“အင်အားတောင့်တောင့်တင်းတင်းနဲ့ ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး စည်းလုံးမှုတွေကို လုပ်ဆောင်မယ်ဆိုပြီး ရည်ရွယ်ထားတာ။ အခုတော့ NLD ပဲ အားလုံးနိုင်သွားတော့ သူတို့စိတ်ကြိုက် လုပ်ဆောင်ဖို့ပဲ ဖြစ်သွားပြီ။ ဒါပေမဲ့ ကျနော်တို့က သူတို့ကို တည့်မတ်ပေးဖို့ ၊ ဆွေးနွေးတိုင်ဖို့ကိုတော့ ဆက်လုပ်သွားမှာပါ” ဦးအင်ရှန်ဆန်အောင်(ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော်အတွက် ရွေးချယ်ခံရသူ)

0
248

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)အဖွဲ့ဝင်လည်းဖြစ် ဆွမ်ပရာဘွမ်မြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ်နေရာအတွက် ရွေးချယ်ခံရသူနှင့် အင်တာဗျူး

နိုဝင်ဘာလ ၁၅ ရက်။ ၂၀၂၀ ခုနှစ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG သည် ကချင်ပြည်နယ်က တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲနှင့်ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ကြားဝင်လုပ်ဆောင်နေသောအဖွဲ့ဖြစ်သည်။ PCG အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်သည် လာမယ့်လွှတ်တော် သက်တမ်းအတွက် ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ် အမှတ် ၂ အတွက် ရွေးကောက်ခံရသူဖြစ်သည်။ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသည့် အကြောင်းအရင်းကို မေးမြန်းထားပါသည်။

မေး။ ။ အရင်က ငြိမ်းချမ်းရေးအကျိူးဆောင်အဖွဲ့ PCG မှာ ပါဝင်ခဲ့တယ်။ အခု လွှတ်တော်မှာပါဝင်ဖို့ ဖြစ်လာတဲ့ အကြောင်းရင်းက ဘာကြောင့်များလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးသိန်းစိန် အစိုးရလက်ထက် စစ်ပွဲမဖြစ်ခင်ကတည်းက ကျနော်တို့ ပါဝင်ပြီးလုပ်ဆောင်ခဲ့တယ်။ အခု NLD လက်ထက်မှာလည်း ဒါကိုပြန်ပြီး ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်မှုရှိတယ်။ ဒါကြောင့် ယုံကြည်မှုက အရမ်းအားနည်းသွားတယ်။ ယုံကြည်မှုကို ပြန်တည်ဆောက်နိုင်ဖို့ ငြိမ်းချမ်းရေးအတွက်လည်း ပိုပြီး အင်အားဖြစ်ပါစေဆိုပြီး လွှတ်တော်ကိုဝင်ပြီး ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့အတွက် ဆုံးဖြတ်ခဲ့တယ်။

မေး။ ။ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်ပြည်နယ်အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်ခံရတော့ အခု ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ဆွမ်ပရာဘွမ်ဟာ ငယ်ငယ်က ကျနော်နေခဲ့တဲ့အချိန်ကတည်းကနေ အခုထိ ဘာမှ ပြောင်းလဲသွားတာမရှိဘူး။ တစ်ချို့ပိုပြီးတော့တောင် ချွတ်ခြုံကျသွားတယ်။ တိုးတတ်လာတာကို မတွေ့ရဘူး။ ဒီနယ်မြေအတွက် ပိုပြီး တိုးတတ်ပြောင်းလဲလာခိုင်းစေချင်တာ ဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့က KSPP က အရမ်းအရေးကြီးတယ်လို့မြင်မိတာ ကြောင့် ရွေးကောက်ပွဲဝင်တယ်။ ကချင်ပြည်နယ်လုံးကတော့ ဝင်ပြိုင်ကြတယ်။ အဲဒီထဲမှာ အနည်းဆုံး တစ်ဝက်ရဲ့အထက်ရရင်တော့ ဒီငြိမ်းချမ်းရေးက အမြန်ဆုံးအင်အားရှိရှိနဲ့ လုပ်ဆောင်နိုင်မယ်။ အခုကျနော်တို့ ၃-၄ ယောက်ပဲနိုင်တော့ ကိုယ်နိုင်တဲ့အပေါ်တော့ ဝမ်းသာတယ်။ ဒါပေမဲ့ နိုင်ငံတော်အတွက်ဆိုရင် ပိုပြီးကောင်းမွန်တာတွေကို လုပ်ဆောင်မှုထက် အားနည်းလာမှာကိုတော့ စိုးရိမ်တယ်။ ဝမ်းသာတဲ့အပိုင်းလည်းရှိသလို့ ဝမ်းနည်းတဲ့အပိုင်းလည်း ရှိတယ်။

