ဒေါက်တာဗညားအောင်မိုးနှင့် ဆက်သွယ်မေးမြန်းချက်

လက်ရှိပြည်တွင်းငြိမ်းချမ်းရေးအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ AMDP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် “ဒေါက်တာဗညားအောင်မိုး”၏ အမြင်သုံးသပ်ချက်များကို မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မေး-ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ သဘောတူညီမှုရရှိခဲ့တဲ့အချက် ၁၄ ချက်ဟာ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍတွေမှာ သိပ်အရေးပါတဲ့အကြောင်းအရာတွေမဟုတ်ဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေ ထောက်ပြပါတယ်။ ဒီလို သိပ်ပြီးအရေးမပါတဲ့အကြောင်းအရာတွေကို ခုလိုငြိမ်းချမ်းရေးညီလာခံမှာ မဆွေးနွေးဘဲနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေကပဲ ဆွေးနွေးအတည်ပြုပေးလို့ မဖြစ်နိုင်ဘူးလားဆရာ?

ဖြေ-မဖြစ်နိုင်ပါဘူး၊ ဒါက အခြေခံဥပဒေကိစ္စပါ။ လက်ရှိလွှတ်တော်အသီးသီးမှာဆိုရင် NLD အမတ်က အများစု ဖြစ်နေတယ်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ် သဘောထားအမြင်နဲ့ပတ်သက်ပြီး NLD ပါတီ ဘယ်လောက် နားလည်ထားသလဲ? ဘယ်လောက်လက်ခံထားသလဲ? လက်ရှိ NLD ကျင့်သုံးနေတဲ့ ပေါ်လစီတွေကို ကြည့်မယ်ဆိုရင် ဥပမာ မွန်ပြည်နယ်က တံတားကို ဗိုလ်ချုပ်အောင်ဆန်း နာမည်ပေးဖို့ လွှတ်တော်ကနေ အတင်းအဓ္ဓမ ထည့်ခဲ့တာပဲ၊ အခု ဗိုလ်ချုပ်ကြေးရုပ်၊ ရုပ်တုကိစ္စတွေဆိုရင်လည်း ကယားပြည်နယ် လွိုင်ကော်မှာ ပြဿနာဖြစ်နေတယ်၊ တိုင်းရင်းသားဒေသအနှံ့မှာ ဗိုလ်ချုပ်ရုပ်တုတွေ အတင်းလိုက်ပြီး စိုက်ထူနေတယ်၊ ဒါဆိုရင် NLD ဟာ တိုင်းရင်းသားတွေရဲ့အရေးကိစ္စကို ဘယ်လောက်နားလည်မှုရှိသလဲဆိုတာ အကဲခတ်နိုင်မှာပါ။

ဒီတော့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ၂၁ ရာစုပင်လုံကျင်းပတာဖြစ်တယ်၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ကိုရမယ်ဆိုရင် တိုင်းရင်းသားတွေ ကျေနပ်မယ်၊ အဲဒီကျေနပ်မှုတွေရအောင် NLD ဘယ်လောက်ခံယူထားသလဲ၊ အဲဒီအပေါ်မှာ အများကြီး မူတည်နေတယ်၊ ဥပမာ အခုသဘောတူညီမှုရရှိထားတဲ့အချက် ၁၄ ချက်ကိုပဲ ငြိမ်းချမ်းရေးညီလာခံမတင်ဘဲ လွှတ်တော်မှာ အရင်သွားတင်ပြမယ်ဆိုရင် အများစုဖြစ်တဲ့ NLD ကိုယ်စားလှယ်တွေ လက်ခံ၊ ထောက်ခံမှာ မဟုတ်ပါဘူး၊ ၂၀၁၆ ခုနှစ်ကစပြီး NLD အမတ်အများစုဖြစ်တဲ့လွှတ်တော်ကို လေ့လာမှုတွေအရ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ကိစ္စတွေ အလုပ်မဖြစ်ခဲ့ပါဘူး၊ ဒီတော့ ကျနော်တို့ဒုက္ခခံပြီးတော့ စိတ်ရှည်ရှည်နဲ့ ၂၁ ရာစုပင်လုံမှာပဲ တင်ပြဆွေးနွေး ဆုံးဖြတ်တာ အကောင်းဆုံးပဲလို့ ကျနော်မြင်တယ်။

