ် ဒေသခံ နှစ်သိန်းကျော်မှာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများတွင် ဒုက္ခသည်အဖြစ် ခှိုလှုံနေကြရသည်။ အစိုးရဘက်မှ AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် AA ပါဝင်လာခြင်းကို မတွေ့ရပေ။ ယင်းကြောင့် လက်ရှိ ကိုဗစ်ကာလမှာတောင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်90န့်သွားခြင်းမရှိပဲ ဒေသခံများမှာ သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့ နေတိုင်းရှိနေသည်။ ယင်းသို့ရခိုင် စစ်ရေးပဋိပက္ခများနှင့် ပတ်သက်ပြီး လက်ရှိတိုက်ပွဲအခြေနေ၊ ရခိုင်ငြိမ်းချမ်းရေးအလာနှင့် ဒေသခံများ အကျိုးသက်ရောက်တို့အပေါ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး၏ သဘောထားအမြင်၊ သုံးသပ်ချက်များကို သတင်းထောက် ခိုင်ရိုးလက တွေ့ဆုံ‌မေးမြန်းထားသည်။

မေး – AA နဲ့ တပ်မတော်နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိပါသလဲ။

တပ်မတော်နဲ့ AA တို့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေရဲ့ရိုက်ခတ်မှုက မြောက်ပိုင်းက အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုမှာတော့ တစ်စုံတစ်ရာ သက်ရောက်မှုရှိပါတယ်။ အခုက ဒီတိုက်ပွဲတွေ ဆက်ရှိနေခြင်းကြောင့် ဒီတစ်ခြားအဖွဲ့တွေနဲ့ ညှိနှိုင်းအခါမှာ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုတော့ သက်ရောက်မှုရှိနိုင်တယ် ဆိုပေမယ့်လည်း ဘယ်လောက်ထိ သက်ရောက်လဲ ဆိုတာကိုတော့ အတိကျ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ အခု FPNCC က တစ်ဘက်ကလည်း အားလုံးနဲ့ ဆွေးနွေးမယ်ဆိုတဲ့ လမ်းကြောင်းကို ဖွင့်ထားပေမယ့် တစ်ဘက်က Bilateral ဆွေးနွေးမှုတွေ လုပ်တာတွေရှိပါတယ်။ ဒီလို Bilateral ဆွေးနွေးမှုတွေ အားကောင်းလာရင်တော့ ပုံစံတစ်မျိုးပြောင်းသွားနိုင်ပြီး Bilateral ဆွေးနွေးမှုတွေ အားမကောင်းဘူးဆိုရင်တော့ AA နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေက တစ်စုံတစ်ရာတော့ သက်ရောက်မှုရှိပါတယ်။

မေး – တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြည်သူလူထု ထိခိုက်မှုတွေကို ဘယ်လိုဆောင်ရွက်သင့်လဲ။

ပြည်သူလူထုကို အကာအကွယ်ပေးနဲ့ပတ်သက်ပြီးတော့ NCA မှာ တော်တော်များများ ပြည့်ပြည့်စုံစုံ ရေးသားထားတာရှိတယ်။ ဆိုတော့ NCA ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နေသရွေ့ ပြည်သူလူထုကို အကာအကွယ်ပေးရေးက အပစ်အခတ်ရပ်စဲထားတဲ့ နေရာတွေမှာ ရှိနေပါတယ်။ သို့သော် အပစ်အခတ်မရပ်၊ NCA မသက်ရောက်တဲ့ နေရာတွေမှာတော့ အကောင်အထည်ဖော်ဖို့ ခက်ပါတယ်။ အဲဒီအတွက်ကတော့ ပြည်သူလူထု ထိခိုက်မှုကို နည်းနိုင်သရွေ့နည်းအောင် အပစ်အခတ်ရပ်စဲရေးကို လုပ်နိုင်ဖို့ လိုပါလိမ့်မယ်။ အပစ်အခတ်တိုက်ခိုက်မှုတွေ ရှိနေသမျှတော့ ပြည်သူလူထု ထိခိုက်မှုတွေ ဆက်ရှိနေမှာ ဖြစ်တဲ့ အတွက် အပစ်အခတ်ရပ်စဲဖို့ လိုတာပါ။

