“NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးလမ်းကြောင်းကနေ သွားနေတယ်။ ရည်မှန်းချက်ချင်းကတော့ အတူတူပဲ။ ဒါတွေကို ဟန်ချက်ညီညီနဲ့ လက်တွဲပြီးသွားကြဖို့ လိုတယ်” ပဒိုမန်းငြိမ်းမောင်

0
259
CREATOR: gd-jpeg v1.0 (using IJG JPEG v80), quality = 82

ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်နှင့် အမေးအဖြေများ

၁၆ နိုဝင်ဘာ ၂၀၂၀

ပဒိုမန်းငြိမ်းမောင်ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့အတူ ဆယ်စုနှစ်များစွာ ပူးပေါင်းပါဝင်ကာ တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် KNU မှ နှုတ်ထွက်ကာ ကရင်ပြည့်သူပါတီ(KPP)သို့ ဝင်ရောက်ပြီး ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနှိမ့်ခဲ့ပါတယ်။ ရွေးကောက်ပွဲရှုံးနှိမ့်မှုနဲ့ ကရင်တိုင်းရင်းသားပါတီများ အနိုင်ရရှိမှု နည်းပါးခြင်းအပေါ် ပဒိုမန်းငြိမ်းမောင်ရဲ့ သုံးသပ်ပြောဆိုမှုများအား ယခုလိုတင်ပြအပ်ပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဧရာ၀တီတိုင်းဒေသကြီးအတွင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ကြတဲ့ ကရင်ပါတီတွေ ဘာဖြစ်လို့ရှုံးနိမ့်ရပါလဲ။

ဖြေ ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဧရာ၀တီတိုင်းမှာရှိတဲ့ ကရင်နိုင်ငံရေးပါတီတွေအနေနဲ့ အနိုင်မရခြင်းအကြောင်းကတော့ ဧရာ၀တီတိုင်းမှာရှိတဲ့ ကျနော်တို့ကရင်အမျိုးသားတွေဟာ နိုင်ငံရေးအသိအမြင် အင်မတန်နိုးကြားပြီးတော့ အင်မတန်ရှေ့ရောက်နေတယ်။ ကျနော်တို့ဧရာ၀တီတိုင်းက ကရင်အမျိုးသားတွေဟာ အမျိုးသားရေးစိတ်ဓာတ်အပေါ်မှာ အခြေမခံတော့ဘဲ ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုအသိ အဲဒါမျိုးနဲ့ သိပ်ပြီးအဆင့်မြင့်တဲ့အခါကျတော့ တိုင်းရင်းသားပါတီတွေ၊ ကိုယ့်ကရင်အမျိုးသားပါတီတွေအပေါ်မှာ သိပ်ပြီးတော့ သူတို့ စဉ်းစားချက်မရှိဘူး၊ ဒါကြောင့်မို့ ကျနော်တို့ကို မဲမပေးဘူးလေ။

သူတို့က သူတို့ရဲ့စဉ်းစားတွေးခေါ်မှုတွေက အင်မတန်မှ အဆင့်မြင့်ပြီး ရှေ့ရောက်နေတယ်။ ဥပမာ ကျနော်တို့ ရခိုင်အမျိုးသားတွေဆို သူတို့အမျိုးသားအပေါ်မှာ အခြေခံစဉ်းစားတဲ့အတွက် ရခိုင်အမျိုးသားပါတီတွေကို ဝိုင်းရံပြီး မဲပေးခဲ့တယ်။ ရခိုင်အမျိုးသားပါတီတွေ အပြတ်အသတ်အောင်ပွဲ ခံခဲ့တယ်။ အလားတူပဲ ချင်း၊ ကချင်၊ ရှမ်း၊ မွန်၊ ပအိုဝ်း၊ ကရင်နီတိုင်းရင်းသားအသီးသီးတွေဟာ သူတို့ဒေသတွေမှာ သူတို့တိုင်းရင်း သား တွေကို အမျိုးသားရေးစိတ်ဓာတ်နဲ့ဝိုင်းရံတဲ့အခါကျတော့ သူတို့အောင်ပွဲခံခဲ့ကြတယ်။ ကျနော်တို့ကရင်တွေအမြင်ကျတော့ အင်မတန် ခေတ်ရှေ့ပြေးပြီးတော့ ပြည်ထောင်စုအမြင်၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဝိုင်းရံပြီးတဲ့ အခါကျတော့ ကျနော်တို့ကို မဲမပေးဘူး။

