အနာဂတ် ဒီမိုက‌ရေစီဖက်ဒရယ်နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရရှိရေး ဆန္ဒတစ်စုံ

၁၄ စက်တင်ဘာ ၂၀၂၀

အနာဂတ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟု ဆိုလျှင် တိုင်းရင်းသားများ၏ ပြင်းပြသော ဆန္ဒတစ်စုံသည် ပြည်နယ်အခြေခံဖွဲ့စည်းပုံဥပဒေရရှိရေးပင်ဖြစ်သည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား မကျေလည်ဘဲ ပြည်ထောင်စု သဘောတူညီချက်၏ အစိတ်အပိုင်း(၃)မှာ ထည့်သွင်းမချုပ်ဆိုနိုင်ခဲ့ခြင်းက ‌‌ဝေါဟာရ အငြင်းပွားမှုလား အနှစ်သာရအငြင်းပွားမှုလားဆိုသည်ကို ပိုပြီး နက်နက်နဲနဲ စဉ်းစားရမည့် အချက်ဖြစ်ပါသည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရရှိရေးအချက်သည် တိုင်းရင်းသားများ နှစ်ပေါင်း (၇၀) ကျော်တောင်းဆိုလာသည့် ဖက်ဒရယ် အခြေခံမူထဲတွင် အရေးကြီးဆုံးဖြစ်ပြီး လက်နက်ကိုင် တော်လှန်နေရခြင်း၏ အဓိကအကြောင်းအရင်း တစ်ရပ်လည်းဖြစ်သည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲဖို့ဆိုတဲ့ အခြေခံမူဟာ ငြိမ်းချမ်းရေး သော့ချက်ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့် ၂၀၂၀ခုနှစ် သြဂုတ်လ (၁၇) ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအ‌ဝေးအပြီးတွင် သတင်းစာရှင်း လင်းပွဲတွင် ပြောခဲ့သည်။ ၄င်းသည် မြန်မာ့ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုတွင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ခေါင်းဆောင်လည်းဖြစ်ပြီး UPDJC ၏ ဒုတိယ ဥက္ကဌ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒုတိယ ဥက္ကဌလည်း ဖြစ်သည်။

ပြီးခဲသည့် သြဂုတ်လ ၂၁ ရက်နေ့က အစိုးရ၊ တပ်မတော်၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၀)ဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့တို့ပါ၀င် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)သည် ၂၀၂၀ခုနှစ် အလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆက်လက် အကောင်အထည်ပေါ်လာရန် အုတ်မြစ်ချ‌ပေးနိုင်ခဲ့သည်ဟု ကောင်းသောအမြင်နှင့် ကြည့်၍ ပြောနိုင်သည်။ သို့သော် အခြားတစ်ဘက်တွင်လည်း တိုင်းရင်းသားများ လိုလားသည့် ပြည်နယ်ဖွဲ့ စည်းပုံအခြေခံ ဥပဒေဆိုသည့် ‌ေဝါဟာရကိုပင် အစိုးရ၊ တပ်မတော်တို့ဘက်က လက်မခံဘဲ သဘောစာချုပ်မှာ ထည့်သွင်း မချုပ်ဆိုနိုင်ခဲ့ခြင်းအပေါ် အနာဂတ်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအပေါ် စိုးရိမ်မှုလည်း ရှိနေကြသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၏ အနှစ်သာရတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသား တန်းတူရေးနှင့် ဒီမိုကရေးစီအခွင့်အရေးများ အပြည့်အဝရရှိရန်မှာ အဓိကကျနေသည်။ ယင်ကြောင့် တိုင်းရင်းသားများက ခိုင်မာသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံကျသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကတဆင့် အာမခံနိုင်သော ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများကို ဆက်ပြီး အကောင်အထည်ဖော်သွားလိုသည် ဆန္ဒများရှိကြသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD အစိုးရ၏ နောက်ဆုံးကျင်းပခဲ့သော ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ)တွင် တိုင်းရင်းသားများ မျှော်လင့်ထားသော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေးကိုမူ မရရှိခဲ့သည့်အတွက် တိုင်းရင်းသားခေါင်းဆောင်တို့တွင် အားရမှုမရှိခဲ့သည်ကို တွေ့နေရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ခေါင်းဆောင် စောမြရာဇာလင်းက “ကျွန်မတို့ကတော့ ဒီတစ်ခေါက်တော့ ပြည်နယ် ဖွဲ့စည်းပုံရမယ်လို့ မျှော်မှန်းခဲ့တာပေါ့လေ။ ပြည်နယ် ဖွဲ့စည်းပုံ ရမယ်ဆိုလို့ရှိရင် ကျွန်မတို့ မျှော်မှန်းတာတွေ ၅၀ ရာခိုင်နှုန်း ရောက်တယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် အခုက တစ်ဆို့မှုတွေ များသွားတယ် ” ဟု အားမလိုအားရ ပြောဆိုပါသည်။