မေး – တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြားမှာ တိုက်ပွဲတွေလျော့သွားအောင် ဘယ်လိုလုပ်ဆောင်သင့်လဲ။

နယ်မြေမသတ်မှတ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ နှစ်ဘက်တပ်တွေ ထိတွေ့မှုတွေက ပိုများလာတယ်။ ထိတွေ့မှု တိုက်ပွဲတွေများလာလေလေ လူအသေအပျောက် ဒဏ်ရာရမှုတွေ များလာလေလေဆိုတော့ ယုံကြည်မှု တည်ဆောက်ဖို့အတွက်လည်း အခက်အခဲတွေ ရှိလာနိုင်တယ်။ ဒါကြောင့်မို့ နယ်မြေသတ်မှတ်ခြင်းမရှိတဲ့ နေရာတွေမှာ နှစ်ဘက်တပ်တွေ ဘယ်လိုမျိုး စုဖွဲ့လှုပ်ရှား သွားလာကြမလဲဆိုတာကို နှစ်ဘက်တပ်တွေ ညှိနှိုင်းပြီးတော့ လုပ်နိုင်ဖို့ လိုပါတယ်။ ဒီလိုလုပ်နိုင်မှလည်း တိုက်ပွဲတွေကို လျော့ချလို့ရမယ်။ တိုက်ပွဲတွေရှိရင်တော့ ယုံကြည်မှုတည်ဆောက်မှုကတော့ မရနိုင်ပါ။

မေး – ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ညီလာခံမှာ မြောက်ပိုင်းအဖွဲ့တွေလည်း မပါခဲ့ဘူးဆိုတော့ ရှေ့မှာ တိုက်ပွဲတွေ အလားအလာကိုလည်း သုံးသတ်ပေးပါဦး။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို သူတို့ လာတက်ခြင်းမတက်ခြင်းကတော့ မြေပြင်မှာ ရှိနေတဲ့ တိုက်ပွဲတွေနဲ့တော့ တိုက်ရိုက်တော့ မဆိုင်ဘူး။ အရင်တုန်းကလည်း လာတက်ပြီးတော့ တိုက်ပွဲတွေဖြစ်ကြတာပါပဲ။ အဲဒီတော့ ဒီညီလာခံမှာကလည်း တကယ်တမ်းတော့ လာတက်တာကလည်း အစိုးရလုပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လာအားပေးသွားတယ်ဆိုတဲ့ သဘောလောက်ပဲ ရှိပါတယ်။ ဒီညီလာခံမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက သူတို့ကိုယ်တိုင် ဆွေးနွေးခွင့်ရတဲ့ ကိစ္စတွေမဟုတ်ဘူး။ သူတို့ သဘောတူထားတဲ့ ကိစ္စတွေမဟုတ်တဲ့ အတွက်ကြောင့်မို့လို့ သူတို့လာတက်ခြင်း၊ မတက်ခြင်းကတော့ သူတို့နဲ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တိုက်ရိုက်ကြီးတော့ ထိခိုက်စရာ မရှိပါဘူး။ နောက်တစ်ခုကလည်း မြေပြင်မှာရှိတဲ့ တိုက်ပွဲတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူး။

မေး – AA ကို အစိုးရက အကြမ်းဖက်အဖွဲ့ အဖြစ်သတ်မှတ်ထားတဲ့ အတွက် အစိုးရနဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ဆွေးနွေးမှုကိုရော အဟန့်အတားဖြစ်နိုင်မလား။

အဲဒါကို ကျွန်တော်တို့သိသလောက်ကတော့ ဒီညီလာခံကို မဖိတ်တာတော့ရှိတယ်။ AA နဲ့ မဆွေးနွေးတော့ဘူးလို့ အစိုးရဘက်၊ တပ်မတော်ဘက်က ထုတ်ပြန်ထားတာတော့ မရှိသေးဘူး။ ကျွန်တော်တို့ နားလည်တာကတော့ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတယ်။ သို့သော်လည်း တွေ့ဆုံဆွေးနွေးမှုတွေ ဆက်ပြီးတော့ လုပ်မယ်ဆိုတဲ့ အနေအထားတော့ ရှိပါတယ်။

