ဖားကန့် မြေဇာပုံပြိုကျမှု အန္တရာယ် ကာကွယ်ပေးရန် သယံဇာတ ဝန်ကြီးထံ တောင်းဆို

0
402

ဖားကန့်ဒေသ မြေဇာပုံပြိုကျမှုကြောင့် လူသေဆုံမှုများနှင့် ပတ်သက်ပြီး ပြုစုထားသည့် ‘ဘဝနှင့်ရင်းသော ကျောက်စိမ်း’ အစီရင်ခံစာ နှင့်အတူ အစိုးရ၊ တပ်မတော် နှင့် ရဲတပ်ဖွဲ့၊ လက်နက်ကိုင်အဖွဲ့အစည်းတို့ကို အကြံပြုထားသည့် တောင်းဆိုချက်ကို ပြည်ထောင်စု သဘာဝသယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ထံ ပေးပို့ထားကြောင်း သိရပါသည်။

ဖားကန့်အခြေစိုက် Wunpawng Amyusha Zinlum Hpung နှင့် Humanity Institute (HI) အဖွဲ့အစည်းတို့ ပူးပေါင်း ပြုလုပ်ထားသည့် အစီရင်ခံစာကို ဇူလိုင် (၃၀) ရက်နေ့ ပြည်ထောင်စု ဝန်ကြီးထံ ပေးပို့ခြင်းဖြစ်သည်။

ရတနာမြေဖြစ်သော ဖားကန့်ဒေသ၏ အခြေအနေများကို ထိန်းသိမ်းရန် ပြည်ထောင်စု ဝန်ကြီးအဆင့်မှသာ ထိရောက်မည် ဖြစ်သောကြောင့် ပြည်နယ်အစိုးရကို လွန်ပြီး ပထမဆုံးအကြိမ် ပြည်ထောင်စု သယံဇာတ ဝန်ကြီးထံ မြေပြိုမှုနှင့် ပတ်သက်ပြီး ရေးသားတောင်းဆိုမှု ပြုလုပ်ခြင်း ဖြစ်သည်ဟု HI မှ ဦး မုန်ဒန် ပြောပါသည်။

တောင်းဆိုချက်၏ အဓိကရည်ရွယ်ချက်မှာ အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်းနှင့် ကုမ္ပဏီတို့ပူးပေါင်းပြီး ကျောက်စိမ်းတူးဖော်သည့်နေရာ လူသေဆုံးမှုလျှော့ချနိုင်ရန်နှင့် ဒေသခံများ၏ ရေရှည်ဖွံ့ဖြုးတိုးတက်မှုကို ဖော်ဆောင်ပေးမည့် စီမံကိန်း ပေါ်ပေါက်ရန် ဖြစ်သည်ဟု ဖော်ပြထားပါသည်။

၂၀၁၄ မှ ၂၀၁၈ အတွင်း သေဆုံးသူ စုစုပေါင်း ၅၀၀ ကျော် ရှိခဲ့ပြီး အများစုမှာ လူငယ်လူရွယ်များ ဖြစ်သည်ဟုလည်း ဖော်ပြထားပါသည်။

ထို့ကြောင့် ကျောက်စိမ်းကုမ္ပဏီများလုပ်ကွက်တွင် ကျောက်မျက်ဥပေဒကို လိုက်နာမှုရှိမရှိ အစိုးရမှ စောင့်ကြည့်ပေးရန်၊ လုံခြုံရေးယူထားသည့် အဖွဲ့များအနေဖြင့် ရေမဆေးကျောက်ရှာဖွေသူများနှင့် ပဋိပက္ခဖြစ်လျှင် ရေမဆေးသမားများကို ပရမ်းပတာပစ်ခတ်မှုများ အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ရန်၊ လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း ဥပဒေချိုးဖောက်သူများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း မပြုဘဲ တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် အကြုံပြုထားသည်ကို တွေ့ရပါသည်။

မိတ္တူကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး တို့ကို လိပ်မှုထားသည်ကို တွေ့ရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here