“ညီလာခံတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့စကားတွေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညီလာခံမှာပြောသွားတဲ့စကားတွေမှာ ငြိမ်းချမ်းရေးကို တစ်ပိုင်းတစ်စတော့အကဲခတ်လို့ရတယ်”  ဦးဇော်မိုး(ခ)နိုင်ရဲဇော် (ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)

မွန်ညီညွတ်ရေးပါတီမှ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အမေးအဖြေ

၃၀ စက်တင်ဘာ ၂၀၂၀

မွန်ညီညွတ်ရေးပါတီ MUP ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်ရဲဇော် (ခေါ်) ဦးဇော်မိုးသည် သမိုင်းသုတေသီ၊ ရာဘာခြံလုပ်ငန်းရှင်၊ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် အငြိမ်းစားတပ်မတော်အရာရှိဟောင်းတစ်ဦး ဖြစ်သည်။ ဦးဇော်မိုး၏ ငြိမ်းချမ်းချမ်းလုပ်ငန်းစဉ်အပေါ် ရှုမြင်သုံးသပ်ချက်များအား မေးမြန်းထားပါသည်။

မေး- နောက်ဆုံးကျင်းပပြီးစီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံအခင်းအကျင်းအပေါ် ဘယ်လိုမြင်လဲ။

ဖြေ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး လုပ်ခဲ့တယ်။ လုပ်ရတဲ့အနေအထားမှာ တစ်တိုင်းပြည်လုံး ကိုဗစ်ကပ်ရောဂါ အန္တရယ်ရှိနေတယ်။ အဲဒီကြားထဲက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေကလည်း ကောင်းမွန်တဲ့အနေအထားမှာ သိပ်မရှိဘဲနဲ့ ဒီငြိမ်းချမ်းရေးညီလာခံကို ဖြစ်အောင် လုပ်လိုက်ရတဲ့ပုံစံမျိုး ပေါ့နော်။ လက်ရှိ NLD အစိုးရသက်တမ်းရဲ့ နောက်ဆုံးအချိန်မှာ မဖြစ်ဖြစ်အောင် လုပ်တဲ့ပုံစံမျိုးတွေ့ရတာပေါ့။

မေး- ငြိမ်းချမ်းရေးညီလာခံ ရလဒ်အပေါ် ဘယ်လိုမြင်လဲ။

ဖြေ-အခုလို ညီလာခံလုပ်တဲ့အခါမှာ UPDJC အဆိုပြုထားတဲ့ဟာတွေကိုပဲ ဆွေးနွေးသွားတာပေါ့။ ဒီညီလာခံမတိုင်မီ နဲ့ ညီလာခံတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့စကားတွေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညီလာခံမှာပြောသွားတဲ့စကားတွေမှာ ငြိမ်းချမ်းရေးကို တစ်ပိုင်းတစ်စတော့အကဲခတ်လို့ရတယ်၊ သက်ဆိုင်ရာ ခေါင်းဆောင်တွေပြောသွားတဲ့မိန့်ခွန်းတွေနဲ့အတူ ညီလာခံနောက်ဆုံးရက် သြဂုတ် ၂၁ ရက်နေ့မှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ထွက်လာတယ်။

ဒီဟာကို သုံးသပ်ကြည့်လိုက်တော့ ဒီဟာ( Union Accord-Part 3) တွေကို ပြည်သူလူထုကြားမှာ အရမ်းကြီးလည်း သိနားလည်မနေဘူး။ ဒီအပေါ်မှာ စိတ်ဝင်စားဖို့ကလည်း ကိုဗစ်ရောဂါ ပြန့်ပွားနေတာက တစ်ကြောင်း ဒီငြိမ်းချမ်းရေးညီလာခံရဲ့ လုပ်ဆောင်နိုင်မှု ဆွဲဆောင်နိုင်မှုကလည်း အားနည်းနေချိန်မှာ ပြည်သူလူထုရဲ့ စိတ်ဝင်တစားဖြစ်မှုတွေကို မတွေ့ရဘူး။ ဒီအပေါ်မှာ လုံးဝမသိနားမလည်တဲ့လူမျိုးတွေလည်း အများကြီးတွေ့ရတယ်။ ဒီညီလာခံကြီးက သိပ်ပြီးထဲထဲဝင်ဝင်ဖြစ်မလာဘူး။

ဖြစ်မလာပေမယ့်လည်း သူ့ရဲ့ရည်ရွယ်ချက်က ၂၀၂၀ မတိုင်ခင်မှာ ဒီဟာတွေကို ချပြမယ်။ နောင်အစိုးရတက်လာရင် ဒီဟာကို ဆက်လုပ်သွားမယ့် သဘောကို ဖော်ဆောင်ထားတယ်။ လက်ဆင့်ကမ်းပြေးပွဲဥပမာနဲ့ဆိုရင် တုတ်တစ်ခုကို အခြားတစ်ဦးဆီ လက်ဆင့်ကမ်းပေးတဲ့သဘောမျိုးတွေ့ရတယ်။ သို့သော် ပြည်သူလူထုကြားမှာ ဒီပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ကို အရမ်းကြီး သိရှိမနေကြဘူး၊ ပေါ်လွင်လည်း မနေဘူး။

