အောက်ခြေထိတွေ့မှုများ ရှောင်ရှားနိုင်ရေး ကရင်လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံညှိနှိုင်း

0
216

စက်တင်ဘာ ၁၆ရက်၊ ၂၀၂ဝပြည့်နှစ်။

ကရင့်လက်နက်ကိုင်အချင်းချင်းကြား အောက်ခြေ မြေပြင်ထိတွေ့မှုများ ရှောင်ရှားနိုင်ရေးအတွက် ကရင် အမျိုးသားအစည်းအရုံး-KNU ဦးဆောင်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ ၂ဖွဲ့နှင့် တွေ့ဆုံ ညှိနှိုင်းမှုတစ်ခုကို စက်တင်ဘာလ ၁၄ရက်နေ့က KNU ထိန်းချုပ်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့သည်။

KNU ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် ကရင် နယ်ခြားစောင့်တပ်(BGF)၊ KNU/KNLA (PC) ငြိမ်းချမ်းရေးကောင်စီ မှ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်၍ မကြာ သေးမီက ဖြစ်ပွားခဲ့သည့် အောက်ခြေ ထိတွေ့မှုများအပေါ် ဆွေးနွေးပြီး ရှေ့ဆက် ထိတွေ့မှုများမဖြစ်ပေါ်စေ ရေး နှင့် စည်းလုံးညီညွတ်မှု ရရှိရေးတို့အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

KNU အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ ဒီမြေပြင်ဂရောင်းမှာ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ထိတွေ့မှုတွေ မဖြစ်အောင် နားလည်မှုတွေ မလွဲအောင် အဲ့ဒီ အတွက် တွေ့ကြတယ်။ နောက်တစ်ခုက တလောက ဖြစ်သွားတဲ့ လမ်းဟောင်းဘက်မှာ ပစ်ခတ်မှုတွေဖြစ်တော့ ကိုယ့်ကရင်ပြည်သူတွေကြားမှာ အသံ မျိုးမျိုးတွေ ထွက်လာတဲ့အပေါ်မှာ အဲ့ဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင်ပေါ့ နားလည်မှု ပိုမိုရရှိဖို့ လိုအပ်တာ ပေါ့” ဟု ပြောသည်။

ဩဂုတ်လ (၃၀)ရက်နေ့က မြဝတီ-ကော့ကရိတ် ကားလမ်းဟောင်း အလယ်ဘို တဲအနီး ဆက်သွယ် ရေး စခန်းကုန်းရှိ တပ်မတော်သား ၂ ဦး ပစ်သတ်ခံရပြီး အလောင်း အောက် မိုင်းထောင်ထား၍ မိုင်းပေါက်ကွဲမှု ကြောင့် တပ်မတော်ဆေးတပ်မှ ဗိုလ်ကြီး (၁)ဦး အပါအဝင် တပ်မတော်သား ၃ဦး ထပ်မံ သေဆုံးခဲ့ပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် တပ်မတော်နှင့် နယ်ခြားစောင့်တပ်(BGF)တို့မှ နယ်မြေရှင်းလင်းရေးများ ဆောင် ရွက်ရာ ယင်းနေရာအနီးရှိ ကျေးရွာများတွင် တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲငယ်အသွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သေးသည်။

၎င်းတို့၏ တစ်ရက်တာ တွေ့ဆုံမှုတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား နားလည်မှု လွဲမှားခြင်း မဖြစ်ပေါ် စေရေး အပြင် ငြိမ်းချမ်းရေး ညီလာခံ(UPC)မှ ရရှိလာသည့် သဘောတူညီချက်များနှင့် ၂၀၂၀အလွန် ငြိမ်းချမ်း ရေး ဖော်ဆောင်မှုတို့တွင် ကရင်လက်နက်ကိုင်အများ နိုင်ငံရေး ရပ်တည်ချက်တစ်ခုတည်းသွားနိုင်ရန်၊ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ကရင်နိုင်ငံရေးပါတီများ အနိုင်ရရှိရေးတွင် ကရင်လက်နက်ကိုင်အဖွဲ့များ၏ အခန်း ကဏ္႑ များကိုပါ ဆွေးနွေးခဲ့ကြကြောင်း ပဒိုစောလှန်းထွန်းက ဆက်ပြောသည်။

အဆိုပါ တွေ့ဆုံမှုတွင် ကျန်ရှိသော ကရင်လက်ကိုင်နက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)မှ သွားလာရေး အခက်အခဲကြောင့် တက်ရောက်နိုင်ခြင်းမရှိကြောင်းသိရပြီး BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ KNU/KNLA-PCမှ ဗိုလ်မှူးကြီး စောနေစိုးမြ နှင့် KNLA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ နှင့် ဒု စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ အပါအဝင် KNU ကာကွယ်ရေးနှင့် အခြား ထိပ်ပိုင်းခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်အချို့ပါဝင်တက်ရောက်ခဲ့သည်။

စအိုင်ဆူး (KIC) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here