29 March 2024 /

See today's Peace Related News

“CNLD စုစည်းတာ တနှစ်ခန့်ပဲရှိသေးတော့ ပါတီ အင်အားတည်ဆောက်မှု၊ ပါတီ ခိုင်မာမှု မရှိသေးဘူး။ ဒီတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအားနည်းခဲ့တယ်။ မဲဆန္ဒရှင်တွေနဲ့ အမြဲမပြတ် ထိတွေ့ ဆက်ဆံဖို့ ချင်းပြည်နယ်မှာ အခြေစိုက်သင့်တယ်” ဆလိုင်းထက်နီ (CNF) ပြောရေးဆိုခွင့်ရ)

ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် မေးမြန်းချက်

၁၇ နို၀င်ဘာ ၂၀၂၀

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီဟာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ တုန်းကလိုပဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့မဲစာရင်းရလဒ်ထုတ်ပြန်ကြေညာချက်အရ NLD ပါတီဟာ အမျိူးသားနဲ့ပြည်သူ့လွှတ်တော်နှစ်ရပ် (ပြည်ထောင်စုလွှတ်တော်)မှာ အစိုးရဖွဲ့စည်းနိုင်တဲ့ မဲအရေအတွက်ထက်ကျော်လွန်ပြီး မဲဆန္ဒနယ် ၃၉၆ နေရာမှာအနိုင်ရှိခဲ့ ပါတယ်။ ဒါကြောင့် NLD ပါတီဟာ နောက် ၅ နှစ်တာသက်တမ်းအတွက် လွတ်လွတ်ကျွတ်ကျွတ်နဲ့ အစိုးရဖွဲ့ခွင့်ရရှိ သွားပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး သဘောထားအမြင်ဘယ်လိုရှိပါသလဲ။ ရှေ့တိုးလို့မရဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး အသစ်တက်လာမယ့် အစိုးရအပေါ်မှာ ဘာတွေမျှော်လင့်လို့ရပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီး ချင်းအမျိူးသားတပ်ဦး(CNF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ၂၀၂၀ ‌ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး CNF ရဲ့သဘောထားအမြင်သိချင်ပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်ရဲ့ မဲရလဒ်အပေါ် ဘယ်လိုသုံးသပ်ချင်ပါလဲ။

ဖြေ။ ။ ချင်းပြည်နယ် ရွေးကောက်ပွဲ ရလဒ်အပေါ် CNF အနေနဲ့ သဘောထားအမြင် တရား၀င် သုံးသပ်တာမျိုးတော့ မရှိ ပါဘူး၊ ဒါပေမဲ့ ပြောလို့ရတာက ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ (၁၁) ခု ၀င်ပြိုင်ကြပြီး ဒီ ထဲမှာမှ ပြည်မပါတီ NLD နဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD က ရှေ့အပြေးဆုံး ပါတီတွေပေါ့၊ အဲဒီမှာ NLD က အပြတ်အသတ်နိုင်သွားတယ်၊ အနိုင်ရသွားတဲ့အကြောင်းရင်း တချို့ကို ပြောမယ်ဆိုယင် – NLD ဟာလက်ရှိမှာ Ruling (အစိုးရအဖွဲ့) ပါတီဖြစ်နေတော့ ငွေအား လူအားက အစ အဖက်ဖက်မှာ အခြားပါတီတွေထက် ပြင်ဆင်မှု အားကောင်း တယ်၊ နောက်ပြီး ၂၀၂၁ မတ်လ မှာ အစိုးရ သက်တမ်း ကုန်မယ်ဆိုတော့ ဆင်းရဲတဲ့ ချင်း ဒေသခံ ပြည်သူတွေ ကလည်း လက်ရှိ အစိုးရ NLD ရဲ့ လက်ကျန် သက်တမ်းအပေါ် မျှော်လင့်စရာတွေ ရှိနေသေးတယ်၊ ဥပမာ – အခု Tender တွေ ခေါ်နေတာ မျိုးပေါ့။ အစိုးရ ဆိုတော့ မဲဆွယ်ကာလမှာ ပြည်သူလူထုထံ ကတိပေးတာတွေလည်း ရှိ နေနိုင်တယ်ပေါ့။