၂၀၂၀ခုနှစ် သြဂုတ်လ ၂၁ရက်က သဘောတူချုပ်ဆိုနိုင်ခဲ့သော ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း(၃)တွင် အပိုင်း(၃) ပါ၀င်ခဲ့သည်။ အပိုင်း(၁)တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်ထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅) ချက်ကို သဘောတူ နိုင်ခဲ့ခြင်းဖြစ်သည်။ အပိုင်း (၂) တွင်၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ ဇယား (၁) ကို သဘောတူခဲ့ကြပြီး အပိုင်း (၃)တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာလမ်းညွန် အခြေခံမူ သဘောတူညီချက် (၅) ချက်သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအစိတ်အပိုင်း(၃)သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စားလှယ်များ ပါ၀င်ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)စဉ်ဆက်မပြတ်ဆွေးနွေးမှုများမှ သဘောတူညီမှုရရှိခဲ့သည့် အချက်များကို ပြည်ထောင်စု သဘောတူစာချုပ် တွင် ထည့်သွင်း ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း သြဂုတ်(၂၆) ရက်နေ့ က သဘောလက်ခံခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ယင်းပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း (၃)တွင် တိုင်းရင်းများ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်ထဲမှ အရေးကြီးဆုံး အခန်းကဏ္႑ဖြစ်သော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးဆိုသည့် အချက်တစ်ခုကျန်နေခဲ့သည်။


၂၁ရာစု ငြိမ်းချမ်ရေးတည်ဆောက်မှု၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းခွင့် သမိုင်း

၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်တွင် NCA မူချောအဖြစ် သဘောတူခဲ့သည့် NCA စာချုပ်ပါ အခြေခံမူအခန်း(၁) ၏ အပိုဒ်(က)တွင်မူ ‘’ပြည်ထောင်စု သမ္မတနိုင်ငံတော် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေ့ရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံသော ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီ၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် ပြည့်၀သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နှင့်အညီ တည်ဆောက်သွားရန်’’ဟု ထည့်သွင်းဖော်ပြထားသည်။

၂၀၁၇ ခုနှစ် မေလ ၂၉ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအစည်းအ‌ေ၀းကနေ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ်ချုပ်ဆိုနိုင်ခဲ့သော အစိတ်အပိုင်း(၁)၏ နိုင်ငံရေးကဏ္႑ာ မူဝါဒသဘောတူညီချက်တွင် ဖက်ဒရယ်စနစ်အခြေခံမူအပိုင်း၌ ဖက်ဒရယ်တည်ဆောက်မှု မူတွင် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ်ဖွဲ့စည်းရမည်ဟူ၍လည်းကောင်း၊ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို တိုင်းဒေသကြီး /ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်။မှတ်ချက်အဖြစ်-ဟူတိုင်းဒေသကြီး /ပြည်နယ်များသည် အခွင့်အာဏာတန်းတူရှိရမည်။ အမည်နာမသတ်မှတ်ချက် နှင့်ပတ် သက်၍ နောင်တွင် ဆက်လက်ဆွေးနွေးမည်’’ ဟူ၍ သေဘာတူလက်မှတ်ရေး ထိုးခဲ့ကြသည်။ ၂၀၁၉ ခုနှစ်‌အောက်တိုဘာလ ၂၈ ရက်မှာ ကျင်းပခဲ့သည့် NCA လေးနှစ်ပြည့် အခမ်းအနား၌ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ကိုယ်ပိုင်အခြေခံဥပဒေများ ရေးဆွေးခွင့် ရရှိရမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ဖက်ဒရယ်အခြေခံမူများကို ရေးဆွဲခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်များကလည်း သဘောတူခဲ့ကြသည်။ထိုမူတွင် ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံအကျဆုံးဟု တိုင်းရင်းသားများဘက်က ရှု့မြင်လိုလားသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အစိုးရဘက်က ပြည်နယ်အခြေခံဥပဒေ (State Law) ဟု သုံးနှုန်းခွင့်အဖြစ်သာ လက်ခံခဲ့သည်။ပြီးခဲ့သည့် ညီလာခံတွင် သဘောမတူနိုင်ခဲ့သည့်အချက်ဟာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ( State Constitution law)အဖြစ် စာချုပ်တွင် ထည့်သွင်းအသုံးပြုလိုခြင်းဖြစ်သည့်အတွက် အစိုးရ၊တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပြေလည်မှုမရရှိခဲ့ခြင်းကြောင့် ‘’ပြည်နယ်အခြေခံဥပဒေ’’နှင့် ‘’ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ’’‌ဝေါဟာရ ပြင်ဆင်ချက်အပေါ် ချန်လှပ်ထားခဲ့ရခြင်းဖြစ်သည်။

