တတိယအကြိမ် ၂၁ပင်လုံကို ဇူလိုင်လလယ်တွင် ကျင်းပရန် PPSTမှ အဆိုပြု

0
203

ဇွန်လ ၁၁ ရက်နေ့ ၂၀၁၈ ခုနှစ်

ချင်းမိုင်။ ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ၂၁ ကြိမ်မြောက် အစည်းအဝေးတွင် တတိယအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ကို ဇူလိုင်လလယ်ပိုင်းတွင်မှ ကျင်းပရန် အဆိုပြုခဲ့ကြသည်။

“UPC ၂၁ ပင်လုံ အစည်းအဝေးကိုတော့ ဇူလိုင်လ ၁၀ ရက်ကနေ ၁၄ ရက်လောက် အကြားမှာ လုပ်နိုင်ရင်တော့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ ဒီကနေ့ အစည်းအဝေးမှာ ကျနော်တို့ လျာထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့ ဖက်က စဉ်းစားထားတာပဲ ဖြစ်ပါတယ်၊ အစုအဖွဲ့ အသီးသီး ရှိတဲ့အတွက်ကြောင့်မိုလို့ ဒါတွေကို သက်ဆိုင်ရာ တွေနဲ့ ဆွေးနွေးပြီးတော့မှ ပြန်လည်ညှိနှိုင်းပြီးတော့မှ ရက်တွေကို ပြန်သတ်မှတ်ဖို့ ဖြစ်ပါတယ်။ ဒီကနေ့အစည်းအဝေးမှာ အရေးအကြီးဆုံး ဆုံးဖြတ်ချက်က ဒါပဲ ဖြစ်ပါတယ်” ဟု PPST မှ ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ဦးပူးဇင်ကျုံး က သတင်းထောက်များအား ပြောပါသည်။

အစိုးရမှ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန် ဇွန်လ ၃၀ ရက်နေ့ ကို လျာထားခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ နှင့် အလုပ်ရုံဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ရန်ရှိနေသောကြောင့် ရက်ရွှေ့ဆိုင်းရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး မူဝါဒ နှင့် လုံခြုံရေး မူဝါဒကိစ္စများတွင် ဆွေးနွေးရန် တစ်ဆို့နေသည့် အချက်များကို တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပြီးဆုံးသည့် နောက်ပိုင်းမှသာ ဆက်ဆွေးနွေးမည်ဟု ဆုံးဖြတ်ခဲ့သည်။

“မခွဲထွက်ရေးဆိုတဲ့ ကိစ္စကို လက်မခံဘူး ဆိုလို့ရှိရင် ကျနော်တို့ ဒီ EAO ဘက်က နှစ်ပေါင်းများစွာ တင်ပြလာခဲ့တဲ့ တောင်းဆိုလာခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲပိုင်ခွင့်တို့၊ ဒါတွေကို ဒီ ဆွေးနွေးမယ့် ခေါင်းစဉ်ထဲမှာထည့်ထားတဲ့အတွက် ဒါတွေကို ရှေ့ဆက်ပြီးမှ ဆွေးနွေးလို့ မရတဲ့ အနေအထားမျိုး ဖြစ်သွားပါတယ်။ အဲ့ဒီ အချက်ကို ဒီကနေ့ တတိယအကြိမ်မှာတော့ မဆွေးနွေးသေးဘူး” ဟု ဦးပူးဇင်ကျုံး မှ ပြောဆိုခဲ့သည်။

ဆွေးနွေးရန် တစ်ဆို့နေမှုများသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ဆွေးနွေးပွဲအတွင်းမှအစပြုခဲ့ပြီး အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တို့ မေလကုန်ပိုင်း နောက်ဆုံးတွေ့ဆုံခဲ့ချိန်အထိ နှစ်ဖက်ညှိနှိုင်းမရခဲ့သောကြောင့် ယခုလို သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုပါသည်။

အစိုးရ နှင့် တပ်မတော် ဖက်မှနေ၍ ပြည်ထောင်စုမှခွဲမထွက်ရ ဆိုသည့် ကြိုတင်ကန့်သတ်မှုများ ထားရှိခဲ့သောကြောင့် ဆွေးနွေးမှုများ ရှေ့မဆက်နိုင်ပဲ ရှိနေခဲ့ရာမှ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပြီးဆုံးပါက ထိုအကျပ်အတည်းကိုဖြေရှင်းရန် ဆက်လက် နည်းလမ်းရှာဖွေသွားမည်ဖြစ်သည်ဟု ဦးပူးဇင်ကျုံး မှ ပြောဆိုခဲ့သည်။

“အခက်အခဲ ဆိုတာကတော့ ရှိနေမှာပဲ နှစ်ပေါင်း ၇၀ ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ် ကြီးကို တခါတည်း ပြေငြိမ်းသွားအောင် ပြီးဆုံးသွားအောင် လုပ်ဖို့ဆိုတာလည်း သိပ်လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူး၊ ဒါပေမယ့် ကျနော်တို့ ယုံကြည်ထားတာကတော့ နိုင်ငံရေး ဆွေးနွေးပွဲကနေပြီးတော့မှ ဒီကနေ့ ဖြစ်နေတဲ့ လက်ရှိ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းနိုင်မယ်လို့ တထစ်ချ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီ တစ်ဆို့နေတဲ့ ကိစ္စတွေလည်း ဒါ ဖြစ်သင့်တယ် ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စဖြစ်တယ်လို့လည်း ကျနော်တို့ ခံယူပါတယ်။ ဒါတွေကို ကျော်လွှားနိုင်အောင် နည်းလမ်းပေါင်းစုံ နဲ့ ညှိနှိုင်းပြီးတော့မှ ကျနော်တို့ကျော်ဖြတ် သွားမှာ ဖြစ်ပါတယ်။”

ယနေ့အစည်းအဝေးတွင် လုံခြုံရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေးကိစ္စ၊ နိုင်ငံရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေးကိစ္စ ၊ အစိုးရ နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေး ကိစ္စများ၊ လုပ်ငန်းကော်မတီ အစည်းအဝေးကိစ္စများဆွေးနွေးခဲ့ကြပြီး NCA အပစ်ရပ် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အပါအဝင် ကိုယ်စားလှယ် ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here