မေး။ ။ လွှတ်တော်ကိုရောက်ခဲ့ရင် ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားဖို့ စီစဉ်ထားလဲ။

ဖြေ။ ။ အစကတော့ ကျနော်တို့ အဖွဲ့အစည်းအလိုက်ပါဝင်နိုင်ရင် ကျနော်တို့ကိုယ်တိုင် စိတ်ပါဝင်စားစွာ အင်အားတောင့်တောင့်တင်းတင်းနဲ့ ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး စည်းလုံးမှုတွေကို လုပ်ဆောင်မယ်ဆိုပြီး ရည်ရွယ်ထားတာ။ ဒါပေမဲ့ အခုတော့ NLD ပဲ အားလုံးနိုင်သွားတော့ သူတို့စိတ်ကြိုက် လုပ်ဆောင်ဖို့ပဲ ဖြစ်သွားပြီ။ ဒါပေမယ့် ကျနော်တို့က သူတို့ကို တည့်မတ်ပေးဖို့ ၊ ဆွေးနွေးတိုင်ဖို့ကိုတော့ ဆက်လုပ်သွားမှာပါ။ ငြိမ်းချမ်းရေးမှာ ရော နိုင်ငံတိုးတတ်လာဖို့အတွက်ရော လုပ်ဆောင်နိုင်မယ်လို့တော့ ယုံထားတယ်။

မေး။ ။ PCG နဲ့ ဘယ်လိုရှေ့ဆက် လက်တွဲလုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ဆောင်မှုအပိုင်းကတော့ PCG ရှိနေသေးတယ်။ ကျနော့်စိတ်ကလည်း အရင်ကအတိုင်းပဲရှိနေသေးတယ်။ NLD အစိုးရက ချုပ်ကိုင်ထားမယ်ဆိုရင် ကျနော်တို့ကို အခွင့်အရေးပေးမလား၊ ငြိမ်းချမ်းရေးလုပ်ပြီး အမြစ်ပျက်တိုက်ထုတ်ဖို့လား။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကို သူတို့ လက်ခံဖို့ ရှိလား ၊ မရှိဘူးလားဆိုတဲ့အပေါ် မူတည်လာမှာဖြစ်တယ်။

မေး။ ။NLD အစိုးရရဲ့ ၅ နှစ်တာ ငြိမ်းချမ်းရေးလုပ်ဆောင်မှုအခြေအနေအကြောင်း သုံးသပ်ပေးပါ။

ဖြေ။ ။ သူတို့ ၂ ဖက်က အားနည်းချက် အားသာချက်ရှိကြတယ်။ ဒီ အားနည်းချက်လေးတွေကို ကျနော်တို့က ထောက်ပြပြီး ပြုပြင်လုပ်ဆောင်ဖို့ ဆွေးနွေးတိုင်ပင်နိုင်ရင် ကောင်းတဲ့ဖက်ရောက်နိုင်မလားပေါ့။

မေး။ ။ အခုမေးခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ။ ။ ကျနော်က ငြိမ်းချမ်းရေး အကျိုးဆောင်ကလာပြီး ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တယ်။ KSPP မှာပါဝင်တယ်။ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ မျှော်မှန်းတယ်။ ဒါကြောင့် မိမိတိုင်းပြည်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကိုယ်တတ်စွမ်းသလောက် သူတို့ကို တည့်မတ်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်။

ဒါပေမဲ့ ဖြစ်မယ်မဖြစ်ဘူးဆိုတာက အခု NLD အစိုးရရဲ့ လက်ထဲမှာပဲရှိနေသေးတဲ့အတွက်ကြောင့် သူတို့ရဲ့ စိတ်နေစိတ်ထား သူတို့ကပဲ ကျနော်တို့ တိုင်းရင်းသားတွေကို ဘာမှ တိုင်ပင်စရာမလိုဘူးဆိုတဲ့စိတ်နဲ့ဆိုရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။

တိုင်းရင်းသားတွေကိုလည်း ဆွေးနွေးတိုင်ပင်ရမယ်။ ဖွဲ့စည်းပုံဖြစ်မယ်ဆိုလည်း တိုင်းရင်းသားအရေးတွေကိုလည်း ပါဝင်ခိုင်းရမယ်။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ငြိမ်းချမ်းရေးဘက် ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်ခဲ့မယ်ဆိုရင် အောင်မြင်မှာဖြစ်တယ်။ ဒါမှမဟုတ်ရင်တော့ စစ်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်လာမှာကို စိုးရိမ်မိတယ်။

နောနော် (KNG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here