28 March 2024 /

See today's Peace Related News

တိုင်းရင်းသားအရေးဖော်ဆောင်ရေး တိကျခိုင်မာသည့် စာချုပ်စာတမ်းရှိမှသာ NLDနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ပြောဆို

၁၃ နိုဝင်ဘာ ၂၀၂၀

တိုင်းရင်းသားပါတီတွေနဲ့ ရည်မှန်းချက် တူညီတဲ့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကနေ တိုင်းရင်းသားပါတီတွေကို ဖိတ်ခေါ်တဲ့အပေါ်မှာ ကယားပြည်နယ်အခြေစိုက်ပါတီတွေကနေပြီး ကတိကဝတ်တွေ စာချုပ်စာတမ်းတွေနဲ့ တိကျခိုင်မှာတဲ့ဟာတွေရှိမှသာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်နယ်အခြေစိုက်ပါတီက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP က ပြောဆိုလိုက်ပါတယ်။

အကြောင်းရင်းကတော့ ပင်လုံစာချုပ်ကိုတောင်မှ ပြီးခဲ့တဲ့ သက်တမ်း ၅ နှစ်လုံးလုံး NLD အစိုးရသက်တမ်းမှာ တိုင်းရင်းသားတွေတောင်းဆိုတဲ့ ဖက်ဒရယ်ကို အကောင်အထည်မဖော်ပေးနိုင်ခဲ့တာကြောင့် အခုလို ထုတ်ပြန်ချက်နဲ့တော့ အယုံအကြည်မရှိဘူးလို့ KySDP အတွင်းရေးမှူးက ပြောပါတယ်။

“ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေမျိုးဖြစ်ခဲ့ဖူးတဲ့ အပေါ်မှာ တိုင်းရင်းသားအရေးဆိုပြီးတော့မှ မယ်မယ်ရရလုပ်ပေးခဲ့တာ ဘာမှမရှိခဲ့ဘူးပေါ့။ ဒီလို ကြေညာချက်ထုတ်ပြန်တာနဲ့ပဲ ပြီးသွားမလားဆိုတဲ့ ဟာမျိုးလည်း ကျနော်တို့ အဲ့လိုပဲမြင်ပါတယ်။ တကယ်လို့ သူတို့က တိုင်းရင်းသားတွေနဲ့ တကယ် ပူးပေါင်းချင်လို့ ဒီနိုင်ငံကို ဖယ်ဒရယ်စနစ်ကိုတည်ဆောက်ချင်တယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ကတော့ အဆင့်သင့်ပါပဲ။ အပြောနဲ့ အလုပ်ကညီဖို့ လိုတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဟိုကျနော်တို့က ဒီထက်ပိုပြီးတော့ ခိုင်မာတယ်လို့ ကျနော်တို့ယူဆရတဲ့ ပင်လုံစာချုပ်လို ဟာမျိုးတောင်မှ အကောင်အထည်မဖော်နိုင်တဲ့ အခြေအနေမျိုးဖြစ်သွားတယ်။ ဆိုတော့ လက်ရှိထုတ်ပြန်ကြေငြာချက်တခုတည်းနဲ့ ကျနော်တို့ကို ဘယ်လောက်အထိ အကောင်အထည်ဖော်ပေးနိုင်ပြီးတော့မှ ကျနော်တို့ကို ဘယ်လောက်ထိ ကတိတည်နိုင်မလဲဆိုတာကို မေးစရာဖြစ်သွားတာပေါ့။ ” လို့ KySDPပါတီ အတွင်းရေးမှူး ဦးသဲရယ်က ပြောပါတယ်။

KySDP က ရွေးကောက်ပွဲရလဒ်မှာ လွှတ်တော်အသီးသီး ၈ နေရာ အနိုင်ရထားတဲ့ ပြည်နယ်အခြေစိုက်ပါတီဖြစ်ပါတယ်။