မေး ။ ။ ကရင်အမျိုးသားတွေအနေနဲ့ ဘာဖြစ်လို့ ဒီလိုခံယူချက်၊ အမြင်တွေ ရှိလာရလဲဆိုတာ သုံးသပ်ပေးပါအုံး။

ဖြေ ။ ။ ဟာ…ဧရာ၀တီတိုင်းဆိုတာက အင်မတန်မှ ယဉ်ကျေးမှုမြင့်တယ်လေ။ ယဉ်ကျေးမှုမြင့်တော့ တွေးခေါ်မှုလည်း မြင့်တာပေါ့။ လူနေမှုအဆင့်အတန်းတွေကလည်း မြင့်၊ စဉ်းစားတွေးခေါ်မှုကလည်း မြင့်၊ နိုင်ငံတကာဆက်ဆံမှုလည်း ရှိ၊ အဲဒါကြောင့်မို့ သူတို့အတွေးတွေက အင်မတန်ခေတ်ရှေ့ပြေးပြီး အမျိုးသားရေးအပေါ်မှာ အခြေမခံတော့ဘူးလေ။ သူတို့က နိုင်ငံတော်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ဒီလိုအဆင့်အတန်းမြင့်မြင့်ပဲ စဉ်းစားတွေးခေါ်တော့တယ်လေ။

တကယ်တမ်းပြောရမယ်ဆိုရင်တော့ဗျာ၊ “ကျနော်တို့ကရင်လူမျိုးက အင်မတန်မှသွေးခွဲလို့ ကောင်းတဲ့ လူမျိုး၊ ရိုးသားခြင်းဂုဏ်ဆိုတာက ရိုးသားခြင်းရဲ့ ဟိုးတစ်ဖက်က ထုံအနုံဖျင်းခြင်းလေ” ကရင်ဟာ တပည့်မွေးလို့ ကောင်းတယ်၊ ကရင်ဟာ သွေးခွဲလို့ ကောင်းတယ်။ အင်္ဂလိပ်ခေတ်တုန်းကလည်း ကရင်ကို ကောင်းကောင်း မွေးခဲ့တယ်၊ အားပေးခဲ့တယ်။ သွေးခွဲခဲ့တယ်။ ဒါတွေက အထင်အရှားရှိခဲ့တယ်။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲပြီးတော့ ပြန်ဆင်ခြင်မိတာက ကျနော်တို့ကရင်တွေရဲ့ ရိုးသားမှု၊ ဖြူစင်မှုဟာ အသုံးချခံရတာ။ ကိုယ့်ကရင်တွေက တဖက်က မြင့်တာက မြင့်တာပဲ၊ နိမ့်တာက နိမ့်တာပါပဲ။ အဲဒီလိုဖြစ် နေတယ် ကိုယ့်ကရင်တွေက။

မေး ။ ။ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးမှုတွေမှာ ဧရာ၀တီတိုင်းဒေသကြီးက ကရင်ပါ တီတွေကို ကရင်အမျိုးသားတွေက တခဲနက်၀ိုင်းရံအားပေးခဲ့ကြတယ်။ ရလဒ်ကောင်းမယ်လို့လည်း အများက ထင်မြင် ယူဆခဲ့ကြတယ်။ ဒါပေမယ့် လက်တွေ့မှာ ကရင်ပါတီတွေ ရှုံးနိမ့်ခဲ့တယ်။ အဲဒါ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ အဲဒါကတော့ ဒီလိုရှိတယ်။ ၀န်းရံမှုကတော့ အများကြီးအားရကျေနပ်ဖို့ ကောင်းတယ်။ ကျနော်တို့ ကရင်လူငယ်တွေကလည်း အင်မတန်နိုးကြားတက်ကြွပြီး တော့ ကရင်နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲ၀င်ကိုယ်စားလှယ်တွေကို အများကြီး ထောက်ပံ့ပေးခဲ့ကြတယ်။ ဒါပေမယ့်လို့ ကျနော်တို့ စည်းရုံးရေးဆင်းပြီဆိုလို့ရှိရင် စည်းရုံးရေးဆင်းပြီးတာနဲ့ နောက်ကနေလိုက်ပြီးတော့ ကျနော်တို့ကို နိုင်ငံရေးအရ အဆင့်အတန်းမရှိတဲ့ ကောလာဟလတွေနဲ့ လိုက်လံတိုက်ခိုက်တယ်။ အဲဒါတွေကို ကျနော်သိလည်း သိတယ်။ ဒါတွေကိုလည်း မချေဖျက်နိုင်ခဲ့ဘူး။ ဘာတွေတိုက်ခိုက်လဲဆိုတော့ ဥပမာ ကျနော့်ကိုဆို ကျနော်နိုင်လို့ရှိရင် ကျနော်က စစ်တပ်နဲ့နီးစပ်တဲ့လူ၊ ကျနော်နိုင်ရင်ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ပေါင်းသွားမယ်၊ အဲဒါမျိုးတွေပေါ့။ နောက်တစ်ခါ ကျနော်စည်းရုံးလှုပ်ရှားမှုတွေကို ကြံ့ခိုင်ရေးက နောက်ကနေ ထောက်ပံ့ပေးတယ်စသည်ဖြင့် အဲဒါမျိုးတွေနဲ့ လူထုထဲမှာ လိုက်လံဖြန့်ချိတယ်။