မေး – ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အင်အားကြီးအဖွဲ့၊ အင်အားငယ်အဖွဲ့တွေ ဘာကြောင့် ပါဝင်မလာတာလဲ။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာတော့အင်အားကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အားလုံးပါဝင်လာတာကောင်းတာပေါ့။ ဒါပေမယ့်လည်း နိုင်ငံတကာဖြစ်စဉ်တွေအရ ကြည့်မယ်ဆိုလို့ဆိုရင် အားလုံးပါဝင်ရေးဆိုတာက ရှားပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် အများစုမှာတော့ တစ်ဖွဲ့နဲ့ အဆင်ပြေရင် တစ်ဖွဲ့နဲ့ အရင်သွားဆိုတဲ့ ပုံစံမျိုးတွေရှိတယ်။ မြန်မာပြည်မှာလည်း အဲလိုပုံသဏ္႑ာန်မျိုးဖြစ်ဖို့ ပိုများနေတယ်။

မေး – ရခိုင်တိုက်ပွဲတွေအပေါ်မှာ တပ်မတော်က ဘယ်လိုပုံစံမျိုး ချဉ်းကပ်နေတာတွေ့ရသလဲ။

ခုလောလောဆဲ အနေအထားကတော့ တပ်မတော်က ချဉ်းကပ်တဲ့ပုံစံကလည်း ရခိုင်ပြည်မှာ အချိန်တိုတိုအတွင်းမှာ ခြယ်မှုန်းတိုက်ခိုက်မယ်ဆိုတဲ့ ပုံစံမျိုးထက် အခုဆိုလို့ရှိရင် ရေရှည်ကိုင်တွယ်မယ့် ပြဿနာမျိုးကိုင်တွယ်တယ် ဆိုတဲ့သဘောမျိုးတွေ့ရတယ်။ ဒါကိုကြည့်မယ်ဆိုလို့ရှိရင် ရခိုင်မှာ တိုက်ပွဲတွေက ဆက်ရှိနေမယ်။ ပြင်းထန်တာ၊ မပြင်းထန်တာပဲကွာမယ်။ အဓိကအရေးကြီးဆုံးကတော့ AA နဲ့ အစိုးရကြားမှာ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရရှိဖို့ လမ်းကြောင်းက ပွင့်နေဖို့လိုတယ်။ အခုကတော့ အစိုးရက အကြမ်းဖက်အဖြစ် ကြေငြာထားပေမယ့်လည်း ဆွေးနွေးရေးလမ်းကြောင်းက မပိတ်ထားဘူး။ ဒါကြောင့် နှစ်ဘက်ဆွေးနွေးမှု သဘောတူညီမှုတွေ ရခဲ့ရင် ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ အတွက် လမ်းစတွေ ပွင့်သွားနိုင်တယ်။

မေး – AA က ဝလိုမျိုး ပြည်နယ် မျှော်လင့်ချက်တွေရှိနေတယ်။ ဒါက ဖြစ်လာနိုင်မလား ဘယ်လိုပြောလို့ရလဲ။