အခုလက်ရှိ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အများဆုံးအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအနေနဲ့ လာမယ့် အစိုးရသက်တမ်းမှာ တိုင်းရင်းသားပါတီ တွေနဲ့ ရည်မှန်းချက်တူတဲ့အတွက် ပူးပေါင်းဆောင်ရွက် ဖို့ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၂ရက်နေ့ကထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ နောင်အနာဂတ်မှာ တိုင်းရင်းသာလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲရလဒ်တွေအရ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားဖြစ်တဲ့အတွက် တိုင်းရင်းသားတွေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ထူထောင်ဖို့ အတွက် ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာ ဦးအောင်ရှင်က ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။

“ ပါးစပ်ကနေ ပူးပေါင်းလို့ တော့ မရဘူး လက်တွေ့ကျကျ အစီစဉ်တွေ အများကြီး ကျနော်တို့ ဆွဲရမယ်။ အဲ့ဒီအစီအစဉ်တွေ ဆွဲပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့ လုပ်မှာပါ။ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ကျနောတို့ လုပ်မှာပါ။ စာရွက်ပေါ်က ပူးပေါင်းဆောင်ရွက်မှုမဟုတ်တော့ပါဘူး ဒီတခါ ကျနောတို့ လုပ်မယ့် ပူးပေါင်းဆောင်ရွက်မှုမျိုးကလေ အဲ့ဒါကိုတော့ ပြောချင်ပါတယ်။ ”

အခုက တိုင်းရင်းသားပါတီတွေကို ပူးပေါင်းဖို့ ဖိတ်ခေါ်တာဖြစ်ပြီး တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပြီးမှ ဘာတွေဆောင်ရွက်မှာလဲဆိုတာ ပြောလို့ရမယ်လို့ NLDဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဌ ခွန်းဘီဒူးကတော့ NLDရဲ့ ထုတ်ပြန်ချက်ကို မှတ်ချက်ပြုဖို့ စောသေးကြောင်း ပြောပါတယ်။

“ အခြေအနေတစ်ခုကိုစောင့်ကြည့်ရမယ်လို့ ကျနော်တို့ထင်တာပေါ့နော။ သူတို့အနိုင်ရတဲ့ပါတီဘက်က ဘယ်လိုဖြစ်ဖြစ်ပေါ့ စိတ်ကြိုက်အစိုးရဖွဲ့လို့ရတယ်။ သူတို့ဘယ်သူ့ကိုခေါ်မလဲ။ ဘယ်သူ့ကို ဆွေးနွေးမလဲဆိုတာ ကို သူတို့အသေးစိတ်လုပ်သွားပါလိမ့်မယ်ပေါ့နော။ ကျနော်တို့ပါတီရဲ့တာဝန်က ကျနော်တို့လူမျိုးစုကို ကျနော်တို့ ရွေးကောက်ပွဲတစ်ခုကိုဖြတ်ကြတယ်။ နော်ပြီးဒီထက်ပိုကောင်းတဲ့အဖြေ နောက်၅နှစ်မှာ ဘယ်လိုရပ်တည်သွားမလဲ ဆိုတာခုချိန်ထိ ကျနော်တို့ပြန်သုံးသပ်နေရတဲ့အခြေအနေဖြစ်နေတယ်ပေါ့နော။ ခုနကပြောတဲ့အသေးစိတ်ဖြစ်လာမယ်မဖြစ်လာဘူးဆိုတာကျနော်တို့ပြောလို့မရဘူး။ အဲ့ဒါကြောင့်မလို့ မှတ်ချက်ပြောဖို့လည်းစောပါသေးတယ်လို့ပြောလို့ရတယ်ခဗျ။ ”

ကယားတစ်ပြည်နယ်အနေနဲ့ ရွေးကောက်ပွဲရလဒ်မှာ တစ်ပြည်နယ်လုံး ၃၄ နေရာမှာ ၂၀ နေရာ NLDကနေအနိုင်ရထားပြီးတော့ KySDP က ၈နေရာ USDP ၆ နေရာ အနိုင်ရထားတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အနိုင်ရရှိတဲ့ရလဒ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ၃၉၉နေရာ အနိုင်ရပြီး၊ တိုင်းရင်းသားပါတီတွေက ၄၂နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၃၂နေရာ အနိုင်ရရှိခဲ့ကြတာဖြစ်ပါတယ်။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်) – ရေးသည်။