ရွေးကောက်ပွဲ ၊ တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေး လားရာ

0
272

၁၇ စက်တင်ဘာ ၂၀၂၀

“ဒီတိုင်းပြည်မှာ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ အစိုးရဖွဲ့နိုင်တဲ့အနေအထား ဘယ်လိုမှ မရှိနိုင်ဘူး”။

လူမျိုးစုပါတီတစ်ခုမှ မိတ်ဆွေတစ်ယောက်၏ ပြောဆိုမှုကို စာရေးဆရာ ကျော်ဝင်းက ပြန်လည်ဖောက်သည်ချခြင်းဖြစ်သည်။ လက်ရှိ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားတို့သည် အုပ်ချုပ်ခံဘဝအဖြစ်သာ ရှိနေသေးသလို တစ်ဖက်တွင်လည်း ရှိနေသည့် အုပ်ချုပ်သည့်လူတန်းစားနေရာမှ ဗမာလူမျိုးကြီးဝါဒဆိုသည်ကိုလည်း ငြင်းဆန်ဖို့ခက်နေကြောင်း သူကဆိုပါသည်။

“တစ်ပြည်လုံးအတိုင်းအတာ ဝင်နိုင်တဲ့ ဗမာတွေပဲ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေမှာရှိနေတယ်။ ဒါကြောင့် ဒီအထဲမှာ တိုင်းရင်းသားတွေ အစိုးရဖွဲ့နိုင်တဲ့ အနေအထား ရှိကို မရှိဘူး၊ အုပ်ချုပ်ခံဘဝနဲ့ပဲ ရှိနေတယ်။ သူပြောတာလည်း မဆိုးဘူး ။ တကယ်လက်တွေ့မှာလည်း ဒီအတိုင်းပဲဖြစ်နေတယ် အဲဒီစနစ်ကြီးကို ကျနော်တို့ပြုပြင် ပြောင်းလဲဖို့ လိုလိမ့်မယ်ထင်တယ်”ဟု နိုင်ငံရေးစာပေများ အထူးပြုရေးသားသူ ဆရာကျော်ဝင်းက ရုပ်သံသတင်းဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြေဆိုခဲ့ပါသည်။

တိုင်းရင်းသားအရေး

ဒီမိုကရေစီဖက်ဒရယ်အနှစ်သာရ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်နေရသည်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်နေသည်။ ယင်းခြေ/ဥကိုပင် တပ်မတော်အကြီးအကဲများ၊ နိုင်ငံခေါင်းဆောင်များ၊ ပါတီများနှင့် တိုင်းရင်းသားခေါင်းဆောင်များက မတူညီသော ရှုထောင့်အသီးသီးမှ ပြင်ဆင်လိုနေကြပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတတိုက်ရိုက်ရွေးချယ်ခန့်အပ်ခွင့်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ – ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပါက ပြင်ဆင်သွားရန် တပ်မတော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားမှုရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကလည်း ပြည်ထောင်စုလွှတ်တော်သို့ အဆိုပါပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ ဥပဒေကြမ်းတင်ခဲ့ရာတွင် NLD ကိုယ်စားလှယ်များက လက်မခံ ပယ်ချခဲ့သည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်ကလည်း မဇ္ဇျိမသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ယခုလို ထုတ်ပြောလာပြန်ပါသည်။

“ကျနော်တို့ဟာ တိုင်းရင်းသားပါတီဖြစ်တယ် တိုင်းရင်းသားတွေကို ခေါင်းဆောင်ပြီးတော့ ပြည်နယ်တွေမှာဝင်ပြိုင်တဲ့အတွက် တိုင်းရင်းသားတွေရဲ့အရေးကို လုပ်ပေးနိုင်တာ ကျနော်တို့ NLD က ပိုလုပ်ပေးနိုင်တယ် တိုင်းရင်းသားပါတီတွေ နိုင်သွားပြီဆိုပါစို့၊ တစ်တိုင်းတစ်ပြည်လုံးကို ခြုံပြီးတော့ အစိုးရ မဖွဲ့နိုင်ဘူး၊ NLD လက်အောက်ခံကနေပြီးတော့ ကိုယ့်တိုင်းရင်းသားတွေရဲ့အခွင့်အရေး ရအောင်ယူလို့ရတယ်ဆိုတာ ကျနော်တို့နားလည်လာကြတယ်။ ကျနော်တို့ရည်မှန်းချက်ဆိုရင် နဂိုထဲက ပုလဲကုန်းပါ တိုင်းရင်းသားတွေအားလုံးပါတဲ့ ဒီမိုကရေစီအဖွဲ့ချုပ်ကြီးဖြစ်အောင် အဲဒီအထဲကနေမှ ကိုယ့်တိုင်းရင်းသားတွေရဲ့ ရေးရာကို ဆောင်ရွက်လို့ရပါတယ်”။