ဝ လိုမျိုးဖြစ်ဖို့ဆိုတာက ဒီနယ်မြေကို လက်နက်ကိုင်ပြီး စိုးမိုးရဖို့လိုတယ်။ ဆိုတဲ့သဘောက အဲဒီရခိုင်ပြည်နယ်မှာ ရှိတဲ့ အစိုးရတပ်တွေကို တိုက်ထုတ်ဖယ်ရှားပြီးမှ စိုးမိုးလို့ရမှာ။ ဝနဲ့ မတူတာက အခု UWSA ဌာနချုပ် ပန်ဆန်းဆိုတာ ဘယ်တော့ကမှ အစိုးရရောက်ခဲ့တဲ့ နေရာလည်းမဟုတ်။ သိမ်းပိုက်နိုင်ခဲ့တဲ့ နေရာလည်းမဟုတ်ဘူး။ ဝက ဟိုးအစဉ်အဆက် ဗမာပြည်ကွန်မြူနစ် ပါတီ လက်ထက်ကတည်းက သူတို့ အခြေချနေထိုင်ခဲ့တဲ့ နေရာပေါ့။ အဲဒီတော့ သူတို့ရှိတဲ့နေရာမှာ သူတို့ အုပ်ချုပ်ရေး ယန္တယားတည်ဆောက်တယ်။ အပစ်အခတ်ရပ်စဲရေးမှာလည်း ဒီနေရာတွေကို ထိန်းချုပ်နိုင်တယ်။ ရခိုင်ပြည်နယ်ကို ကျတော့ စစ်ရေးအရ တောက်လျှောက် တပ်မတော်အုပ်ချုပ်ခဲ့တဲ့ နေရာတွေဖြစ်နေတယ်။ အဲဒီနေရာကိုသာ AA အနေနဲ့ ဝ လိုမျိုး အုပ်ချုပ်ရေး အာဏာတည်ဆောက်မယ် ဆိုလို့ရှိရင်တော့ ဒီတပ်မတော်ကို ဖယ်ရှားရမှရမှာ၊ အဲဒီအတွက် အခက်အခဲတွေ အများကြီးရှိပါလိမ့်မယ်။

မေး – အခုရခိုင်နဲ့ ချင်းဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်သူတို့အတွက် ဘယ်လောက်အထိ ဆုံးရှုံးနစ်နာမှုတွေ ရှိနေလဲ။

စစ်ဘေးရှောင်ဒုက္ခသည်လို့ပြောလို့ ရှိရင် လက်ရှိမျိုးဆက်တစ်ခုလုံးကိုပြောလို့ မရတော့ဘူး။ စစ်ဘေးရှောင်ရပြီးဆိုရင် ဒုက္ခတွေကို နောင်မျိုးဆက်အထိတောင် ခံရတာ။ အခု ရခိုင်မြောက်ပိုင်းမှ ကျောင်းတွေပိတ်ရတယ်။ ကလေးတွေကျောင်းမသွားနိုင်ကြဘူး။ ဆိုတော့ ကလေးတွေရဲ့ အနာဂတ်က တော်တော်ကို အခက်အခဲရှိလာနေပြီ။ ဒီစစ်ပွဲကြီး နောက်ထပ် ငါးနှစ် ဖြစ်မယ်ဆိုလို့ရှိရင် ကလေးတွေက ငါးနှစ်ကျောင်းနောက်ကျမယ်။ ဆိုတော့ ကလေးတွေက ဆယ်တန်းရောက်ရမယ့်ဟာကို ငါးတန်းနဲ့သာ အပြင်ဘက်ကိုရောက်သွားရင် ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ သိန်းဂဏန်းရှိတဲ့ ကလေးတွေဟာ အတန်းပညာမရှိတော့ဘဲကြီးလာရင် သူတို့ရဲ့ အနာဂတ်ကလည်း အများကြီး ပြဿနာရှိတယ်။ ဒါကြောင့်မို့လို့ စစ်ဘေးရှောင်ကို စဉ်းစားတဲ့ အခါမှာ စားဝတ်နေရေး တစ်ခုတည်းနဲ့ စဉ်းစားလို့မရဘူး။ ဆန်ပေး၊ ဆီပေး တစ်ခုတည်းမဟုတ်ပဲ သူတို့ကို စနစ်တကျနဲ့ စစ်ဘေးရှောင်စခန်းတွေ လုပ်ပေးဖို့လိုတယ်။ အဲဒီအပေါ်မှာလည်း တစ်ခုရှိတာကတော့ စစ်ဘေးရှောင်တွေကလည်း အစိုးရထားတဲ့ နေရာမှာမနေဘူး။ ကျွန်တော်တို့ နေချင်တဲ့ နေရာမှာပဲနေမယ်။ ဆိုရင််လည်း အစိုးရဘက်က လုပ်ရတာ အခက်အခဲရှိတယ်။ အဲဒီတော့ စစ်ဘေးရှောင်တွေ အတွက် စဉ်းစားတဲ့ အခါမှာ သူတို့ရဲ့ စားဝတ်နေရေး တစ်ခုတည်းမဟုတ်ပဲနဲ့ သူတို့ရဲ့ မျိုးဆက်သစ်ကလေးတွေ အရေးကိုလည်း အများကြီးထည့်သွင်း စဉ်းစားပေးဖို့ လိုလိမ့်မယ်။ အဲဒီတော့ ဆန်ပေး၊ ဆီပေး တောင်မကဘူး သူတို့ကျောင်းတက်နိုင်ဖို့အတွက် စာသင်ကျောင်းတွေ ဒုက္ခသည်စခန်းတွေမှာ ဖွင့်လှစ်နိုင်ဖို့လိုတယ်။