ဒါကတော့ အကောင်အထည်နဲ့ သက်သေသက်ကာရနဲ့ ပြလို့မရပေမယ့် ဒါကတော့ ဖြစ်ခဲ့တာ အမှန်ပဲ။ နောက်တခါ ဘာတွေထပ်တွေ့ရလဲဆိုရင် ကျနော်ဟာ NLD က လွှတ်ထားတဲ့လူ၊ အဲဒါမျိုးပေါ့။ ဆိုတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံရေးသိက္ခာအရ လိုက်လံတိုက်ခိုက်တဲ့အခါကျတော့ ကျနော်တို့ကို ထောက်ခံတဲ့ ကိုယ့်အမျိုးသားပြည်သူ တွေက ဇေ၀ဇဝါဖြစ်ခဲ့တယ်။ ဒီလိုအဖြစ်အပျက်မျိုးက ကျနော်တို့ အတိုက်အခိုက် ခံရသလိုမျိုး ထူးဆန်းတာက မြန်မာပြည်ရဲ့ မြောက်ပိုင်း ဟိုး ကချင်ပြည်နယ်ကနေ တောင်ပိုင်းအထိ ကျနော်တို့တိုင်းရင်းသားတွေ စွပ်စွဲတိုက်ခိုက်ခံရတာက တစ်ပုံစံတည်း ဖြစ်နေတယ်။

မေး။ ။ ကိုယ်ကိုယ်တိုင် ပါ၀င်ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ ကျနော်ကတော့ ရွေးကောက်ပွဲအနေနဲ့ နိုင်ခြင်းရှုံးခြင်းကတော့ ရှုံးတယ်လို့ သတ်မှတ်ရင် ရှုံးတယ်။ ဒါပေမယ့် ကျနော်ကတော့ နိုင်တယ်။ ကျနော်ဘာဖြစ်လို့နိုင်လဲဆိုရင် အင်မတန်မှ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အောင်မြင်မှုတွေ ရခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်ကရင်လူငယ်တွေကို စုစည်းနိုင်ခဲ့တယ်။ ကရင် လူငယ်တွေ နိုးကြားလာတယ်။ နိုင်ငံရေးအသိတွေ၊ ကရင့်သမိုင်းဆိုင်ရာတွေ ကရင်အမျိုး သားရေးလှုပ်ရှားမှုဆိုင်ရာတွေ ဒါတွေကို ကျနော်အများကြီး အမွေပေးနိုင်ခဲ့တယ်။ ကျနော့်ကို ၀န်းရံတဲ့ ကရင်လူငယ် ရာနှင့်ချီ ရှိတယ်။ ပြီးတော့ ကျနော့်ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ တက်တက်ကြွကြွနဲ့ ၀န်းရံခဲ့တယ်။ ကျနော် အများကြီးလုပ်နိုင်ခဲ့တယ်လို့ ယုံကြည်တယ်။

မေး။ ။ ရွေးကောက်ပွဲပြီးသွားပြီဆိုပေမယ့် ရွေးကောက်ပွဲအလွန်ကာလတွေမှာရော ကိုယ့်ကရင်တွေအနေနဲ့ ဘာတွေပြင်ဆင်လုပ်ဆောင်သင့်တယ်လို့ အကြံပြုပြောချင်လဲ။