သို့သော်လည်း ဒေါက်တာဇော်မြင့်မောင်၏ ပြောဆိုချက်သည် တိုင်းရင်းသားများ၏ ထောက်ခံမှုကျဆင်းလာမှုအပေါ် NLD ပါတီခေါင်းဆောင်များ၏ စိုးရိမ်မှုကို ပြသနေခြင်းသာ ဖြစ်နိုင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်အချို့က ဝေဖန်စောကြောကြသည်။ အကြောင်းမူ မွန်ပြည်နယ် ဘီလူးကျွန်းတံတားကို ဗိုလ်ချုပ်အောင်ဆန်းနာမည် အတင်းပြောင်းလဲလိုက်သည့်ကိစ္စသည် မြန်မာသိ ကမ္ဘာသိဖြစ်သွားခဲ့သလို ကယားပြည်နယ်အတွင်းက ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပြဿနာ၏ အကျိုးဆက်များသည် လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ၏ ပုံရိပ်ကို ထင်ဟပ်နေသည်ဟု ဆိုကြသည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ သမီးဖြစ်သူ ဗမာပြည်ကွန်မြူနစ်အဖွဲ့ဝင် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကလည်း မကြာသေးခင်းက မဇ္ဇျိမသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ခုမှာ ယခုလိုသုံးသပ်ထားပါသည်။

“ဒေါ်အောင်ဆန်းစုကြည်တို့ ပြောနေတဲ့ သူတို့ပါတီက ဗမာပါတီမဟုတ်ဘူးပေါ့ဗျာ၊ ဒီမိုကရေစီရရင် လူမျိုးရေးကိစ္စတွေ လူမျိုးစုကိစ္စတွေ ပြေလည်မယ်လို့ သူတို့တွက်ပုံရတယ်၊ မဟုတ်ဘူးဗျ၊ လူမျိုးစုအရေးက လူမျိုးစုအရေးသပ်သပ် သဘောထားရမယ်။ လူမျိုးစုနဲ့ပတ်သက်လာရင် တိုင်းရင်းသားတွေနဲ့ပတ်သက်လာရင် ကျမတို့က အတော့ကိုဂရုစိုက်ပြီးတော့ အလေးအနက်ဂရုစိုက်ပြီး သူတို့ရဲ့ ခံစားချက်တွေ သူတို့ရဲ့စိတ်ဆင်းရဲမှုတွေပေါ့ဗျာ ဗမာလူမျိုးတွေအပေါ် မြင်တဲ့အမြင် ဒါတွေကို ဘယ်လိုဟိုဒင်းပြုရမလဲဆိုတာ ကျမတို့သိပ်သတိထားဖို့ လိုတယ်”။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် တိုင်းပြည်တွင် ဒီမိုကရေစီရရှိပြီဆိုလျှင် တိုင်းရင်းသားလူမျိုးစုအရေး ပြေလည်လိမ့်မည်ဟု တွက်ဆနေသည်မှာ မှားယွင်းနေသည်ဟု ဒေါက်တာလှကျော်ဇော ထောက်ပြလိုခြင်း ဖြစ်သည်။
ထို့အတူ လူတန်းစားပြဿနာကို ဖြေရှင်းနိုင်ပါက လူမျိုးရေးပြဿနာများ အလိုလိုပြီးမြောက်အောင်မြင်သွားလိမ့်မည်ဟူသည့် ယူဆချက်များ လွဲမှားခဲ့သည်ကို ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းများဖြစ်ကြသည့် ဆရာ ကျော်ဝင်းနှင့် စာရေးဆရာမောင်မောင်စိုးတို့ကလည်း သုံးသပ်ပြောဆိုမှုများရှိခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ

ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ နေရာရှိပြီး တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ၁၆၆ နေရာ၊ ရွေးကောက်ခံ ကိုယ်စားလှယ် ၄၉၈ နေရာရှိသည့်အနက် ပြည်နယ်များမှ ၂၀၇ နေရာ ပါဝင်လျှက်ရှိသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၃၉၀ ဦးဖြင့် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သော NLD က ပြည်ထောင်စုလွှတ်တော်တွင် ၅၈ ရာခိုင်းနှုန်းဖြင့် လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ခဲ့သည်။