မေး – ရခိုင်စစ်ပွဲက နိုင်ငံတကာရဲ့ အကျိုးစီးပွားပါဝင်ပတ်သက်နေတယ်လို့ ဝေဖန်နေကြတာရှိတယ်။ အဲဒီအပေါ်မှာ ဆရာ့ အမြင်ကို သိပါရစေ။

ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အချက်အလက်အရထက် သီအိုရီအလိုက် တရုတ်က အိန္ဒိယမို့လို့ လုပ်တယ်။ တရုပ်က AA ကိုပေးတယ်ဆိုတာတော့ ပြောနေကြတာရှိတာပေါ့။ ဒါပေမယ့်လည်း အတုံးလိုက်အတစ်လိုက် ဖော်ပြဖို့ ဘယ်သူကမှ မတွေ့သေးဘူးပေါ့နော်။ စိတ်ဝင်စားဖို့ကောင်းတဲ့ဟာကတော့ တရုတ်နယ်စပ်ကိုအခြေခံထားတဲ့ ဝ ကနေပြီးတော့ FPNCC ဥက္ကဌဖြစ်တယ်။ အဲဒီမှာ AA ပါတယ်။ AA ကိုယ်၌ကလည်း KIA မှာနေသလိုပဲ ပန်ဆန်းမှာလည်း စစ်သင်တန်းတို့ တက်နေတာရှိတယ်။ ပြီးတော့ သူ့ရဲ့ရုံးတွေ ကန္နားတွေရှိတယ်ဆိုတာလည်း သတင်းတွေလည်း ထွက်လာတယ်။ ဆိုတော့ အဲဒီနောက်မှာ တရုတ်က ဘယ်လောက် တရားဝင်ပါလဲ၊ မပါလဲဆိုတာကိုတော့ ဖြစ်နိုင်ခြေလည်းရှိနိုင်သလို၊ တစ်ဘက်က သက်သေ သာဓကနဲ့ ငြင်းမယ်ဆိုလည်း ငြင်းဖို့ခက်တယ်။ သက်သေ သာဓက မတွေ့ဘူးပေါ့နော်။

နောက်ပြီး ဗမာပြည်ကွန်မြူနစ်ခေတ်တုန်းက တရုတ်က လက်နက်စက်ရုံတွေဘာတွေ လာလုပ်ထားတာရှိတယ်။ နောက်တစ်ကို ကျွန်တော်တို့က ကြည့်မယ်ဆိုရင် ထိုင်းနယ်စပ်မှာ ရှိတဲ့ အဖွဲ့နဲ့ တရုတ်နယ်စပ်မှာ ရှိတဲ့ အဖွဲ့တွေနဲ့ ယှဉ်ပြီးကြည့်လိုက်မယ်ဆိုရင် ထိုင်းနယ်စပ်မှာရှိတဲ့ KNU လိုဟာမျိုးတောင် လက်နက်စက်ရုံမရှိခဲ့ဘူး။ တရုတ်နယ်စပ်မှာ ရှိတဲ့ အဖွဲ့တွေထဲမှာ KIA ဆိုရင်လက်နက်စက်ရုံရှိတယ်။ ဝ မှာဆိုရင်လည်းရှိတယ်။ အရင်တုန်းကဆိုရင် ကိုးကန့်မှာရှိတယ်ပေါ့နော်။ အဲဒီတော့ ဒီတရုတ်နိုင်ငံကနေပြီးတော့ လက်နက်ခဲ့ယမ်း မီးကျောက် ဝယ်ယူရုံမကဘူး။ လက်နက် ခဲယမ်းတွေလုပ်လို့ ရတဲ့ ပစ္စည်းတွေကို အလွယ်တကူနဲ့ ရနေတယ်ဆိုတာကိုတော့ ငြင်းလို့မရဘူး။ ဒီအပေါ်မှာ တရုတ်အစိုးရရဲ့ ပေါ်လစီကတော့ မထောက်ပံ့ဘူးဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် မြေပြင်မှာတော့ ဒီလိုပစ္စည်းတွေ သူတို့ဆီကို အလွယ်တကူ သူတို့လက်ထဲကိုရောက်နေတာကိုတော့ တွေ့ရတယ်။ အဲဒီမှာတော့ ကွာဟချက်တွေ ရှိနေတာကိုတော့ တွေ့ရတယ်။