အခုငြိမ်းချမ်းရေးညီလာခံမှာဆိုရင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ နိုင်ငံရေးပါတီ အစုအဖွဲ့တွေအနေနဲ့ အဖွဲ့အစည်းစုံ လူစုံတက်စုံ ထောင့်စုံကနေလာတဲ့ ကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးတော့ အများလက်ခံတဲ့ သဘောတူညီမှုတွေရရှိလာတယ်၊ ဒါကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် သဘောတူတဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်၊ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မြင်တယ်။

မေး- ခုချိန်ခါ နိုင်ငံရေးကဏ္ဍမှာ အရေးပါတဲ့အချက်မရရှိ၊ လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ မချမှတ်နိုင်သေးဘဲနဲ့ ၂၀၂၀ မတိုင်ခင် ငြိမ်းချမ်းရေးညီလာခံအပြီးသတ်မယ်လို့လည်း နိုင်ငံ့ခေါင်းဆောင်တွေ အတိအလင်း ပြောထားတဲ့အပေါ် ဆရာဘယ်လိုမြင်လဲ?

ဖြေ- ပြီးခဲ့တဲ့ငြိမ်းချမ်းရေးညီလာခံတွေရဲ့ ရလဒ်တွေကိုတော့ အားမရတာအမှန်ပါ၊ ဒါပေမယ့် ဘယ်အလုပ်မဆို အစပိုင်း Intro တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေပါပဲ၊ ပြီးခဲ့တဲ့ညီလာခံတွေမှာ ပါဝင်ဆွေးနွေးတဲ့ အထဲမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုံအလင်မပါဝင်သေးပါဘူး၊ ပင်လုံအနှစ်သာရလည်း တကယ်ပြည့်ဝအောင်၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း အမှန်တကယ်ဖြစ်ပေါ်လာဖို့ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်ဖို့လိုတယ်၊ အခုညီလာခံမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုစုပေါင်းရဲ့ ၈၀% ရှိတဲ့ မြောက်ပိုင်း ၇ ဖွဲ့ ပါဝင်မဆွေးနွေးနိုင်သေးဘူးဆိုတော့ တပိုင်းတဝက်ညီလာခံလို့ပဲ ခေါ်ရမလား၊ သူတို့ကိုလည်း စောင့်ပြီးခေါ်နေရတဲ့သဘောမျိုး ဖြစ်နေတယ်၊ စောင့်ဆိုင်းသင့်တယ်လို့လည်း ကျနော်မြင်တယ်။

ဖြစ်သင့်တာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်လာပြီးတော့ အလွတ်သဘောဆွေးနွေးမှုတွေ၊ Workshop တွေ ခပ်စိပ်စိပ်လုပ်နိုင်ရင် ၂၀၂၀ မတိုင်ခင် ငြိမ်းချမ်းရေးညီလာခံ အပြီးဖြတ်လို့နိုင်ပါတယ်၊ ဒါပေမယ့် အဓိကကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေ မပါဝင်လာဘဲနဲ့ ၂၀၂၀ ကိုပဲ အဓိက Target ထားပြီး မပြီးပြီးအောင်လုပ်မယ်၊ မိမိတို့လိုရာဆွဲပြီး ဆုံးဖြတ်ချက်တွေ အတင်းချမှတ်အတည်ပြုမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် စာချုပ်ဟာ စက္ကူပေါ်မှာရှိတဲ့စာချုပ်ပဲ ဖြစ်သွားနိုင်တယ်၊ တိုင်းရင်းသားတွေလက်ခံနိုင်တဲ့ စာချုပ်မဖြစ်ရင် ပြည်တွင်းစစ်က ပြီးမှာမဟုတ်ဘူးလို့ ကျနော်မြင်တယ်။

မေး-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောသွားတဲ့မိန့်ခွန်းမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ကြဖို့ လိုပါတယ်”လို့ ဆိုခဲ့တယ်၊ အဲဒီအခန်းမှာ အရေးကြီးတဲ့အချက်တွေပြင်ဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၇၅% ထောက်ခံဖို့ လိုတယ်၊ ဒါဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အခက်အခဲတွေရှိနိုင်ပါသလား?