ထို့အတူ ၂၀၂၀ ရွေးကောက်တွင် မည်သည့်ပါတီမဆို လွှတ်တော်ကိုယ်စားလှယ် ၃၃၃ ဦး (သို့တည်းမဟုတ်) ၅၀ ရာခိုင်နှုန်း မရရှိပါက တစ်ပါတီတည်း ဦးဆောင်၍ အစိုးရဖွဲ့စည်းနိုင်မည် မဟုတ်ပေ။ ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရက်တစ်များ အပြည့်အဝဝန်းရံထောက်ခံပေးမှုဖြင့် NLD အစိုးရဖွဲ့စည်းနိုင်ခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲအခင်းအကျင်းတွင် အနေအထားသစ်တစ်မျိုး ပြောင်းလဲနေသည်ကို မြင်တွေ့လာရသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ဥက္ကဌ ဦးငိုင်ဆာခ့်က “လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက ၂၀၇ နေရာအပြည့်အဝ မရတာတောင်မှ အနည်းဆုံး ၁၆၀ ကနေ ၂၀၀ ကြားမှာ ရရှိမှာဖြစ်ပါတယ်၊ ဒါ့အပြင် တိုင်း ၇ တိုင်းက နေရာ ၂၉၁ နေရာမှာ NLD USDP သူရရွှေမန်းပါတီ UBP ရှိတယ် ဒေါ်သက်သက်ခိုင် PPP ပါတီရှိတယ်၊ ဦးကိုကိုကြီးပါတီရှိတယ် အများကြီးပဲ၊ ဒီပါတီတွေ အများကြီးပြိုင်မှာဖြစ်တဲ့အတွက်ကြောင့် အခု ၂၉၁ နေရာမှာ NLD အပြတ်အသတ် ၂၀၀ နေရာကျော်ရဖို့ဆိုတာ အင်မတန်ခဲယဉ်းမှာ ဖြစ်တယ်”ဟု သုံးသပ်သည်။

အကယ်၍သာ တိုင်းရင်းသားပါတီများ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့မည်ဆိုပါက ညွန့်ပေါင်းအစိုးရတစ်ခု ပေါ်ပေါက်လာနိုင်ပြီး ပြည်ထောင်စုလွှတ်တော်က ပုဒ်မ ၂၆၁ ကိုပြင်ဆင်၍ ပြည်နယ်များတွင် အနိုင်ရတိုင်းရင်းသားပါတီများ အစိုးရဖွဲ့နိုင်သလို ပြည်နယ်ဝန်ကြီးချုပ် လွှတ်တော်ဥက္ကဌများကိုလည်း ခန့်အပ်လာနိုင်မည်။

သို့ရာတွင် Covid-19 ဒုတိယလှိုင်းကူးစက်မှုမြန်ဆန်နေသည့်ကာလတွင် သတ်မှတ်သည့်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်လိမ့်မည်ဟု ပုံသေယူဆမရနိုင်သလို နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် အချို့ တိုင်းရင်းသားဒေသများတွင် ရွေးကောက်ပွဲကျင်းပခွင့်ရှိမရှိ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “တစ်ခုလုံးခြုံပြောရင်တော့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေ မဲနိုင်တဲ့ရာခိုင်နှုန်းမြင့်သွားရင် NLD က ပြည်ထောင်စုလွှတ်တော်မှာ ၅၀ ရာခိုင်နှုန်းအထက်ရမလား မေးခွန်းပဲရှိပါလိမ့်မယ် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပြည်ထောင်စုလွှတ်တော်မှာ ၅၈ ရာခိုင်နှုန်းရတယ် လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်တယ်၊ တကယ်လို့ ဒီတိုင်းရင်းသားဒေသတွေမှာ ရှုံးသွားလို့ ၅၀ ရာခိုင်နှုန်းအောက်ရောက်သွားပြီးတော့ တိုင်းရင်းသားတွေနဲ့ ညွန့်ပေါင်းဖွဲ့ရမယ့်အခြေအနေမျိုးပေါ်လာမလားဆိုတာကတော့ ထွက်လာမယ့်ရလဒ်ကို စောင့်ကြည့်ပြီးမှ ပြောလို့ရမယ်” ဟု ဆိုသည်။