မေး – ရခိုင်မှာတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဆရာအနေနဲ့ ဘယ်လိုစိုးရိမ်မှုတွေ ရှိပါသလဲ။

အခုကျွန်တော်တို့က ဘာဖြစ်နေကြလဲဆိုတော့ ငါတို့တွေ ဖွံ့ဖြိုးမှုနိမ့်ကျတယ်။ ငါတို့ အနှိမ်ခံရလို့ ဆိုပြီးတော့ စစ်တိုက်မယ် ဆိုတဲ့ဟာက ဘာနဲ့တူလဲဆိုတော့ ကင်ဆာဖြစ်တဲ့ဟာကို အက်ဆစ်လောင်းပြီး ကုသလိုပဲ။ ရောဂါပိုဆိုးလာဖို့ပဲ ရှိတယ်။ အခုဆိုလို့ရှိရင် ဘာပဲပြောပြောပြော ရခိုင်ပြည်သူလူထုမှာ မကျေနပ် ချက်တွေများတယ်။ ဒါတွေကလည်း အင်မတန်မှ သဘာဝကျတယ်။ ဥပမာ ရခိုင်ဆိုတာ အရင်တုန်းက အင်္ဂလိပ်လက်ထက်တုန်းကတောင် အင်မတန်မှ စီးပွားရေး အချက်အချာကျတဲ့ နေရာတွေဖြစ်ခဲ့တယ်။ အဲဒီလိုနေရာ မျိုးတွေမှာ တိုင်းပြည်ရဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုမှာ ပါလာတယ်ဆိုတော့ အဲဒီ နိမ့်ကျမှုတွေအတွက် ရခိုင်လူထုကြားထဲမှာလည်း အများကြီး ခံစားချက်တွေ ရှိတယ်။ ဒီလို ခံစားချက်တွေကို လက်နက်ကိုင် ပဋိပက္ခတွေအပေါ်မှာ ခံစားချက်အတွက် ကုစားတယ်ဆိုရင်လည်း လက်နက်ကိုင် ပဋိပက္ခတွေရှိသရွေ့ ဒီခံစားချက်တွေက ပိုများလာဖို့ပဲရှိနေတယ်။ အခုဆိုလို့ရှိရင် ကိန်းဂဏန်းတွေအရ ကြည့်လိုက်မယ်ဆိုလို့ ရှိရင် ရခိုင်ပြည်မှာ ဆန်ထွက်တဲ့ နှုန်းက အရမ်းကျသွားတယ်။ ဆိုတဲ့သဘောက သူ့ရဲ့ဓနအင်အားက ကျသွားတယ်။ အခုဆိုရင် ရခိုင်မြောက်ပိုင်း စစ်တွေလိုနေရာမျိုးက ပိုက်ဆံရှိတဲ့ လူတွေလည်း စစ်တွေမှာ မနေကြတော့ဘူး။ ရန်ကုန်ကိုပြောင်းကြတယ်။ သူ့ရဲ့ ရင်နှီးမြှုပ်နှံမှုအင်အား၊ ဓနအင်တားတွေ ထွက်ပြေးတဲ့ သဘောပဲ။ နောက်တစ်ခုက အခုစစ်ပွဲတွေ ရှိနေတဲ့အတွက်မို့ ရေလုပ်ငန်းတို့ ဟာ အင်မတန်မှ ရခိုင်မှာ အလားအလာရှိနေတဲ့ လုပ်ငန်းမျိုး၊ အဲလုပ်ငန်းမှာလည်း ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေလည်း မလာတော့ဘူး။ အဲလိုဆိုလို့ရှိရင် ဒေသမှာရှိတဲ့ဝင်ငွေတွေ အများကြီး ဆုံးရှုံးမှုတွေ ရှိတယ်။