မေး- ဒီပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) မှာ အဓိကကျတဲ့အချက်တွေက ဘာလဲ၊ ၂၀၂၀ အလွန်မှာ တက်လာမယ့်အစိုးရက NLD မဟုတ်ဘဲ အခြားအစိုးရဆိုရင်ကော အကောင်အထည်ဖော်နိုင်ပါ့မလား။

ဖြေ-ဒီအစိတ်အပိုင်း(၃) မှာ ဘာပါသလဲဆိုတော့ နံပါတ် (၁) က တစ်နိုင်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်အတွက် သဘောတူညီချက် ၁၅ ချက် တစ်ခု၊ နံပါတ်(၂)၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကို (ဇယား- ၁) အဖြစ် စာချုပ်မှာ ဖော်ပြတယ်၊ နံပါတ်(၃) ကတော့ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံ သော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ အတွက် သဘောတူညီချက် ၅ ချက်ဆိုပြီး ဒီညီလာခံရဲ့အနှစ်သာရအနေနဲ့ ဒီအချက် ၃ ချက်ထွက်လာတာပေါ့။

လာမယ့် ၂၀၂၀ အလွန်ကို ရည်မှန်းထားတာပေါ့ သို့သော် ဒီရည်မှန်းချက်တွေကို လုပ်နိုင် မလုပ်နိုင်ဆိုတာ နောက်တက်လာမယ့်အစိုးရ ဘယ်အစိုးရဖြစ်မလဲ ဒါတစ်ချက်၊ အဲဒီအစိုးရအနေနဲ့ ငြိမ်းချမ်းရေးအပေါ်မှာ ဘယ်လိုသဘောထားရှိမလဲ အဲဒီအပေါ်မှာလည်း မူတည်တာပေါ့။ ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲကလည်း မသိရသေးတော့ ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းရ ပြောရခက်ပါတယ်

တကယ်လို့ NLD ပဲ အစိုးရပြန်ဖြစ်မယ်ဆိုရင် သူချမှတ်ထားတဲ့ပုံစံအတိုင်း ဒီအတိုင်းပဲ လျှောက်လှမ်းသွားဖို့ရှိတာပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ အခြားအစိုးရပုံစံသစ်တစ်ရပ် ပေါ်ပေါက်လာရင်တော့လည်း ဒီငြိမ်းချမ်းရေးဖော်ဆောင်မှုဟာ နောက်ပုံစံတစ်မျိုး ပြောင်းလဲသွားနိုင်တာပေါ့။ သို့သော် သဘောတူညီချက်ချမှတ်ထားတာကိုတော့ ဖျက်လိုက်လို့မရပါဘူး။ အကောင်အထည်ဖော်တဲ့အနေရာမှာတော့ ပုံသဏ္ဍာန်တော့ ပြောင်းလဲသွားနိုင်တာပေါ့။

မေး-ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့အခါ ဘယ်အချက်တွေမှာ တစ်ဆို့မှုတွေဖြစ်လာနိုင်ပြီးတော့ ဘယ်လိုကျော်လွှားကြမလဲ အကြံပြုပါဦး။

ဖြေ-ဥပမာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံ သော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ အဲဒီမှာ ကျော်လွှားရမယ့်အချက်တွေတော်တော်များများ ပါမယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ သုံးစွဲတဲ့ဝေါဟာရတွေက အစားထိုး ပြောင်းလဲလာတာတွေ့ရတယ်။ အရင်က ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်မယ်။ အခုသုံးစွဲလာတာက နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုဖြင့် ဖွဲ့စည်းရမယ်ဟာမျိုးဖြစ်လာတယ်။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးများအကြား ဖက်ဒရယ်နှင့် အညီ အာဏာခွဲဝေမှု သယံဇာတခွဲဝေမှု အခွန်အကောက်ခွဲဝေမှုနှင့် ဘဏ္ဍာရေးခွဲဝေမှုရှိရမယ်၊ ဆိုတော့ အဲဒီနေရာမှာ ဘယ်လိုခွဲဝေမှာလဲ ဗဟိုကနေပဲ သီးခြားခွဲဝေပေးတဲ့စနစ်လား ဒါမှမဟုတ် ကျနော်တို့ပြောနေတဲ့ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးတော့မှ ခွဲဝေမှာလား ဆိုတာဟာမျိုးတွေမှာ တော်တော် ဆွေးနွေးပြောဆိုရဦးမယ်။ တခြားအချက်တွေမှာလည်း ဗဟိုကပဲ ဦးစီးပြီး ခွဲပေးမှာလား ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ခွဲပေးမှာလား ဆိုတာမျိုးတွေရှိနေတယ် ဇယား ၁-၂-၃  အရ ခွဲဝေအပ်နှင်းမှာလား ပြည်ထောင်စုဘယ်လောက်ယူမှာလဲ ပြည်နယ်တွေက ဘယ်လောက်ရမှာလဲ အာဏာဘယ်လိုခွဲပေးမှာလဲ ဒီအပိုင်းတွေကို စာအရရေးသားထားတာမှန်သော်လည်း တကယ်ကျင့်သုံးတဲ့အခါ ကျနော့်အမြင်မှာက အများကြီးအခက်အခဲ တွေ့နေရဦးမယ် ထင်တာပေါ့နော်။ ဒီလိုမျိုးခွဲဝေကျင့်သုံးတဲ့အခါမှာ သီးခြားလွတ်လပ်စွာ ကျင့်သုံးခွင့်ရှိလား ဗဟိုကချုပ်ကိုင်ထားမှာလား ဆိုတာမျိုးတွေ သဘောတူညီချက်ရတဲ့အထိ အကျေအလည်ဆွေးနွေးရပါမယ် အချိန်လည်းပေးရပါလိမ့်မယ်။