ဖြေ- အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ ၅ ဖွဲ့က ကိုယ်စားလှယ်တွေ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုကြတာဖြစ်တယ်၊ ပြည်ထောင်စုစာချုပ်ဟာ ဖွဲ့စည်းပုံမှာ ထပ်မံပြင်ဆင်ဖြည့်စွက်သွားဖို့အတွက် သဘောတူထားတဲ့ မူဝါဒတွေပဲ ဖြစ်ပါတယ်၊ အဲဒီသဘောတူထားကြတဲ့ ပြည်ထောင်စုစာချုပ်ကိုအတည်ပြုဖို့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့အခါ ဘယ်သူမှကန့်ကွက်လို့ မဖြစ်နိုင်တော့ပါဘူး၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ထိုင်နေကြတဲ့ လွှတ်တော်၊ တပ်မတော် သဘောတူထားပြီးသား မူဝါဒတွေပဲလေ၊ ဒါကြောင့် ပြည်ထောင်စုသဘောတူစာချုပ်ကို ကန့်ကွက်ဖို့ဆိုတာ အဓိပ္ပါယ်မရှိပါဘူး၊ တပ်မတော်က တသွေးတသံတမိန့်ပဲ ပြည်ထောင်စုသဘောတူစာချုပ်မှာ တပ်မတော်ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးပြီးသားကိစ္စကို လွှတ်တော်မှာကန့်ကွက်ဖို့ မဖြစ်နိုင်ပါဘူး။

မေး-ဖြည့်စွက်ပြောလိုတာများရှိရင် ပြောပေးပါခင်ဗျာ?
ဖြေ-ပြည်တွင်းငြိမ်းချမ်းရေးကိစ္စက အစိုးရကိုယ်တွယ်မှုအပေါ် အဓိကမူတည်ပါတယ်၊ တိုင်းရင်းသားတွေနဲ့ ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်ဖို့လိုအပ်နေတယ်၊ မြောက်ပိုင်း ၇ ဖွဲ့ကိစ္စမှာ အစိုးရကိုယ်တွယ်မှု အင်မတန်မှ နှောင့်နှေးတယ်၊ သူတို့နဲ့ ယုံကြည်မှုတည်ဆောက်နိုင်မယ်ဆိုရင် အခုဖြစ်ပေါ်နေတဲ့ပြဿနာအရပ်ရပ်ဟာ တဖက်မှာ အင်အားတရပ်လို ပြန်ဖြစ်လာလိမ့်မယ်၊ ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ကိစ္စ၊ ဘင်္ဂလီအရေး၊ စီးပွားရေးကျဆင်းမှု တွေရှိနေတယ်၊ အဲဒီနေရာမှာ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ်အမြန်ရပ်စဲပြီး ငြိမ်းချမ်းရေးကိုအမြန်တည်ဆောက်ဖို့ အဓိက ဦးစားပေးသင့်တယ်လို့ မြင်တယ်။
ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာလည်းပဲ ဘယ်အဖွဲ့အစည်းမဆို မစွဲကိုင်သင့်တဲ့အယူဝါဒတွေကို စွဲကိုင်မထားဘဲနဲ့ အများလက်ခံနိုင်တဲ့ အယူအဆမျိုးဖြစ်ဖို့လိုတယ်၊ မစွဲကိုင်သင့်တဲ့အယူဝါဒတွေဆိုတာ ကိုယ့်လူမျိုး ကိုယ့်ပါတီ ကိုယ့်အစုအဖွဲ့ အကျိုးစီးပွားအတွက်ပဲကြည့်ပြီးတော့ အခြားသူ အခြားလူမျိုးကို ထိခိုက်စေနိုင်တဲ့အယူဝါဒမျိုးကို ကျနော်တို့ရှောင်ရှားနိုင်တဲ့အပေါ် ညီညွတ်မှုတွေရရှိလာမယ်၊ ညီညွတ်မှု ယုံကြည်မှုတွေ မြန်နိုင်သမျှ မြန်မြန်တည်ဆောက်နိုင်တဲ့အပေါ် ငြိမ်းချမ်းရေးလည်း အမြန်အောင်မြင်လာပါလိမ့်မယ်လို့ ယုံကြည်တယ်။

ကျေးဇူးတင်ပါတယ်။