ထိုအချက်နှင့် ပတ်သက်၍ အစိုးရကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါ၀င်သည့် နိုင်ငံတော်အတိုင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်နယ်တိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန်အတွက် အားလုံးသဘောတူထားပြီးသားဖြစ်သော်လည်း သဘောတူညီချက်များကို ဖော်ပြသည့်အခါ အရေးအသား၊ ဝေါဟာရများတွင် နှစ်ဘက်စလုံးက အကြောင်းပြချက်ကိုယ်စီရှိကြသဖြင့် ကွဲလွဲနေခြင်းဖြစ်သည်ဟု မီဒီယာ များကို ပြောကြားထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ ပြည်နယ် အခြေခံဥပဒေ” နဲ့ “ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ” စကားရပ်၊ အခေါ်အဝေါ် ညှိယူလို့မရတဲ့အတွက်လို့ ဆိုနိုင်သော်လည်း ဝေါဟာရတွေအပေါ်မှာ အနက်အဓိပ္ပါယ် ကောက်ယူ ဖွင့်ဆိုမှုတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်တယ် ”ဟူ၍ လည်းကောင်း ၊ “ ဒါဟာ တကယ်တော့ နှစ်ဘက်စလုံးမှာ ရှိနေတဲ့ စိုးရိမ်မှုတွေ ပါပဲ။ ဒီလိုစိုးရိမ်မှုတွေကို ထပ်ပြီးစိစစ် သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့ မြင်နေကြလို့၊ အပြန်အလှန် ယုံကြည်မှု အားနည်းလို့ဆိုတာကို အတိုင်းသားမြင်နိုင်ပါတယ် ” ဟူ၍ သြဂုတ်လ ၁၉ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။

အစိုးရ၊တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေးကို စစ်ရေးနည်းနှင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်း အဖြေရှာနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများ၊ NCA အရ အကောင်အထည်ဖော်နေသည့် ကော်မတီအစည်းအ‌ေ၀းများ၊အလွတ်သဘော အစည်းအ‌ေ၀းများ၊ တွေ့ ဆုံညှိုနှိုင်းရေးအစီအစဉ်များဖြင့် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးစားနေကြဆဲဖြစ်သည်။

နိုင်ငံရေးနည်းနှင့် ငြိမ်းချမ်းရေးကို အဖြေရှာရင်း တစ်ဘက်မှာလည်း စစ်ရေးနည်းနှင့် ဖြေရှင်းမှုများကြား မှာ ပြည်သူများ၏ အသက်အိုးအိမ်များလည်း သိန်းသန်းချီ ဆုံးရှုံးနေရသည်။ လက်ရှိ ရခိုင်တွင်လည်း စစ်ရေးပဋိပက္ခများ ပြင်းထန်နေသည်။

အနာဂတ်မှာ တည်ဆောက်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို ပုံဖော်ရန် ပန်းပုဆရာများသည် တိုင်းရင်းသားအသီးသီး၊ အစိုးရသစ်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ တပ်မတော်နှင့် အများပြည်သူပါ၀င်မှုနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရေးပါသော အခန်းကဏ္ဍက ပါ၀င်ထုဆစ်နေသည့် နိုင်ငံတကာမှ ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ စိတ်ရင်းစေတနာနှင့် နိုင်ငံရေးဆန္ဒသဘောထားများပေါ်တွင် များစွာမူတည်နေသည်ကို တွေ့ရသည်။

စစ်ပွဲများ ရပ်တန့်ပြီး အားလုံးလိုလားချက် တူညီသော အနာဂတ် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံးတည် ဆောက်အကောင်အထည်ပေါ်ဖို့ ဆန္ဒပြုလျက်။

ခိုင်ရိုးလ (DMG) – ရေးသားသည်။

Share me now!