ပြည်နယ်အခြေခံဥပဒေလား ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေလား၊ ဝေါဟာရသတ်မှတ်ချက်ကို ဂဃနဏမတွေ့ရဘူး။ UPDJC အစည်းအဝေးမှာ အနည်းငယ်အသံထွက်လာပြီးတော့ ဒီနေရာမှာ ရပ်တန့်သွားတာလို့ပဲ ကျနော်ထင်မိပါတယ်။ စာချုပ်ထဲမှာ ခွဲဝေကျင့်သုံးပိုင်ခွင့်ကိုပဲ ရေးထားတာတွေ့ရတယ်။ မေးလာရမှာက အခုလိုခွဲဝေထားတဲ့အာဏာတွေကို ဘယ်လိုကျင့်သုံးမှာလဲ သီးခြားပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံနဲ့ သွားမှာလား သို့မဟုတ် ဇယား ၁-၂-၃-၅ ကို ( ၄ မပါ) ဒါကို အတိုးအလျှော့လုပ်ပြီး Decentralization ဗဟိုချုပ်ကိုင်မှုလျော့ချပြီး ကျင့်သုံးမလား နောက်ဆွေးနွေးပွဲတွေမှာ တွေ့ရပါလိမ့်မယ်။ ဒီစာချုပ်မှာ အဲဒီလိုပြတ်ပြတ်သားသား မရေးလိုက်နိုင်တာဟာ နောက်တစ်ချိန်အတွက် အခက်အခဲဖြစ်လာနိုင်တယ်။

မေး-ဖြည့်စွက်ပြောကြားပေးပါ ခင်ဗျာ။

ဖြေ-စတုတ္ထအကြိမ် ညီလာခံကို ခြုံကြည့်လိုက်တဲ့အချိန်မှာ အပိုင်း ၃ ပိုင်းကို ဘာနဲ့ပြန်ညွှန်းသလဲဆိုရင် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများဆိုတော့ ရှေ့လုပ်ငန်းတွေပေါ့။ NLD အစိုးရကလည်း သူ့အစိုးရပြန်နိုင်မှာပဲလို့ ယူဆမှာပဲ ဒါကြောင့် သူတို့အနိုင်ရရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်(၁)မှာ ဖက်ဒရယ်စနစ်အခြေခံတည်ဆောက်ရေး၊ အဆင့် (၂) ဖော်ဆောင်ရေး အဆင့်(၃) မှာ ကျတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ခိုင်မာရေး ဆိုပြီးတော့ ၂၀၂၀ အလွန်မှာ သွားမယ့် Process ကို သူချမှတ်ထားတယ် ပြီးတော့ အကောင်အထည်ဖော်မှုအရ သူဘာလုပ်မလဲဆိုရင် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုလုပ်မယ် နည်းပညာထောက်ပံ့မှုဆိုင်ရာ Technical Support လုပ်မယ်သူပြောတယ် ပြီးရင် Implementation အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်မယ်ဆိုပြီးတော့ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ချမှတ်ထားတယ် ဒါကိုဖြစ်လာနိုင်မနိုင်ကိုတော့ ရွေးကောက်ပွဲအပေါ် မူတည်နေပါတယ် ရွေးကောက်ပွဲပြီးတဲ့အခါ ဘယ်လိုအစိုးရမျိုးဖွဲ့လာမလဲ အစိုးရဖွဲ့စည်းပြီးတဲ့အပေါ်မှာ ဒီငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ မူဝါဒအပြောင်းအလဲရှိနိုင် မရှိနိုင် စောင့်ကြည့်ရပါမယ်။

မေး-ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဗညားအောင်(MNA) – မေးမြန်းသည်။

Share me now!