သို့ရာတွင် လက်ရှိကာလတွင် ရခိုင်ဒေသအားလုံး Stay Home ကြေငြာထားသည့်အတွက် လောလောဆယ် မဲဆွယ်စည်းရုံးခွင့်မရှိသေးကြောင်း၊ ထို့အပြင် ရခိုင်ဒေသရွေးကောက်ပွဲဖြစ်မဖြစ်ဆိုသည်မှာလည်း မသေချာသလို အောက်တိုဘာလထဲတွင် ရွေးကောက်ပွဲကော်မရှင်၏ ကြိုတင်ကြေငြာချက်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးအလားအလာ

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၂၀၂၀ ရွေးကောက်ပွဲနှင့် သွယ်ဝိုက်၍ ဆက်စပ်နေသည်။ ညွန့်ပေါင်းအစိုးရဖြစ်လာနိုင်သည်ဟု သုံးသပ်မှုတွေက အသံကျယ်လောင်နေသည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တို့ကသာ လက်နက်ကိုင်ပဋိပက္ခများကို အဓိကဖြေရှင်းသွားရမည့်ကိစ္စဖြစ်သည့်အတွက် တိုင်းရင်းသားပါတီများ ပါဝင်သော ညွန့်ပေါင်းအစိုးရပေါ်ပေါက်လာပါက ငြိမ်းချမ်းရေးအလားအလာ ပိုမိုကောင်းမွန်လာမည်ဟု ယူဆပြောဆိုကြသည်။

မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက “အဓိက အရေးကြီးဆုံး ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲ၊ တပ်နေရာချထားရေး ဘယ်လိုလုပ်သွားမှာလဲ ဒီလိုအရေးကြီးတဲ့ ကိစ္စတွေကို မဆွေးနွေးရသေးဘူး၊ အရေးကြီးတဲ့ ကိစ္စတွေကို မဆွေးနွေးရသေးတော့ အသေးအဖွဲတွေလောက်ဟာ ကိစ္စမရှိသေးပါဘူး၊ အကောင်အထည်ဖော်ဖို့ဆိုတာကလည်း သိပ်ပြီးကျေလည်တဲ့အနေအထား မရောက်သေးတော့ အကောင်အထည်သာဖော်လိုက်ရင် NCA မှာမပါဝင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့ မကျေလည်သေးဘဲ ကျန်ရှိနေသေးတဲ့ဆက်ပြီးဆွေးနွေးရမယ့် အရေးကြီးကိစ္စတွေကိုပါ ရောပြီး ရှုပ်ထွေးလာနိုင်တဲ့သဘော ဖြစ်လာနိုင်တယ်” ဟု သုံးသပ်ထားပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ ကျန်ရှိနေသေးသဖြင့် တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေသည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အနှစ်သာရအပြည့်အဝမပေးနိုင်သည့် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကလည်း လွှတ်တော်တွင်းပြင်ဆင်နိုင်ရေးသည် တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းမပါဝင်ဘဲ လုံးဝမဖြစ်နိုင်ပါ။ တပ်မတော်ပါဝင်သည့်တိုင်‌အောင် ပြည်ခိုင်ဖြိုးပါတီကလည်း ရှိနေပြန်သည်။ ၂၀၁၅ ရွေးကောက်ပွဲက တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည် NLDသည် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် မစွမ်းဆောင်နိုင်ခဲ့ပါ။

ထို့ကြောင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီဥက္ကဌက ယခုလိုသုံးသပ်အကြံပြုထားပါသည်။

“NCA စာချုပ်ဖြစ်မြောက်လာဖို့ ဆွေးနွေးခဲ့စဉ်တုန်းက သဘောတူညီမှုတွေရှိခဲ့ပါတယ်၊ ၂၁ ပင်လုံလိုညီလာခံမှာ ကျနော်တို့ ဆွေးနွေးဆုံးဖြတ်ပြီး လွှတ်တော်မှာအတည်ပြုပေးဖို့၊ အဲဒီသဘောတူညီချက်တွေအတိုင်း ခြေဥကိုပြင်ဆင်သွားဖို့ သဘောတူညီမှုတွေ ရှိခဲ့ကြတာပါ၊ ကျနော်တို့ယုံကြည်တာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၁ ရာစုပင်လုံညီလာခံမှာ ပြင်သွားရမယ်ဆိုတာပါပဲ၊ ပြင်ဆင်လို့ရအောင်လည်း ကျနော်တို့အားလုံး ကြုံးပမ်းကြသွားရမယ်”။

ဗညားအောင် (MNA) – ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here