ဖြေ ။ ။ ပထမဆုံးကတော့ ကရင်နိုင်ငံရေးပါတီတွေပေါ့။ အခုမြစ်၀ကျွန်းပေါ်မှာ ကရင်ပါတီ ၂ ပါတီဖြစ်နေတယ်။ အဲဒီဟာကလည်း အဓိက အားနည်းချက်ဖြစ်တယ်။ ဒါတွေကို ပေါင်းစည်းနိုင်မှ ဖြစ်မယ်။ ပေါင်းစည်းနိုင်ဖို့ ကျနော် ၂၀၁၅ ကတည်းက အစဉ်တစိုက်ကြိုးပမ်းခဲ့တယ်။ မရရှိခဲ့ဘူး။ ဒါပေမယ့် ဒါကတော့ သူ့အမြင်၊ ကိုယ့်အမြင်၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ သဘောတရားရေး ဘာညာ စကားကြီး စကားကျယ်တွေ လျှောက်ပြောနေကြတာပေါ့ဗျာ။

ကျနော့်အမြင်ကတော့ ကျနော်တို့ အမျိုးသားမျက်နှာ ၊ အမျိုးသားအကျိုးစီးပွားကို ကြည့်မယ်ဆိုရင် ကျနော်တို့မပေါင်းနိုင်တာ အကြောင်းမရှိဘူးလို့ ကျနော်မြင်တယ်။ ဒါကြောင့် ကရင်အမျိုးသားကို ဦးဆောင်မယ်ဆိုတဲ့ ကရင်နိုင်ငံရေးပါတီတွေက စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ရင်တော့ ကရင်အမျိုးသားထု တစ်ရပ်လုံးကို ဦးဆောင်မှုပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး ဟာ ကရင်နိုင်ငံရေးပါတီတွေရဲ့ ပေါင်းစည်းရေးအပေါ်မှာ အများကြီး မူတည်တယ်။ ပေါင်းစည်းနိုင်မှသာလျှင် တစ်မျိုးသားလုံးကို ဦးဆောင်ခေါ်ဆောင်သွားနိုင်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။

ကရင်လူထုကိုကျတော့ သူတို့ယုံကြည်ရာ သူတို့လုပ်ပါစေပေါ့ဗျာ။ ကျနော်ပြောခဲ့သလိုပဲ စဉ်းစားတွေးခေါ်မှုမြင့်တော့ ကိုယ့်ကရင်အချင်းချင်း အထင်မကြီးဘူးပေါ့။ ပြောချင်တာက KNU မှာ ချမှတ်ထားတဲ့ လမ်းစဉ် ၄ ရပ်ထဲမှာ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်ဆိုတဲ့ဟာကိုပဲ ကိုးကားပြီး ပြောချင်ပါတယ်။ ကရင့်ကံကြမ္မာကို ဘယ်သူမှလာ မဖန်တီးပေးဘူး၊ ကရင်ကို ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး။ ကရင်ကို ကယ်မှာ ကရင်ပဲဖြစ်တယ်။ ကရင့်အရှင်သခင်ဟာ ကရင်ပဲ ဖြစ်တယ်။ ဟိုလူ့အထင်ကြီး ဒီလူ့အထင်ကြီးနဲ့ဆို ကရင်က ဒီဘ၀ ဒီဘ၀နဲ့ပဲ ပြီးသွားမယ်လို့ ကျနော်ပြောချင်တယ်။

မေး ။ ။ အဖူးကိုယ်တိုင် လက်နက်ကိုင်တော်လှန်ရေးကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တယ်။ အခု လွှတ်တော်တွင်း နိုင်ငံရေးလမ်းကြောင်းကနေလည်း ကိုယ်တိုင်ပါ၀င်လှုပ်ရှားတဲ့အနေနဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်အရွေးချယ် ခံခဲ့တယ်။ လက်တွေ့မှာ အဲဒီ ၂ ခု ဘယ်လိုသွားသင့်လဲဆိုတာ ပြောပေးပါ။

ဖြေ ။ ။ ကျနော်တို့ကရင်အမျိုးသားအပါအ၀င် တိုင်းရင်းသားတွေ ဒီကနေ့သွားနေတဲ့ လွှတ်တော်တွင်း လမ်းကြောင်းကတော့ တိုင်းရင်းသားအသီးသီးရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို လွှတ်တော်တွင်း နိုင်ငံရေးလမ်းကြောင်းကနေ သွားတယ်။ နောက်ပြီး NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လွှတ်တော်ပြင်ပ နိုင်ငံရေးလမ်းကြောင်းကနေ သွားနေတယ်။ ရည်မှန်းချက်ချင်းကတော့ အတူတူပဲ။ ဒါတွေကို ဟန်ချက်ညီညီနဲ့ လက်တွဲပြီးသွားကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ရွေးကောက်ပွဲလည်း ပြီးသွားပြီဆိုတော့ အဖူးအနေနဲ့ရှေ့ဆက်ပြီး ဘာတွေလုပ်ဆောင်သွားဖို့ရှိပါလဲ။