မေး။ ။ ဒီနှစ်ရွေးကောက်ပွဲဟာ ချင်းပါတီ (CNLD) အားကောင်းလာနိုင်တယ် အနည်းဆုံးမဲဆန္ဒနယ်မြေထက်၀က် လောက် ရနိုင်တယ်ဆိုပြီး ကြိုတင်သုံးသပ်တာမျိူးရှိတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အပြတ်အသတ်ရှုံးသွားတယ် ဒီအပေါ်မှာ ဘယ်လိုများသုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ NLD ရဲ့ အဓိက ပြိုင်ဖက် CNLD ရဲ့ အားနည်းချက်ကျတော့ ချင်းပါတီသုံးခု ပေါင်းစည်းပြီး CNLD စုစည်းတာ တနှစ်ခန့်ပဲရှိသေးတော့ ပါတီ အင်အားတည်ဆောက်မှု၊ ပါတီ ခိုင်မာမှု မရှိသေးဘူး။ ဒီတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအားနည်းခဲ့တယ်။ မဲဆန္ဒရှင်တွေနဲ့ အမြဲမပြတ် ထိတွေ့ ဆက်ဆံဖို့ ချင်းပြည်နယ်မှာ အခြေစိုက်သင့်တယ်။ တဖက်မှာ ချင်းပြည်သူတွေကလည်း ပြည်မပါတီကို အထင်ကြီးပြီး ကိုယ့်အမျိုးသားပါတီကို ယုံကြည်အားကိုးမှုမရှိနိုင်တာလည်း ပါတာပေါ့။

မေး။ ။၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ၂၀၁၅ ခုနှစ်တုန်းကလိုပဲ NLD ပါတီက အစိုးရပြန်လည်ဖွဲ့စည်းခွင့်ရရှိသွားပါပြီ ဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပါတ်သက်ပြီး ဘာတွေမျှော်လင့်လို့ရမလဲ။

ဖြေ။ ။ ယခင်သက်တမ်းတုန်းကလို ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပြဿနာ၊ အစိုးရက ကြားထဲက ဖြန်ဖြေသူ ဆိုတာမျိုး Active Role မယူတာမျိုးဖြစ်နေပြန်ရင် ထူးထူးထွေထွေ မမျှော်လင့်ပါဘူး၊ သို့သော် ထိုသို့ ဖြစ်မလာအောင် နောက်ဆုံး ပြုလုပ်တဲ့ စတုတ္တအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအေ၀းကနေ အသစ်တက်လာမည့် အစိုးရအနေနဲ့ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းတွေကို ချမှတ်ပေးထားပါတယ်။ အဲဒီ လုပ်ငန်းစဉ်ကို ဘယ်လောက် အကောင် အထည်ဖော်နိုင်မလဲ ဆိုတာအပေါ်မှာပဲ မူတည်မယ်။

မေး။ ။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်က NLD အစိုးရလက်ထက်မှာ ပိုနှောင့်နှေးသွားတယ်ဆိုပြီး ပူးထက်အနေနဲ့ အရင်တစ်ခေါက် အင်တာဗျူးမှာ ဖြေထားတာရှိပါတယ်။ ဒီတစ်ခေါက်မှာကော် ငြိမ်းချမ်းရေးဖြစ်စဉ်က ထူးခြား မှုရှိလာနိုင်ပါ့မလား။

ဖြေ။ ။ ယခင်အစိုးရ တုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးတယ်ဆိုတာ အားလုံးအသိပါ။ အဲဒါ အစိုးရအနေနဲ့ NCA ဖြစ်စဉ်၊ လုပ်ငန်းစဉ်အပေါ် အလေးပေးမှု အားနည်းခဲ့လို့ပဲ၊ အစိုးရအနေနဲ့ NCA ဟာ တပ်မတော်နဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပြသာနာလို့ မြင်ခဲ့ကြတာလည်း ပါတယ်၊ ဒါပေမဲ့ (၄) နှစ်တာ လွှတ်တော် သက်တမ်း တခုကို ကျော်ဖြတ် ခဲ့ကြပြီဆိုတော့ ယခု အစိုးရသစ် သက်တမ်းမှာဆို ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီးသားဖြစ်နေတော့ ယခင်ထက် အရွှေ့ပို ရှိလာလိမ့်မယ်လို့ မျှော်လင့်ကြည့် ချင်သေးတယ်။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်တိုးနိုင်ဖို့ အသစ်တက်လာမယ့် အစိုးရကို ဘာများအကြံပြုချင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်တိုးနိုင်ဖို့ဆိုရင် အသစ်တက်လာမည့် အစိုးရ အနေနဲ့ NCA လမ်းကြောင်းဟာ ရေရှည် တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ထွက်ပေါက် တခုဖြစ်သလို ကျတော်တို့ တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်း (၇၀) ကျော်ကြာ လက်နက်ကိုင်တောင်းဆိုလာတဲ့ နိုင်ငံရေး ဆန္ဒကို သိပြီးလည်း ဖြစ်တယ်၊ ဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ ဆက်တိုးဖို့ဆိုတာ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ နောက်ပြီး လုပ်ငန်းဖော်ဆောင်တဲ့ နေရာမှာ အဓိက ပါ၀င်တဲ့ Peace Architecture လို့ခေါ်မလား၊ အဲဒီ လုပ်ငန်းအဖွဲ့တွေကို ပြန်လည်သုံးသပ်စေချင်တယ်။ ပြင်သင့်တာတွေ ပြင်ဆင် ဖွဲ့စည်းပြီး Pro Active နဲ့ ထဲထဲ၀င်၀င် ပါ၀င်စေချင်တယ်။

ခိုနူမ်းသုန် မှ ပေးပို့သည်။