မြိုင်ကြီးငူ စစ်ဘေးရှောင်များအတွက် ချက်ပြုတ်ရန် ထင်းအရေးတကြီးလိုအပ်

0
207

လူဦးရေ ၅ ထောင်ကျော် ခိုလှုံနေရဆဲ ဖြစ်သည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အတွင်းရှိ မြိုင်ကြီးငူ စစ်ဘေးရှောင် စခန်းတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများချက်ပြုတ်ရန် ထင်းအရေးတကြီးလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

အေးလင်းမြရှင် စစ်ရှောင်စခန်း အုပ်ချုပ်သူ စောရွှေထွန်းက “ဆီတွေ ဆန်တွေက သူများလာလှူတာ ရှိတယ်။ ထင်းကတော့ နွေဘက်တုန်းက တောထဲမှာပဲ သွားခုတ်ပြီးတော့ လူတွေခေါ်ပြီး ကားနဲ့ သယ်လာရ တာ။ အဲ့ထင်းတွေက ကုန်ခါနီးပြီ။ ခုဆို မိုးတွင်းလည်းဖြစ်၊ ရေကလည်း ကြီးတော့ ရှာရတာလည်း ပိုခက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မြိုင်ကြီးငူ စစ်ဘေးရှောင်များအတွက် နေ့စဉ် စားနပ်ရိက္ခာများ ချက်ပြုတ်ရာတွင် စစ်ဘေးရှောင်စဉ်အ ချိန်မှစတင်ကာ ယနေ့အထိ ထင်းတစ်မျိုးတည်းကိုသာ အဓိကထား အသုံးပြုနေရပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုဒဏ်ကိုခံရသည့်အပြင် ယခု ချက်ပြုတ်ရန် အတွက်ပါ ထင်းအခက်အခဲ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ကြက်ခြေနီအဖွဲ့၊ လူမှုအဖွဲ့ စသည့် အဖွဲ့အစည်းများမှ စစ်ဘေးရှောင်စခန်းသို့ သွားရောက်ပြီး လှူဒါန်းမှုများရှိနေသော်လည်း စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ လိုအပ်နေဆဲဖြစ် ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်း ၂ ခုအတွက် ပြီးခဲ့သည့် ဇူလိုင်လအတွင်းတွင် လှိုင်းဘွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှ သုံးလတာကာလ စားနပ်ရိက္ခာပြဿနာ ဖြေရှင်းရန်အတွက် ဆန်အိတ် ၁,၇၀၀ ထောက်ပံ့မှုများရှိခဲ့သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်ကာ လှိုင်းဘွဲမြို့နယ်၊ မယ်သဝေါဒေသအတွင်း တပ်မတော်နှင့် ကရင်ပြည် နယ်၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်နှင့် ခွဲထွက် DKBA အဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု များကြောင့် ထောင်နှင့်ချီသော ဒေသခံရွာသားများမှာ နေရပ်မပြန်နိုင်သေးဘဲ မြိုင်ကြီးငူ စစ်ရှောင်စခန်းတွင် ယနေ့အထိ ဆက်လက်ခိုလှုံနေရဆဲပင် ဖြစ်သည်။

လက်ရှိ မြိုင်ကြီးငူ စစ်ဘေးရှောင် စခန်း နှစ်ခုတွင်အိမ်ထောင်စုပေါင်း ၉၄၄ စု နှင့် လူဦးရေ ၅,၄၈၀ ဦး ခိုလှုံနေရဆဲဖြစ်ကြောင်း စခန်းတာဝန်ရှိသူများ၏ ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here