ဖြေ ။ ။ ကျနော်ကတော့ နိုင်ခြင်းရှုံးခြင်းကတော့ သင်္ကေတ တစ်ခုမျှသာဖြစ်တယ်။ မနိုင်လည်း ပြဿနာမရှိဘူး။ ကျနော်လုပ်နိုင်တာတွေ အများကြီးရှိသေးတယ်။ ကရင်လူငယ်တွေကို နှစ်ပေါင်း ၅၀ ကျော်လောက် ကျနော်ဖြတ်သန်းလာခဲ့တဲ့ တော်လှန်ရေးအတွေ့အကြုံတွေ အများကြီးအမွေပေးနိုင်ပါသေးတယ်။ ကရင်လူငယ်တွေကို ရှေ့ဆက်အများကြီး ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့အမျိုးသားရေးလမ်းကြောင်း ၊ အမျိုးသား အပေါ်မှာ ချစ်မြတ်နိုးတဲ့စိတ်၊ အမျိုးသားအပေါ်မှာ တာ၀န်ယူတဲ့စိတ် ၊ တာ၀န်ခံရဲတဲ့စိတ်၊ အနစ်နာခံရဲတဲ့စိတ် ဆင်းရဲပင်ပန်းစွာနဲ့ ကိုယ်ကျိုးစွန့်တဲ့စိတ်စတာတွေကို သူတို့နဲ့ထိတွေ့ပြီး ကျနော် လက်ဆင့်ကမ်း အမွေပေးသွားမှာပါ။

မေး ။ ။ နောက်ဆုံးအနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ဒီရွေးကောက်ပွဲကတော့ ရွေးကောက်ပွဲမပြီးခင်တုန်းကမို့ ကျနော်ကပြဿနာတက်မှာ စိုးလို့ မပြောတာ။ ဒီရွေးကောက်ပွဲလောက် သိက္ခာမရှိတဲ့ရွေးကောက်ပွဲကတော့ ကျနော်ကလည်း ပထမဆုံး၀င်လာခြင်းဆိုတော့ ဒါဂုဏ်သိက္ခာမရှိတဲ့ရွေးကောက်ပွဲလေ။ ဂုဏ်သိက္ခာမရှိတဲ့ကော်မရှင်ပဲလေ။ ကော်မရှင်က ဘယ်သူစကားမှ နားမထောင်ဘူး။ နိုင်ငံရေးပါတီအသီးသီးက အကြံပြုခဲ့တယ်။ လူမှုအသင်းအဖွဲ့တွေက အကြံပြုခဲ့တယ်။ ဒါတွေကို နားမထောင်ဘူး။ နောက်ပြီးတော့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်းတွေ ပညာရှင်တွေရဲ့ စကားကိုဘာမှနားမထောင်ဘူးဆိုတော့ ဒီကော်မရှင်က ဂုဏ်သိက္ခာမရှိတဲ့ ကော်မရှင်လို့ပဲ ပြောချင်တယ်။

ကော်မရှင်ဆိုတာက အလယ်ကနေ သမာသမတ်နဲ့ဂုဏ်သိက္ခာရှိရှိနဲ့ တရားမျှတတဲ့ရွေးကောက်ပွဲ တစ်ခုကို ကျင်းပနိုင်ဖို့ ဦးဆောင်တယ်။ ဒါမှသာလျှင် တကယ့် စစ်မှန်တဲ့ ခေါင်းဆောင်တွေ သမာသမတ်ကျတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာမှာဖြစ်တယ်။ တိုင်းပြည်အပေါ် ပြည်သူအပေါ်မှာ တကယ်ကိုတာ၀န်ခံတဲ့ ခေါင်းဆောင်တွေကို ကျနော်တို့ရရှိမှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကော်မရှင် မျိုးနဲ့သာဆိုရင်တော့ ဒီတိုင်းပြည်ကြီးက စကားကြီးစကားကျယ်ပြောတဲ့ အဆင့်ပဲရှိမယ်။ ဘယ်မှ ရောက်မှာ မဟုတ်ဘူး။

စအိုင်ဆူး(KIC)-ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here