နောက် အခု ကလေးတွေ ကျောင်းမတက်ရဘူးလို့လည်း ဖြစ်လာနေတယ်။ အဲဒီတော့ စစ်တိုက်နေတဲ့သူတွေ စစ်တိုက်တဲ့ အရွယ်တွေ အသက် ၁၅၊ ၁၆ ကနေ ၃၀၊ ၃၅ အရွယ် ထိကလည်း စစ်တိုက်ကြတယ်။ ဆိုတဲ့သဘောက သူတို့လည်း လယ်အလုပ်အပြင် တခြားအလုပ်တွေ မလုပ်နိုင်တော့ဘူး။ အဲဒီလူတွေက မိသားစုအတွက် ဝင်ငွေတွေ ရှာပေးရမယ့် အရွယ်မှာ စစ်သွားတိုက်နေရတော့ အဲဒီလူတွေ လုပ်အားမရှိတော့ မိသားစုတွေအတွက် ပိုပြီးတော့ ဝင်ငွေအခက်အခဲဖြစ်တယ်။ ဆင်ရဲမှုတွေ ပိုများလာတယ်။ အဲဒီ Generaction (မျိုးဆက်) က နောက်ဆုံးစစ်ပွဲတွေ ရပ်သွားပြီဆိုရင်တောင် မိုင်းထိ၊ လက်နက်ထိပြီး အကျိုးအကန်းတွေ ထောင်နဲ့ချီဖြစ်လာမယ်။ ဒီလက်နက်ကိုင် ပဋိပက္ခဆိုတာက နောက်ပြီး စိတ်ဝေဒနာတွေ အများကြီးပေးတယ်။ ပြီးသွားရင်တောင် စိတ်ဝေဒနာတွေ အများကြီးကျန်နေခဲ့တယ်။ ဒီလူတွေက လက်နက်မကိုင်တော့တဲ့ အချိန်မှာတောင် ဘဝကို ထူထောင်ဖို့ခက်သွားပြီ။ နောက်မျိုးဆက်မှာ ခံစားချက်တွေနဲ့ ဒါကြောင့် မျိုးဆက်တစ်ခု ပျက်သွာမယ်ဆိုတဲ့ သဘော။ နောက်ပြီး အနာဂတ် Generaction တက်လာမယ့်ကလေးတွေတောင် သူတို့ တကယ်အလုပ်လုပ်မယ့် အရွယ်ကို ရောက်လာမယ်ဆိုရင်တောင် ဥပမာ ရှိသင့်ရှိထိုက်တဲ့ ပညာအရည်အချင်းမရှိဘူး။ အဲဒီတော့ သူတို့ အလုပ်ကိုယ်စီဝင်တဲ့ အခါမှာ သူများတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ ခက်တယ်။ သဘောကတော့ ရခိုင်မှာ ဆင်းရဲတွင်းနက်တာ ဟုတ်တယ်။ ဒါပေမယ့် လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ အတွက်ကြောင့် ဆင်းရဲတွင်းပိုနက်သွားပြီ။ နောက်လာမည့် မျိုးဆက်အတွက်ပါ ခက်ခဲသွားစေတယ်။ အဲဒီအကျိုးဆက်က ပိုပြီးကြီးတယ်။ ဘယ်လောက်ထိလဲဆိုတာတော့ ပြောဖို့ခက်တယ်။ ဒါကြောင့် အခုမြင်နေရတာတော့ မျိုးဆက်အလိုက် ခံစားရမှာ အဲဒီပြဿနာတွေက ဟိုတုန်းက ကရင်ပြည်နယ်မှာ အများကြီးကြုံခဲ့ရပြီ။ အခုရခိုင်မှာ ဒီလိုမျိုးမြင်လာရတော့ စိတ်မကောင်းပါဘူး။

ခိုင်ရိုးလ (DMG) – တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here